နေရောင်ကာ Sunscreen ဟာ နွေ၊မိုး၊ဆောင်း ရာသီဥတု ၃ မျိုးစလုံးမှာ မဖြစ်မနေအသုံးပြုသင့်တဲ့၊ အရေးကြီးတဲ့ Skin Care Step တစ်မျိုးဖြစ်ပါတယ်။ ယခုလို ပူပြင်းလွန်းတဲ့နွေကာလမှာဆိုရင် Sunscreen လိမ်းဖို့ ပိုလိုတောင်လိုအပ်ပါတယ်။ Sunscreen ဟာ နေလောင်ဒဏ်နဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကနေ ကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားထဲကို တိုက်ရိုက်စိမ့်ဝင်သွားခဲ့ရင် တင်းတိပ်တွေ၊ အရေးအကြောင်းတွေနဲ့ အရေးပြားကင်ဆာအထိပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ Sunscreen လိမ်းလေ့ရှိသူနဲ့ မလိမ်းသူဟာ လတ်တလောမှာ ကွာခြားချက်မရှိဘူးလို့ ထင်ရရင်တောင် အသက်အရွယ်တစ်ခုရောက်လာရင်တော့ ကွဲပြားတဲ့ရလဒ်ကို သိသာစွာမြင်တွေ့ရမှာဖြစ်ပါတယ်။
Sunscreen နေ့တိုင်းလိမ်းပါလျက်နဲ့ အသားအရေတွေနေလောင်သွားတဲ့အခါ မိမိလိမ်းတဲ့ Sunscreen ကို အပြစ်ပုံချမိတတ်ကြပါတယ်။ တကယ်တော့ နေလောင်ဒဏ်တွေကာကွယ်နိုင်ဖို့ Sunscreen လိမ်းမယ်ဆိုရင် လိမ်းပုံလိမ်းနည်းနဲ့ပမာဏ စသဖြင့် သတိပြုစရာအချက်တွေကို သိရှိထားဖို့လိုပါတယ်။ Sunscreen လိမ်းနည်းမှန်ကန်မှသာ ထိရောက်တဲ့ရလဒ်တွေကို ခံစားရစေမှာဖြစ်ပါတယ်။
နေရောင်ကာ sunscreen လိမ်းတဲ့အခါ သတိပြုရမယ့်အချက်တွေကတော့-
၁။ SPF ရော PA ရောပါဝင်တဲ့ sunscreen ကိုသုံးပါ
SPF ဆိုတာ UVB Rays ဆိုတဲ့ ခရမ်းလွန်ရောင်ခြည်ဘီကို ကာကွယ်ပေးနိုင်တာဖြစ်ပြီး PA ကတော့ UVA rays လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်အေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ UVB ဟာ အသားအရေကို နေလောင်ဒဏ်ဖြစ်စေပြီး UVA ကတော့ အရေးကြောင်း၊ တင်းတိပ်နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ UVB ရော UVA ရော ကာကွယ်နိုင်ဖို့ဆိုရင် မိမိရဲ့ Sunscreen မှာ SPF ရော PA ရော ပါမပါ ပြန်စစ်ကြည့်သင့်ပါတယ်။
၂။ အပြင်မထွက်ခင် အနည်းဆုံး ၁၅မိနစ်ကြိုလိမ်းပါ
နေပူထဲထွက်ခါနီး ၅မိနစ်အလိုလောက်မှ Sunscreen လိမ်းမိရင်တော့ ထိရောက်တဲ့ရလဒ်ကို မရရှိနိုင်ပါဘူး။ Sunscreen လိမ်းပြီးနောက် အရေပြားအတွင်းထဲသို့ စိမ့်ဝင်ပြီး နေလောင်ဒဏ်ကာကွယ်ပေးနိုင်ဖို့က အနည်းဆုံး ၁၅ မိနစ်ခန့်လိုအပ်ပါတယ်။ အပြင်သွားခါနီး Sunscreen လိမ်းတဲ့အခါ မျက်နှာအပြင် လည်ပင်း၊ နားရွက် စတဲ့ အလွယ်တကူနေလောင်နိုင်တဲ့နေရာတွေပါ မမေ့မလျော့လိမ်းပေးသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ Sunscreen ကို ၂ နာရီခြားတစ်ခါ လိမ်းပေးရမှာဖြစ်ပါတယ်။
၃။လုံလောက်တဲ့ ပမာဏလိမ်းပေးပါ
Sunscreen မှာ SPF 50 အထက် ပါဝင်လို့ဆိုပြီး နည်းနည်းဘဲလိမ်းတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ SPF ဘယ်လောက်များများ Sunscreen ကို လုံလုံလောက်လောက် လိမ်းပါမှသာ နေလောင်ဒဏ်ကို ထိရောက်စွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မျက်နှာနဲ့လည်ပင်းအတွက်ပဲဆိုရင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းပမာဏခန့်လိမ်းရမှာဖြစ်ပြီး တစ်ကိုယ်လုံးစာလိမ်းဖို့အတွက်ဆိုရင်တော့ ဂေါက်သီးဘောလုံးတစ်လုံးစာပမာဏလောက်ထိ လိမ်းပေးရမှာဖြစ်ပါတယ်။
၄။ Expired Date ကိုကြည့်ပါ
Sunscreen လိမ်းတဲ့အခါ အချို့က Expired Date ကြည့်ဖို့မေ့လျော့နေတတ်ကြပါတယ်။ ဒိတ်လွန်နေတဲ့ Sunscreen တွေဟာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေပျက်ပြယ်ပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်မပေးနိုင်တော့ပါဘူး။ ပူလွန်းတဲ့နေရာမှာ Sunscreen ကို သိမ်းဆည်းထားခြင်းကလည်း သူ့မှာပါဝင်တဲ့ အစွမ်းသတ္တိတွေကို Expired Date မတိုင်ခင်လျော့ကျသွားစေနိုင်ပါတယ်။
၅။ SPF 30 အနည်းဆုံးပါသင့်ပါတယ်
Sunscreen တွေဟာ SPF များလေးအစွမ်းထက်လေ ဆိုတာမျိုးမဟုတ်ပေမဲ့ အနည်းဆုံး 30 လောက်ပါတာကိုတော့ ရွေးချယ်အသုံးပြုသင့်ပါတယ်။ SPF 30 အထက်ပါဝင်ရင် နေလောင်ဒဏ်ကို ၉၇ %ခန့် ကာကွယ်ပေးနိုင်ပြီး SPF 50 အထက်ပါဝင်ရင်တော့ ၉၈ % ခန့်ကာကွယ်ပေးနိုင်ပါတယ်။ SPF 30 နဲ့ 50 ဟာ အစွမ်းသတ္တိသိပ်မကွာခြားတာကြောင့် SPF 50 မို့လို့ လျှော့လိမ်းလိုက်တာမျိုးက မှားယွင်းနေတဲ့အချက်ပဲဖြစ်ပါတယ်။
၆။ အသားဖြူတဲ့သူတွေပဲ Sunscreen လိမ်းဖို့လိုတယ်ဆိုတာ မှားပါတယ်
အသားညိုသူတွေမှာ အရေပြားကင်ဆာအဖြစ်နည်းပေမဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ ဘယ်လိုအသားအရောင်မျိုးထဲကိုမဆို စိမ့်ဝင်နိုင်ပါတယ်။ အသားဖြူတဲ့သူတွေဟာ ညိုသူတွေထက် နေလောင်ဒဏ်ခံရတာ ပိုသိသာတတ်ပါတယ်။ ဒါပေမဲ့ အသားညိုသူတွေမှာလည်း နေလောင်ဒဏ်ခံစားရနိုင်တာမို့ Sunscreen ကို မဖြစ်မနေလိမ်းပေးရမှာဖြစ်ပါတယ်။
၇။ Sunscreen မလိမ်းဘဲ SPF ပါဝင်တဲ့ Make up foundation တစ်မျိုးတည်းလိမ်းခြင်းက မလုံလောက်တတ်ပါဘူး။
တစ်ခါတစ်ရံမှာ မိတ်ကပ်အဆင့်ဆင့်မလိမ်းချင်တာကြောင့် SPF ပါဝင်တဲ့ Makeup Foundation တစ်မျိုးတည်းကိုသာ လိမ်းမိတတ်ကြပါတယ်။ နေလောင်ဒဏ်ကာကွယ်ဖို့ဆိုရင် Sunscreen ဟာများများလိမ်းရမှာဖြစ်လို့ SPF ပါဝင်တဲ့ Foundation မျိုးဆိုရင်တော့ လုံလောက်အောင်မလိမ်းမိကြတာမျိုး ဖြစ်လေရှိပါတယ်။ ဒါကြောင့် Sunscreen သီးသန့်ကို Foundationရဲ့ အောက်ခံအနေနဲ့လိမ်းပေးဖို့ လိုအပ်ပါတယ်။
၈။ Spray type ထက် Gel or Lotion Type ကိုရွေးပါ
Sunscreen Spray တွေဟာ လိမ်းရတာလွယ်ကူလျင်မြန်စေပြီး ကပ်စေးစေးမဖြစ်တာကြောင့် လူကြိုက်များကြပါတယ်။ သို့သော်လည်း Sunscreen gel သို့ Lotion အသုံးပြုတဲ့အခါ လက်နဲ့သေချာပွတ်လိမ်းရတဲ့အတွက် အရေပြားနေရာအနှံ့အပြားကို ထိရောက်စေပေမယ့် Spray ကို အသုံးပြုတဲ့အခါမှာ တော့ နေရာလွတ်တွေ ကျန်နေခဲ့တတ်ပါတယ်။ ဦးရေပြားအတွက်ဆိုရင်တော့ Sunscreen Sprayကို အသုံးပြုရပါမယ်။
နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောက်ခြည်ဒဏ်ကနေ ကာကွယ်နိုင်ဖို့ Sunscreen တစ်မျိုးတည်း သေချာလိမ်းနေရုံနဲ့ မလုံလောက်နိုင်ပါဘူး။ Sunscreen အပြင်နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည် စသဖြင့် နေလောင်ဒဏ်ကာကွယ်နိုင်မယ့် အဝတ်အစား၊ အသုံးအဆောင်တွေကိုပါ အသုံးပြုပေးရမှာဖြစ်ပါတယ်။ ယခုဆိုရင် Sunscreen နဲ့ပက်သက်ပြီး သတိပြုစရာတွေကို သိရှိပြီးဖြစ်လို့ ပူပြင်းလှတဲ့နေအပူရှိန်ကြောင့် မိမိအသားအရေပျက်စီးသွားတာမျိုးမဖြစ်ရအောင် Sunscreen သေချာလိမ်းပြီး ကာကွယ်ထိန်းသိမ်းကြရပါမယ်။
Author: Dr. Aye Myat