ပျားရည်ကို အစားအသောက် ချက်ပြုတ်ရာတွင်သာမက ဆေးဝါးဖော်စပ်ရာနေရာတို့မှာပါ လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက အသုံးပြုလျက်ရှိသော ရာနှုန်းပြည့်သဘာဝပစ္စည်း တစ်မျိုးဖြစ်ပါသည်။ ထို့အပြင် ပျားရည်သည် အရေပြားကျန်းမာရေးအတွက် ကောင်းကျိုးများရှိသော သဘာဝပစ္စည်း တစ်မျိုးဖြစ်သည်။
ပျားရည်သည် အရေပြားအတွင်းဖက်အလွှာထိ အစိုဓါတ်ပေးနိုင်တဲ့အစွမ်းရှိပြီး အသားအရေကိုသဘာဝအတိုင်း စိုပြေတောက်ပစေနိုင်ခြင်းဖြင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါသည်။ ဝက်ခြံပေါက်ခြင်းကို တားဆီးပေးနိုင်ပေးပြီး အရေပြားပေါ်ရှိ ဒါဏ်ရာအမာရွတ်များကို သက်သာစေနိုင်ပါသည်။ ချွေးပေါက်အတွင်းထိ သန့်စင်ပေးနိုင်သည့်အပြင် အရေပြားအပေါ်ရှိ ဆဲလ်အသေများပါဖယ်ရှားပေးနိုင်သော သဘာဝချေးချွတ်ပစ္စည်း တစ်မျိုးဖြစ်ပါသည်။
ပျားရည်တွင် ပါဝင်သော သဘာဝအင်ဇိုင်းများသည် အရေပြားအတွင်းပိုင်းထိ ပြုပြင်ထိန်းသိမ်းပေးပြီး အစိုဓါတ်ဖြည့်ပေးကာ နူးညံ့စေနိုင်သည်။ ထို့ကြောင့် အသားရည်ထိန်းသိမ်းရေး အလှအပပစ္စည်းများ ထုတ်လုပ်ရာတွင် ပျားရည်ကို အများစုအသုံးပြုကြပါသည်။ ပျားရည်တွင် ဘက်တီးရီးယားပိုးများနှင့် မှိုပိုးများကို ကို ဟန့်တားနိုင်သော (antibacteria, antifungal) အစွမ်းသတ္တိလည်းရှိပါသည်။ ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းကို ခြောက်သွေ့သန့်ရှင်းသောမျက်နှာပေါ်တွင် ၁၅-၂၀မိနစ်ကြာ လိမ်းထားပေးပြီး ရေပြန်ဆေးချခြင်းဖြင့် သဘာဝမျက်နှာပေါင်းတင်ဆေးကဲ့သို့ အစိုဓါတ်ဖြည့်အသုံးပြုပေးနိုင်သည်။
ပျားရည်ကို မျက်နှာသန့်စင်ရာတွင် သုံးပေးခြင်းဖြင့် အရေပြားအတွင်းပိုင်း ချွေးပေါက်အတွင်းထိ သန့်စင်ပေးပြီး ဆားဝက်ခြံများကိုလျော့ပါးစေနိုင်ပါသည်။ တိုက်စားမှုပြင်းသော ဓါတုဆေးပါသည့် အရေပြားချေးချွတ်ဆေးများ artificial exfoliators များသည် အရေပြားအပေါ်ယံရှိခံတပ် skin barrier ကို ပျက်စီးစေနိုင်ပြီး အရေပြားလောင်ခြင်း နီခြင်းတို့ဖြစ်နိုင်ပါသည်။ သဘာဝပျားရည်ကို အသုံးပြုပြီး မျက်နှာချေးချွတ်ပေးခြင်းဖြင့် အရေပြားထိခိုက်မှုမရှိပဲ အသားအရေ တောက်ပစေနိုင်ပါသည်။
ပျားရည်တွင် ပိုးသေစေသောအစွမ်းရှိပြီး antiseptic ယောင်ရမ်းမှုကို သက်သာစေကာ အသားအရေကို နူးညံ့စေပြီး အစိုဓါတ်ဖြည့်ပေးသောကြောင့် အမာရွတ်များကို မှေးမှိန်သက်သာစေနိုင်စွမ်းရှိပါသည်။ ထို့ပြင် ပျားရည်သည် ဓါတ်တိုးခြင်းကို ဆန့်ကျင်ပေးသည့်အတွက် ပျက်စီးနေသော အရေပြားကိုပြုပြင်ပေးပါသည်။ ပျားရည်ကို သဘာဝအုန်းဆီ၊ သံလွင်ဆီတို့နှင့်အတူ နေ့စဉ်အသုံးပြုပေးခြင်းဖြင့် အမာရွတ်များ သက်သာစေနိုင်သည်။ ပျားရည်နှင့် သန့်စင်ပြီး ရှားစောင်းလက်ပါတ်အနှစ်ကို သုံးပြီး အိမ်တွင်းကုထုံးအနေဖြင့် နေလောင်ခြင်းကိုကုသနိုင်သည်။
ပျားရည်ကို အသားခြောက်သူ၊အဆီပြန်သူ၊ ဝက်ခြံထွက်တတ်သောအရေပြား စသည့်အသားအရေအမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်။ ထို့ပြင်သုတေသနတစ်ခုတွင် နာတာရှည်အရေပြား ယောင်ရမ်းသည့် seborrheic dermatitis၊ ဓါတ်မတည့်အရေပြား ယောင်ရမ်းမှု atopic dermatitis၊ ဂျွတ်ပွေးနာ psoriasis၊ နှင်းခူ eczema စသည့်အရေပြားပြဿနာ ရောဂါအမျိုးမျိုးတွင်လည်း ပျားရည်ကို အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။
အလှအပထုတ်ကုန်များတွင် သဘာဝပျားရည် ထည့်သွင်းဖော်စပ်ထားသည့် ပစ္စည်းများကို အသုံးပြုနိုင်ကြောင်း အရေပြားပညာရှင်များက ညွှန်ကြားသော်လည်း မုန့်ဖုတ်ဆိုဒါ၊ သံပုယိုသီး၊ သံပုရာသီးစသည်တို့နှင့် တွဲဖက်မသုံးရန် ဖော်ပြကြသည်။ ပျားရည်သည် ငွေကုန်ကြေးကျမများပဲ အလွယ်တကူရရှိနိုင်သည့် သဘာဝအစိုဓါတ်ထိန်းဆေး natural humectant ဖြစ်ပြီး အရေပြားအတွက် ကောင်းကျိုးများစွာရှိသည့်အတွက် အိမ်၌ဆောင်ထားသင့်သော သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါသည်။
Author: Dr. Yee Mon