နေလောင်ဒဏ်
ရုံးပိတ်ရက် ရောက်တော့မည်ဖြစ်သောကြောင့် ခင်ခင်နိုင်တို့ သူငယ်ချင်းတစ်စု ခရီးတစ်ခုထွက်ရန်စီစဉ်နေကြပြီ။ ငယ်သူငယ်ချင်းများ တစ်နှစ်တစ်ခါ ခရီးထွက်နေကျမို့ ဒီနှစ်အတွက်လည်း ခေါင်းချင်းဆိုင်ကြရပြန်ပြီ။
တက္ကသိုလ်ကျောင်းသူဘဝကတည်းကတွဲလာကြသော သူငယ်ချင်းများဖြစ်သောကြောင့် စိတ်တူ ကိုယ်တူနှင့် ခင်မင်ရင်းနှီးကြသည်။ ဒီလိုမျိုး ကျောင်းပိတ်ရက်ရှည်မျိုးတွင်သာ ခရီးအတူထွက်နိုင်ကြခြင်းဖြစ်သည်။ အခုလည်း ရုံးပိတ်ရက်တွင်း ခရီးသွားရန် စံပယ်အိမ်တွင် တိုင်ပင်နေပြီ။
“မနှစ်က တောင်ကြီး အင်းလေးရောက်ပြီသွားပြီ။ ဟိုတစ်နှစ်က ငွေဆောင် ကမ်းခြေရောက်ပြီးပြီ။ ဟိုးတစ်နှစ်က ပြင်ဦးလွင်ရောက်ပြီးသွားပြီ။ ကဲ ဒီနှစ်တော့ ပုဂံ သွားကြမလား။ မန္တလေး စစ်ကိုင်းသွားကြမလား”လှနုက စကားဝိုင်းကို စလိုက်သည်။
“ပုဂံတို့ မန္တလေး စစ်ကိုင်းတို့ က ဒီအချိန်ကြီးသွားရင် ပူမယ်ထင်တယ် “ခင်ခင်နိုင်တစ်ယောက် သူ့အမြင်ကို ဝင်ပြောလိုက်သည်။
” ဒါဆိုငါတို့ ဘယ်ကို ခရီးထွက်ကြမလဲ ” လှနုတစ်ယောက် ခင်ခင်နိုင်ကို ပြန်မေးလိုက်သည်။
“ကျိုက်ထီးရိုးတော့ ခဏခဏ ရောက်နေတာ မသွားဘူးနော် ” ကြည်ပြာဝင်ပြောလိုက်သည်။
“beach ပဲ ပြန်သွားကြမလား ” စံပယ်က အကြံဉာဏ်ဝင်ပေးသည်။
“Beach တော့မသွားချင်ပါဘူးဟာ။ ပုဂံပဲ သွားကြတာပေါ့။ ကြည်ပြာတစ်ယောက် လှနုအဆိုကို ထောက်ခံလိုက်သည်။
“နေတွေအရမ်းပူနေမလား “ခင်ခင်နိုင်တစ်ယောက် နောက်တစ်ကြိမ် အသနားခံလိုက်သည်။
“နွေရာသီနေပူတာ အစမ်းလား မိခင်ရယ်။ ငါတို့ ၄ ယောက် စုံဖို့က ဒီအချိန်ပဲ အားတာလေ။ တစ်နှစ်ပတ်လုံး ဘယ်အချိန်ငါတို့အားလဲ။ ဒီအချိန်ပဲ ခရီးထွက်ရတာကိုး နေပူတယ်။ အိုက်တယ် လာလုပ်နေတယ်။ “လှနုက ပြောတော့ ခင်ခင်နိုင်တစ်ယောက် လှနုကို မျက်စောင်းထိုးလိုက်သည်။
“ငါတို့လည်း ပုဂံကိုရောက်ဖူးတာမဟုတ်ဘူး။ ပုဂံပဲ သွားကြတာပေါ့ “စံပယ်က သူငယ်ချင်းနှစ်ယောက် တင်းမာနေသည်ကို ဝင်ထိန်းလိုက်သည်။
“မိခင်လည်း နေပူတယ်ဆိုရင် ထီးစောင်း ဦးထုပ်စောင်းပေါ့။ နေကာမျက်မှန်လည်းတက်လို့ရပါတယ်။ မနက်စောစော ထပြီး ဘုရားတွေ ဖူး။ နေ့လည်ဆိုရင် ခဏပြန်နားပြီး ညဖက်မှ ဘုရားတွေ လျောက်ဖူးကြတာပေါ့။ “စံပယ်က အသေးစိတ်ရှင်းပြနေသည်။ ဒီလိုမှ ဝင်မထိန်းလျှင် မိခင်တို့က စိတ်ကောက်တော့မည်။
“စံပယ်ပေးတဲ့ အကြံဉာဏ်ကောင်းတယ်။ ငါတို့ ပုဂံပဲ သွားကြတာပေါ့ “ကြည်ပြာတစ်ယောက် စံပယ်ကို ထောက်ခံလိုက်သည်။ လှနုက အဆိုတင်သွင်းထားသည့်သူဆိုတော့ ခေါင်းလေးပဲ ငြိမ့်လိုက်သည်။ ခင်ခင်နိုင်တစ်ယောက် အများနှင့်တစ်ယောက်မို့လို့ မငြင်းသာတော့ပဲ ပုဂံခရီးသွားရန် သဘောတူလိုက်သည်။
စိတ်ထဲတွင်တော့ အပူချိန်မြင့်၍ ခရမ်းလွန် ရောင်ခြည်များ များပြားနေမည်ကို တွေးရင်း လန့်နေမိသည်။ ခရီးသွားမည်ဟု ဆုံးဖြတ်ပြီးကတည်း က ခင်ခင်နိုင်တစ်ယောက် ပြင်ဆင်နေရပြီ။ ကြည်ပြာကို အဖော်ခေါ်၍ ဈေးပတ်ရသည်။ ပုဂံတွင် စောင်းရန် အတွက် ဦးထုပ်ကြီးကြီး တစ်ခု ဝယ်လိုက်သည်။
“နင့်ဦးထုပ်ကလည်း ကြီးလိုက်တာမိခင်ရယ်။ စကောလောက်ရှိနေပြီ။ ငါ့လို သေးသေးကွေးကွေးလေးဝယ်ပါလား” အတူလိုက်လာသော ကြည်ပြာက အကြံဉာဏ်ပေးသည်။
“နင့်ဦးထုပ်သေးသေးလေးနဲ့ ဘယ်လိုလုပ် နေရောင်ကို ကာကွယ်နိုင်မှာလဲ။ မျက်နှာတစ်ခုလုံးနေရောင်ကာကွယ်ဖို့ဆိုရင် ဦးထုပ်ကြီးကြီးမှ ရမယ် သူငယ်ချင်း။”
” ကြိုက်တာ ဝယ်ပါရှင်”ကြည်ပြာ က မနိုင်မှန်းသိ၍ လွတ်ထားလိုက်သည်။ အကျီတွေ ဝယ်တော့လည်း ကြည်ပြာက ချည်သားအင်္ကျီလက်ပြတ်လေးတွေ ဝယ်သည်။ ခင်ခင်နိုင်တစ်ယောက် ချည်သားအကျီ ၤ လက်ရှည်တွေ ဝယ်နေပြန်သည်။
” နင့်ဟာက ပူတယ်လည်း ပြောသေးတယ်။ အင်္ကျီတွေက လက်ရှည်တွေ။ လက်ပြတ်လေး လက်တိုလေး ဝတ်ပါတော့လား”ကြည်ပြာတစ်ယောက် နောက်တစ်ကြိမ် အကြံဉာဏ်ပေးမိသည်။
“ဟဲ့နေပူထဲသွားမဲ့ကိစ္စကို အင်္ကျီလက်ပြတ်နဲ့သွားလို့ ဘယ်ဖြစ်မှာလဲ။ ချည်သား လက်ရှည်လေးမှ နေရောင်ကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ ချွေးထွက်တော့လည်း ချည်သားဆိုတော့ အေးတာပေါ့ဟယ်”ကြည်ပြာတစ်ယောက် ခင်ခင်နိုင်ကို လက်ခါလိုက်သည်။
သူငယ်ချင်းမို့လို့လည်း ဘာမှ မပြောပဲ ဒီအတိုင်းလက်ပိုက်ကြည့်နေလိုက်သည်။နောက်တစ်ဆိုင်တွင် ဝင်ဝယ်နေသည်က SPF ပါသော body lotion နှင့် sun care cream တို့ထပ်ဝယ်သည်။
“အိမ်မှာရှိတဲ့ဟာတွေကုန်တော့မယ်။ ကြိုဝယ်ထားရမယ်။ “ကြည်ပြာတစ်ယောက် မိခင် ဆီက နေ ကပ်သုံးမည်ဟု တွေးနေမိသည်။နောက်နေ့တွင်တော့ သူတို့တွေ ပုဂံရှေးဟောင်းယဉ်ကျေးမှုနေမြေသို့ရောက်ရှိလာပြီ။
အိုက်စပ်စပ်ရာသီဥတုကား ဆီးကြိုနေပြီ။ စက်ဘီးလေးတွေ တစ်ယောက်တစ်စီး စီးကြရင်း ဘုရားများသို့ လျှောက်ဖူးကြရန် တိုင်ပင်ထားကြသည်။ ခင်ခင်နိုင်တစ်ယောက် မနက်စောစောထကာ သူငယ်ချင်းများအား နှိုးလေ့ရှိသည်။
နေပူသွားရင် ဘုရားဖူးရတာ မကောင်းဘူးဆိုကာ မနက်စောစောထ၍ ဘုရားများ စတင်ဖူးကြသည်။ နေ့လည် ထမင်းစားချိန်တွင် hotel တွင် ခဏနားကာ ညနေစောင်းမှ နောက်တစ်ကြိမ်ထွက်လည်ကြသည်။
ခင်ခင်နိုင်တစ်ယောက် body lotion တွေ sun cream တွေ ခဏခဏ ထုတ်လိမ်းနေသည်။ ကြည်ပြာလည်း ခင်ခင်နိုင်ဆီမှ တစ်ခါတစ်ခါ ယူလိမ်းလိုက်သည်။ တစ်နေကုန် ဘာမှ ထပ်မလိမ်းတော့။
လှနုနှင့် စံပယ်တို့ကတော့ ရှင်းသည်။ မျက်နှာကို သနပ်ခါးပါးပါးလေးများလိမ်းထားကြသည်။ အောက်ခံ sun cream တွေလည်းမလိမ်းနေကြ။ ခင်ခင်နိုင်က သူဝယ်လာသော sun cream များလိမ်းလို့ရသည်ဟု ဆိုကာ သူငယ်ချင်းများအားထုတ်ပေးသည်။ လှနုနှင့် စံပယ်က မလိမ်း။
ခင်ခင်နိုင်ကတော့နေပူထဲ ထွက်ခါနီးဆိုလျှင် sun cream လေး ထုတ်ကာလိမ်းတတ်သည်။ အားလုံးက သူ့စိတ်တိုင်းကျနေပါစေလို့သာ လွတ်ထားလိုက်သည်။ ဘာမှတော့မပြော။ နှစ်ဆန်း ၂ ရက်နေ့မှာတော့ အားလုံးရန်ကုန်သို့ပြန်လာကြသည်။
ဓာတ်ပုံတွေရိုက်တော့ ခင်ခင်နိုင်က ဦးထုပ်ကြီးမချွတ်ပဲ အရိုက်ခံသည်။ နေပူထဲထွက်ပြီး ဓာတ်ပုံမရိုက်။ နေပူသည်ဟုသာ ဆိုနေတော့သည်။ ပုဂံခရီးကား နေပူပေမဲ့ ပျော်ရသည်။
ရန်ကုန်ပြန်ရောက်ပြီး ၂ ရက်လောက်ကြာတော့ လှနု ပါးတွေ နီစပ်စပ်ဖြစ်လာသည်။ ဘာလို့မှန်းမသိ ပါးနှစ်ဖက်စလုံး နီရဲနေရာမှ စပ်လာခြင်းဖြစ်သည်။ စံပယ်ကို ဖုန်းဆက်ကော အကျိုးအကြောင်းပြောပြတော့ စံပယ်လည်း အပေါ်နှုတ်ခမ်း စပ်တွင် အရေခွံများကွာနေကြောင်း ပြန်ပြောသည်။ ပါးတွင်လည်း အရေခွံ ကွာချင်သလိုဖြစ်နေကြောင်းပြန်ပြောသည်။
သနပ်ခါးလေးပါးပါးလိမ်းထားကြတာပေါ့ဟု နှစ်ယောက်တိုင်ပင်ရင်း ရုံးမဖွင့်ခင်တစ်ရက် ကြည်ပြာအိမ်တွင် မုန့်လုပ်စားကြသည်။ လှနုနှင့် စံပယ်ကိုမြင်လိုက်သည်နှင့်” နင်တို့နှစ်ယောက် sun burn တွေရနေတယ်” ဟု ခင်ခင်နိုင်တစ်ယောက် မြင်မြင်ချင်းလှမ်းပြောလိုက်သည်။
လှနုနှင့် စံပယ်တစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်မိသည်။ မိမိတို့မျက်နှာ ဘာဖြစ်နေမှန်း မိမိတို့ဘာသာ မိမိတို့မသိ။ ခင်ခင်နိုင်တစ်ယောက် မိမိတို့ကို မြင်ရုံနှင့် sun burn တွေရမှန်းပြောနေသည်။
” သေချာလို့လား နင်က ဘယ်လိုလုပ်သိတာလဲ” လှနုတစ်ယောက် ခင်ခင်နိုင်ကိုမေးခွန်းပြန်ထုတ်လိုက်သည်။ စံပယ်ကလည်း ခင်ခင်နိုင် ဘာပြန်ပြောမလဲဆိုတာကို စိတ်ဝင်တစားနားထောင်နေသည်။
“သိပ်ကို သေချာတာပေါ့။ ငါအရင်တုန်းက နင်တို့လိုမျိုးဖြစ်ဖူးတာကိုး။ ”
” ငါတို့မသိပါလား” စံပယ် တစ်ယောက် အံ့သြ လွန်း၍ ထပ်မေးလိုက်သည်။။
“နင်တို့နဲ့ က တက္ကသိုလ်တက်မှ စခင်တာ။ ငါ ၁၀ တန်းဖြေပြီးတော့ ငါ့ အိမ်က လူတွေနဲ့ ပုဂံညောင်ဦးကို အခုလိုပဲ ခရီးထွက်ကြတယ်။ ငယ်လည်း ငယ်သေးတော့ ဘယ်သိမလဲ။ နင်တို့လိုပဲ ဘုရားတွေကို ဖူးတာ ဦးထုပ်တွေ ထီးတွေလည်းမစောင်းဘူး။ နေပူထဲမှာတစ်နေကုန်လျှောက်သွားနေတာ။ ရန်ကုန်ပြန်ရောက်တော့ အခု နင်တို့ဖြစ်နေသလိုပဲ ဖြစ်တာ။ မျက်နှာ တစ်ခုထဲတောင် မဟုတ်ဘူး။ ရင်ဘတ်လေးပေါ်မှာတောင် ငါ့မှာ sun burn ရတယ်။ ငါ့မှာ အရေပြားဆရာဝန်ဆီ သွားကုလိုက်ရတယ်။ တော်တော်လည်း ကြာတယ်။ ကုရတာ”
” ပျောက်သွားတယ်မလား။ သိပ်အရေးမကြီးပါဘူး” လှနုက ပေါ့ပေါ့တန်တန် ပြောသည်။ လှနုတစ်ယောက် သိပ်အရေးမကြီးဘူးဟုထင်နေသည်။ စံပယ်ကတော့ သူ့မျက်နှာပေါ်တွင် sun burn ရသည်ကို ကြောက်ပုံရသည်။
“ဘာ သိပ်အရေးမကြီးရမှာလဲ။ sun burn ဖြစ်ပြီးရင် ပြန်ကောင်းဖို့ ဘယ်လောက် စောင့်ရတယ်ထင်သလဲ။ အရေပြားဆရာဝန်ပြပြီးကို ပြန်ကုရမှာ။ နင်တို့မျက်နှာတွေ တော်တော်ဆိုးတယ်။ ”
” နင်ငါတို့ကို sun cream တွေ လိမ်းခိုင်းတုန်းက ငါတို့နင့်စေတနာကို မသိဘူး။ အခုမှ သိတယ်။ နင် က နေပူထဲမထွက်နဲ့ sun burn ရမယ် ပြောတုန်းက အပိုတွေ ပြောနေတယ်ထင်တယ်။ ဦးထုပ်လည်း အိုက်တယ်ဆိုပြီး မစောင်းမိဘူး။ ငါမှားတယ် ငါမှားတယ် ။ မိခင်ပြောတာ နားမထောင်မိတာ ငါမှားတယ် “စံပယ်တစ်ယောက် ငိုချင်း ချနေသည်ကို လှနုတစ်ယေက် မြင်ပြင်းကပ်လာပုံရသည်။
” အော် ဘယ်သူသေလို့ ဒီလောက်တောင် နင်က ငိုနေရတာလဲ။ ကုရင်ပျောက်ပါတယ်လို့ပြောနေတယ်လေ”
“ငါကတော့ နင်တို့လိုမျိုး sun burn မရလိုက်ဘူး။ ကံကောင်းတယ် ” ကြည်ပြာတစ်ယောက် သူ့မျက်နှာကို မှန်ပြေးကြည့်ရင်း လှမ်းစနေသည်။
“ဒီနေ့ ကံမကောင်းတာ ငါတို့နှစ်ယောက်ပေါ့နော် ”
” အေး နင်တို့နှစ်ယောက် ကံမကောင်းဘူး။ ကံမကောင်းတဲ့နှစ်ယောက် ကို ကံကောင်းတဲ့ငါတို့နှစ်ယောက်က ညနေကျရင် ဆေးခန်းလိုက်ပြပေးမယ်။ ဟုတ်ပြီလား”ခင်ခင်နိုင်တစ်ယောက် စေတနာစကားပြောလိုက်သည်။
” sun burn ရတာ ဆေးခန်းပြဖို့လိုလို့လား”
“တစ်ခြားသူတွေဆိုရင် လိုချင်မှလိုလိမ့်မယ်။ နင်တို့နှစ်ယောက်ကလိုတယ်စံပယ် မျက်နှာမှာအနာလိုမျိုး အရေခွံတွေ ကွာနေတာ အရမ်းဆိုးတယ်။သွားပြရမယ်။ တော်ရုံ နီရုံလောက်ဆိုရင်တော့ အိမ်မှာပဲ နားနားနေနေ နေ။ နေပူထဲမထွက်နဲ့ပေ့ါ။ အခုက အနီအကွက်တွေ အရေခွံကွာနေတာတွေနဲ့ဆိုတော့ သွားပြလိုက်ပါ။ ဆရာဝန်က လိုအပ်တာတွေ ညွန်ကြားတော့ နင်တို့အတွက်ပိုကောင်းတာပေါ့။ ”
“အေးပါဟယ် လှနုမလိုက်တောင် ငါသွားပြချင်ပါတယ်။” စံပယ်တစ်ယောက် တောင်းပန်တိုးလျှိုးသံနှင့် ပြောနေသည်။ လှနုကိုလည်း ကျောပေးထိုင်လိုက်သည်။ လှနုမလိုက်လည်း ကြည်ပြာတို့က ဆေးခန်းသွားပြမည်ဟု ဆုံးဖြတ်ထားပြီသား။ လှနုတစ်ယောက် မျက်စောင်းထိုးလိုက်သည်။ စံပယ်ကတော့ မမြင်။ ခင်ခင်နိုင်နှင့် ကြည်ပြာကတော့ မြင်လိုက်သည်။
“ငါလည်း လိုက်မှာပေါ့။ ” သူငယ်ချင်းအားလုံး၏ ရီသံတွေ အခန်းအတွင်း ပြည့်လျှံသွားသည်။ စံပယ်တစ်ယောက် မျက်နှာညှိုးနေသည်။ လှနုကတော့ သိပ်ခံစားနေပုံမရ။ ကြည်ပြာတစ်ယောက် ခင်ခင်နိုင်ကို ကြိတ်ကျေးဇူးတင်နေမိသည်။ ခင်ခင်နိုင်ကတော့ သူ့ကိုယ်သူ sun burn မရအောင်ကာကွယ်နိုင်ခဲ့သဖြင့် ကျေနပ်လျှက်။
Dr. အေးချမ်းမိုး