ခြေသည်း၊ လက်သည်းများသည် (က) ချောမွေ့ခြင်း (ခ) ညီညာစွာ ကွေးညွတ်ခြင်းနှင့် (ဂ) တောင့်တင်းမာကျောခြင်း တို့ ရှိရမည်ဖြစ်ပါသည်။ သို့မှသာ ကျန်းမာသော ခြေသည်း၊ လက်သည်းများဟု ဆိုနိုင်မည်ဖြစ်သည်။
ထူလွန်းသော ခြေသည်း၊ လက်သည်းများ
ထူလွန်းသော ခြေသည်း၊ လက်သည်းများ Thickened Nails သည် သွေးလှည့်ဆိုင်ရာ ပြဿနာများနှင့် ဆက်နွယ်မှုရှိသည်။ သွေးလွှတ်ကြောများအတွင်း အဆီခဲပိတ်ဆို့မှု Altherosclersis သို့မဟုတ် ဒဏ်ရာရမှု တို့ကြောင့် ဖြစ်နိုင်သည်။
ပြားသော ခြေသည်း၊ လက်သည်းများ
လက်သည်း၊ ခြေသည်းများ ပြားနေခြင်းကို Ra-ynaud disease ရေနောရောဂါတွင် တွေ့ရတတ် ပါသည်။ လက်သည်းများ ဇွန်းသဏ္ဍာန် ခွက်နေ၊ ချိုင့်နေလျှင် အာဟာရချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါသည်။ သံဓာတ်ချို့တဲ့လျှင် လက်သည်းများ ဇွန်းသဏ္ဍာန် ချိုင့်ခွက်နေတတ်သည်။
လက်သည်း၊ ခြေသည်းများ ကြွတက်နေခြင်း
အသက်ရှုလမ်းကြောင်း ရောဂါများ၊ ဆိုရီအေးစစ် Psoriasis ခေါ် အရေပြားရောဂါ၊ လက်သည်း၊ ခြေသည်းအခြေ၌ ရောဂါပိုးမွှားများ ဝင်ရောက်ခံရခြင်း စသည်တို့ကြောင့် လက်သည်း၊ ခြေသည်းများ ကြွတက် နေတတ်သည်။
တင်းပုတ်သဏ္ဍာန် လက်သည်းများ
အဆုတ်၌ ရောဂါပိုးများ ဝင်ရောက်ခံရခြင်း၊ အဆုတ်ကင်ဆာရောဂါနှင့် မွေးရာပါနှလုံးရောဂါများတွင် လက်ချောင်းလေးများ၏ ထိပ်၌ တင်းပုတ်သဏ္ဍာန် ဖြစ်နေတတ်ပါသည်။
အစင်းအခုံးများ
အအေးပတ်ခြင်း (အအေးမိခြင်း) ကဲ့သို့ ရောဂါပိုးမွှားများ စွဲကပ်ခံရချိန်တွင် လက်သည်း၊ ခြေသည်းတို့၌ အစင်းအခုံများ တွေ့ရနိုင်သည်။
ကွေးကောက်၍ ထူသော ခြေသည်းများ
အသက်အရွယ်ကြီးသူများနှင့် ရှူးဖိနပ်စီးသူများတွင် ခြေသည်း ကွေးကောက်၍ ထူနေလေ့ရှိပါသည်။