အရေပြားနေလောင်ခြင်းဆိုသည်မှာ နေရောင်ခြည်တွင်ရှိသော ခရမ်းလွန်ရောင်ခြည်များနှင့် လွန်လွန်ကဲကဲ ထိတွေ့မှုကြောင့် အရေပြားပေါ်တွင် နီရဲလာခြင်း တစ်ခါတစ်ရံ ရောင်ရမ်း၍ နာကျင်မှုများဖြစ်ပေါ်လာခြင်းကို ဆိုလိုပါသည်။
ထိုသို့နေလောင်သည့်အခါ အရေပြားအမျိုးအစားများနှင့် ထိတွေ့သည့် နေရောင်ခြည်ပမာဏ၊ ထိတွေ့သည့်ကြာချိန်၊ လေထုထဲတွင် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်းတို့အပေါ်မူတည်၍ အပျော့စားအခြေအနေမှ ပြင်းပြင်းထန်ထန်အခြေအနေအထိ ဖြစ်ပွားနိုင်ခြေရှိပါသည်။
ထို့အပြင် ခရမ်းလွန်ရောင်ခြည် ယိုင်ညွှန်းကိန်းသည်လည်း နေရာဒေသတစ်ခုနှင့်တစ်ခု မတူညီနိုင်ပေ။ ယေဘုယျ အားဖြင့် ဒေသတစ်ခုသည် အီကွေတာနှင့် နီးလေလေ ခရမ်းလွန်ရောင်ခြည် ပြင်းအားများလေလေဖြစ်ပါသည်။ လက်တီကျု ပမာဏများလေလေ ခရမ်းလွန်ရောင်ခြည် ပြင်းအားနည်းလေလေဖြစ်ပါသည်။
ထို့အပြင် နေ့တစ်နေ့တာတွင်လည်း နေ့လည်ခင်းအချိန်သည် ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှု အများဆုံးအချိန် ဖြစ်ပါသည်။
နေလောင်ခြင်းကို ကုသခြင်း
နေလောင်ခြင်းသည် အရေပြားအား အမြဲထာဝရ ပျက်စီးခြင်းနှင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြင်း အလားအလာကို တိုးတက်စေသည့်အတွက် နေလောင်ခြင်းကို တတ်နိုင်သ၍ မြန်မြန် စတင်ကုသရန် လိုအပ်ပါသည်။
အောက်ပါနည်းလမ်းများသည် နေလောင်ဒဏ်များကို သက်သာစေနိုင်သည့် နည်းလမ်းများ ဖြစ်ပါသည်။ ထိုသို့သက်သာစေသည့် နည်းလမ်းများရှိသော်လည်း နေရောင်ခြည်ကို တတ်နိုင်သမျှရှောင်ရှားပြီး နေလောင်ဒဏ်မခံရစေရန် ကာကွယ်ခြင်းကို ဦးစားပေးလုပ်ဆောင်သင့်ပါသည်။
၁။ နာကျင်မှုကို သက်သာစေခြင်း
ဆရာဝန် ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် အကိုက်အခဲပျောက်ဆေးများသည် နာကျင်မှုကိုသက်သာစေရန်နှင့် ရောင်ရမ်းမှုကိုလျော့ပါးစေရန်ကူညီပေးနိုင်ပါသည်။ အချို့သော အကိုက်အခဲပျောက်ဆေးများကို အရေပြားပေါ်တွင်လိမ်းသည့် အဆီခရင်မ် လိမ်းဆေးများအနေနှင့် တွေ့ရှိရပါသည်။
၂။ Hydrocortisone ခရင်မ်
Hydrocortisone ခရင်မ်သည် ရောင်ရမ်းခြင်းနှင့် ယားယံခြင်းကို သက်သာစေနိုင်ပါသည်။
၃။ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း
အရေပြားအား ရေဓာတ်ပြန်လည်ဖြည့်တင်းပေးရန် ရေများစွာသောက်ရန်လိုအပ်ပါသည်။
၄။ အရေကြည်ဖုများ
အရေကြည်ဖုများအား မဖောက်ဘဲ သူ့အလိုလို ပေါက်သည့်အချိန်အထိ စောင့်ဆိုင်းပါ။ ပေါက်သွားသည့်အခါလည်း ဆပ်ပြာ အပျော့စားနှင့် ရေတို့ဖြင့် သန့်စင်ပေးပါ။
၅။ အရေခွံလန်ခြင်း
အရေခွံများလန်ပါက မခွါပါနှင့်။ ရေဓာတ်ဖြည့်တင်းသည့် moisturizer များကိုသာ ဆက်လက်လိမ်းပေးပါ။
၆။ အရေပြားကို အေးမြစေခြင်း
အရေပြားကို အေးမြနေစေရန် စွတ်စိုနေသော အဝတ်သို့မဟုတ် မျက်နှာသုတ်ပုဝါဖြင့် အရေပြားကို အုပ်ထားပေးပါ။ သို့မဟုတ် ရေအေးအေးဖြင့် ရေချိုးပါ။
၇။ ထောပတ်ကို မသုံးပါနှင့်
ထောပတ်သည် အနာကျက်ခြင်းကို မြန်ဆန်စေ၍ အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သည်ဆိုသည်မှာ မှားယွင်းသည့် နည်းလမ်းတစ်ခုသာဖြစ်ပါသည်။ ထို့ကြောင့် အရေပြားနေလောင်ခြင်းများအတွက် ထောပတ်ကို အသုံးမပြုသင့်ပေ။
၈။ ရေဓာတ်ဖြည့်တင်းဂျယ်လ်များလိမ်းပါ။
ရှားစောင်းလက်ပပ် ဂျယ်လ်ကဲ့သို့ အရေပြားကိုရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ဂျယ်လ်များကို လိမ်းပါ။
၉။ နေရောင်ခြည်မှရှောင်ရှားပါ။
ခရမ်းလွန်ရောင်ခြည်များနှင့် ထပ်မံထိတွေ့၍ နေလောင်ခြင်းဒဏ်ရာများ ပိုမိုမဆိုးရွားလာစေရန် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါသည်။
နေလောင်ခြင်းမှကာကွယ်ခြင်း
နေလောင်ခြင်းကို ကာကွယ်ရန် နည်းလမ်းများစွာရှိပါသည်။
အကောင်းဆုံးနည်းလမ်းတစ်ခုမှာ နေရောင်နှင့်ထိတွေ့ခြင်းများကို လျှော့ဖချခြင်းဖြစ်ပါသည်။
ထို့ကြောင့်
- အရိပ်ရသည့်နေရာများတွင်သာ တတ်နိုင်သမျှနေထိုင်ပါ။
- အကာအကွယ် ကောင်းစွာပေးနိုင်သည့် ဦးထုပ်များကို အသုံးပြုပါ။
- ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်များကို ဝတ်ဆင်ပါ။
- ပူပြင်း၍ နေရောင်ခြည်ပြင်းထန်သည့် အချိန်မျိုးတွင် အပြင်သို့ထွက်ခြင်းကို ရှောင်ရှားပါ။
- အပြင်ထွက်သည့်အခါတိုင်း နေရောင်ကာ ခရင်မ်များကို လိမ်းပါ။
ဤနည်းလမ်းများဖြင့် နေလောင်ဒဏ်ကို တတ်နိုင်သလောက် ကာကွယ်သင့်ပါသည်။