ကြည်လင်လှပပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့က အားလုံးရဲ့အိပ်မက်ပဲဖြစ်ပါတယ်။ မျက်နှာမှာ ဘာမှမလိမ်းထားရင်တောင် သဘာဝအလှလေးနဲ့ ကြည့်ကောင်းနေဖို့က ကြည်လင်ကျန်းမာတဲ့ အသားအရေလေးရှိနေဖို့လိုပါတယ်။ ဒါပေမဲ့ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာတွေ၊ မမှန်ကန်တဲ့စားသောက်ပုံစနစ်တွေ၊ မသန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့နေရတာတွေ၊ နေလောင်ဒဏ်နဲ့ဖုန်မှုန့်တွေ စတာတွေကြောင့် မျက်နှာဟာ ကြည်လင်မှုမရှိတော့ဘဲ ညစ်နွမ်းလာကာ တင်းတိတ်၊ ဝက်ခြံ၊ အဆီဖုစတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါကြောင့် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်ခန့် မိမိရဲ့မျက်နှာအသားအရေကို ပြန်လည်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းဖို့ ငွေလည်းအများကြီးမကုန်ချင်ဘူး၊ Chemical တွေနဲ့လည်း စမ်းသုံးရမှာကြောက်တယ်ဆိုရင်တော့ အန္တရာယ်ကင်းတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပုံမှန်ထိန်းသိမ်းပေးသင့်ပါတယ်။ အကုန်အကျသက်သာပြီး မိမိရဲ့အိမ်မှာပဲ အလွယ်တကူ အသားအရေထိန်းသိမ်းလို့ရနိုင်မယ့် သဘာဝပစ္စည်းလေးတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
(၁) နနွင်း
နနွင်းမှာ Curcumin လို့ခေါ်တဲ့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး ပိုးသတ်နိုင်စွမ်းလည်းရှိတာကြောင့် ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သက်သာသွားစေနိုင်ပါတယ်။ ဒါ့ပြင် နနွင်းဟာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး Antioxidants တွေလည်း ပါဝင်တာကြောင့် အသားအရေကို ဝင်းဝါစိုပြည်တင်းရင်းလာစေနိုင်ပါတယ်။ နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေနဲ့ရောစပ်ကာ မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။
(၂) ပျားရည်
ပျားရည်ဟာ အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ပျားရည်မှာ ပိုးသတ်နိုင်စွမ်းရှိပြီး ဝက်ခြံနဲ့ နီမြန်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် ပျားရည်ဟာ အမာရွတ်နဲ့ အမည်းစက်တွေကိုလည်း မှေးမှိန်သွားစေနိုင်ပါတယ်။ ပျားရည်စစ်စစ်ကို မျက်နှာပေါင်းတင်ခြင်းကို တစ်ပတ်နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
(၃) သံလွင်ဆီ
သံလွင်ဆီဟာ အသားအရေခြောက်သွေ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။ သံလွင်ဆီဟာ အရေပြားပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးနိုင်ပြီး အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကိုပါ ဖျက်ဆီးပေးနိုင်ပါတယ်။ နေလောင်ထားတဲ့အသားအရေကို ပြန်လည်ကုသနိုင်ဖို့အတွက်လည်း သံလွင်ဆီက အထူးသင့်တော်ပါတယ်။ ညအိပ်ရာမဝင်ခင် သံလွင်ဆီအနည်းငယ်ကို မျက်နှာနေရာအနှံ့အပြားသုတ်လိမ်းပြီး ရေနွေးနွေးလေးနဲ့ ပြန်လည်ဆေးချပေးပါ။ သံလွင်ဆီနဲ့ ပုံမှန်မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ကြည်လင်လှပတဲ့မျက်နှာအသားအရေလေးကို ရရှိပိုင်ဆိုင်လာမှာဘဲဖြစ်ပါတယ်။
(၄) လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့အတွက် အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး ဝက်ခြံကင်းရှင်းကာ တင်းရင်းစိုပြည်တဲ့အသားအရေကို ရရှိပိုင်ဆိုင်လာစေနိုင်ပါတယ်။ အသားအရေထိန်းသိမ်းဖို့ လိမ္မော်သီးဖျော်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပေးနိုင်ပါတယ်။
(၅) သခွားသီး
သခွားသီးကို အသားအရေထိန်းသိမ်းဖို့အတွက် တော်တော်များများ အသုံးပြုဖူးကြပါတယ်။ သခွားသီးဟာ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် အရေပြားရဲ့အပေါ်ဆုံးအလွှာကိုပါ ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ကျန်းမာစိုပြည်တဲ့မျက်နှာအသားအရေကိုရရှိပိုင်ဆိုင်နိုင်ဖို့ သခွားသီးကိုပါးပါးလှီးပြီး မျက်နှာပေါ်ကပ်ခြင်းကို တစ်ပတ် နှစ်ကြိမ်ခန့် အနည်းဆုံးပြုလုပ်ပေးရမှာဖြစ်ပါတယ်။
(၆) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်နဲ့ Antioxidants တွေ ကြွယ်ဝတာတာကြောင့် အသားအရေကို စိုပြည်နူးညံ့လာစေနိုင်ပါတယ်။ ဒါ့ပြင် ဝက်ခြံ နဲ့နေလောင်ဒဏ်တွေကို ကုသဖို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ်နဲ့ ပုံမှန် မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ရေဓာတ်ပြည့်ဝပြီး အရေးကြောင်းတွေကင်းရှင်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်လာစေမှာဖြစ်ပါတယ်။
(၇) သံပရာသီး
သံပရာသီးဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ပိုးသေစေနိုင်စွမ်းရှိတာကြောင့် ဝက်ခြံတွေကို ကုသဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့ပြင် သံပရာသီးမှာ ဗီတာမင်စီနဲ့ Citric Acid တို့ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ဖြူဝင်းနူးညံ့လာစေနိုင်ပါတယ်။ ဒူးမည်းခြင်းနဲ့ တံတောင်ဆစ်မည်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို သံပရာရည်တစ်ခွက်ပုံမှန်သောက်ပေးရင် အသားအရည်ကြည်လင်စိုပြေလာစေနိုင်သလို ခုခံအားကိုလည်း ကောင်းမွန်လာစေနိုင်ပါတယ်။
(၈) အုန်းဆီ
အုန်းဆီမှာ Antioxidants နဲ့ Fatty Acidsတို့ ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ အုန်းဆီကို အစိုဓာတ်ထိန်းဖို့အတွက်ပဲဖြစ်ဖြစ်၊ မျက်နှာသန့်စင်စေဖို့ဘဲဖြစ်ဖြစ် အသုံးပြုပေးနိုင်ပါတယ်။ ဒါ့ပြင် အုန်းဆီဟာ ဝက်ခြံ၊ အမည်းစက်တွေကိုလည်း သက်သာလာစေနိုင်ပါတယ်။
(၉) ဒိန်ချဥ်
ဒိန်ချဉ်မှာ Lactic Acid ကြွယ်ဝစွာပါဝင်လို့ အသားအရေကို စိုစွတ်စေပြီး အရေးကြောင်းများကို လျော့ပါးစေပါတယ်။ မျက်နှာမည်းညစ်ခြင်းနဲ့ အမည်းစက်တွေ လျော့ပါးစေရန်လည်း ကူညီပေးပါတယ်။ အသားအရေကို တင်းရင်းစေပြီး တောက်ပြောင်လာစေပါတယ်။ ဒါ့ပြင် နေလောင်တာကို သက်သာစေပြီး ဝက်ခြံမပေါက်စေရန်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဥ်နဲ့ပေါင်းတင်မယ်ဆိုရင် မျက်နှာပေါ် ၁၅ မိနစ်ခန့်ထားပြီး ရေအေးနဲ့ပြန်လည်ဆေးပေးနိုင်ပါတယ်။
(၁၀) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ ဗီတာမင် A၊ Bနဲ့ ရေဓာတ်တို့ ကြွယ်ဝစွာပါ၀င်နေပါတယ်။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် အရေးကြောင်းတွေကို ကာကွယ်ပေးပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့ပြင် ငှက်ပျောသီးဟာ ဝက်ခြံ၊ အမည်းစက်တွေကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။
အထက်ပါ သဘာဝပစ္စည်းလေးတွေတိုင်းမှာ အသားအရေကို ကျန်းမာလှပစေတဲ့ ဓာတ်အမျိုးမျိုးပါဝင်နေတာကြောင့် စွဲစွဲမြဲမြဲ ပုံမှန်မျက်နှာပေါင်းတင်ပေးသွားမယ်ဆိုရင် ကြည်လင်ပြီး အနာအဆာကင်းတဲ့မျက်နှာ လေးကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။
Author: Dr. Aye Myat