အရေးအကြောင်းတွေဟာ အသားအရေ လျော့ရဲလာခြင်းနဲ့ အိုမင်းရင့်ရော်လာတာကို ကိုယ်စားပြုတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနှင့်အမျှ အရေပြားရဲ့ဆဲလ်အသစ်များ ဖွံဖြိုးနိုင်စွမ်းလျော့နည်းလာပြီး အရေးအကြောင်းပိုဖြစ်လာပါတယ်။ အထူးသဖြင့် အရေပြားပါးလွှာတဲ့ မျက်လုံးတဝိုက်မှာ မျက်လုံးအရေးအကြောင်းများ eyes wrinkles ပေါ်လာပါတယ်။ မျိုးရိုးဗီဇလိုက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျက်လုံးကို ကြမ်းတမ်းစွာပွတ်ခြင်း၊ နေရောင်ခြည်ဒါဏ်၊ အိပ်ချိန်မမှန်ခြင်း၊ အစာအာဟာရ မညီမျှခြင်းနှင့် မျက်နှာအနေအထားများကြောင့် မျက်လုံးအရေးအကြောင်းနဲ့ Smile line များ ပိုဖြစ်တတ်ပါတယ်။
နေရောင်ခြည်ဒါဏ်နှင့် တိုက်ရိုက်ထိတွေ့ခြင်းဟာ အရေပြားကို ထိခိုက်စေပြီး မျက်လုံးအရေးအကြောင်းနဲ့ Smile line များ ဖြစ်ပေါ်စေနိုင်တာကြောင့် နေအိမ်ထဲ၌ဖြစ်စေ၊ အပြင်ထွက်လျှင်ဖြစ်စေ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး SPF ပါဝင်သော sunscreen နေရောင်ကာလိမ်းဆေး ပုံမှန်လိမ်းပေးရပါမယ်။ ညဖက် အိပ်ရေးပျက်ခြင်း၊ မိုဘိုင်းဖုန်း၊ ကွန်ပြူတာ မျက်နှာပြင်မှထွက်သော blue lights အလင်းတန်းနှင့် ထိတွေ့မှုများခြင်းတို့ကလည်း အရေပြားတင်းရင်းမှုကို ပျက်စီးစေနိုင်ပါတယ်။ ညဖက်အိပ်စက်လျှင် တစ်ဖက်ထဲ စောင်းမအိပ်မိအောင် ဂရုပြုခြင်းနှင့် ပိုးသားခေါင်းအုံးစွပ် အသုံးပြုခြင်းတို့ဖြင့် အရေပြားကို ကာကွယ်နိုင်ပါတယ်။
မျက်မှောင်ကျုံ့ခြင်းအလေ့အထရှိသူများအနေဖြင့် မျက်နှာအနေအထားကို ဂရုစိုက်ပေးခြင်း၊ မျက်နှာကြွက်သား လေ့ကျင့်ခန်း yoga ပြုလုပ်ပေးခြင်း၊ ဆီတစ်မျိုးမျိုး အသုံးပြုပြီး နှိပ်နယ်ပေးခြင်း၊ high glycemic index အချိုဓါတ်ပါဝင်မှု လွန်ကဲသော အစားအစာများကို ရှောင်ကျဉ်ခြင်း၊ Retinol,Vitamin C, peptides,hydroxy acids, collagen စသည့် ဒြပ်ပေါင်းများ ပါဝင်သော သို့မဟုတ် bakuchoil အပင်ထွက်အဆီများနှင့် ရှားစောင်းလက်ပါတ် အခြေခံ အလှကုန်များ၊ အစိုဓါတ်လိမ်းဆေး၊ နေရောင်ကာလိမ်းဆေးများ နေ့စဉ်ပုံမှန် လိမ်းပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။ အသက်၂၅ နှစ်ကျော်သည်နှင့် မျက်လုံးတဝိုက်ကို eyecream အစိုဓါတ်အားဖြည့်လိမ်းဆေးများ ညင်သာစွာ အသုံးပြုပေးသင့်ပါတယ်။
အသားအရေ တင်းရင်းမှုကို ဖြစ်စေသော ကော်လာဂျင်ပရိုတင်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးရန် အသားဓါတ်များ စားသုံးပေးခြင်း၊ ရေဓါတ်ဖြည့်တင်းပေးခြင်း၊ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း၊ ကော်လာဂျင်ဖြည့်စွက်ဆေးများ မှီဝဲပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ ရေဓါတ်ဆုံးရှုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကြောင့်လည်း အသားအရေ လျော့တွဲပြီး အရေးအကြောင်းများ ဖြစ်နိုင်သဖြင့် ရှောင်ကျဉ်သင့်ပါတယ်။ အရေပြားကို ပျက်စီးစေသော ပြင်းထန်ဓါတုပစ္စည်းနှင့် စတီးရွိုက်ပါဝင်သော အလှကုန်များကို ရှောင်ကျဉ်သင့်ပါတယ်။ ပန်းပွင့်ကဲ့သို့ သဘာဝအဆီအနှစ်များ essential oils ကို ရောစပ်အသုံးပြုခြင်း၊ နှိပ်နယ်ပေးခြင်း facial massage ပြုလုပ်၍လည်း သက်သာစေနိုင်ပါတယ်။
သွားနှုတ်ခြင်းကဲ့သို့ သွားပြုပြင်သော ကုသမှုများကြောင့်လည်း smile lines များဖြစ်ပေါ်တတ်သဖြင့် သွားနှင့်ခံတွင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ပေး သင့်ပါတယ်။ အရေပြားဆိုင်ရာ ကုထုံးများဖြစ်သော Derma Filler၊ နှင့် ဘိုးတောက်စ botox ထိုးဆေးများ၊ မျက်နှာပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းများ၊ လေဆာကုထုံးများ၊ microneedling ခေါ် အရေပြားအတွင်းရှိ ကော်လာဂျင်ကို လှုံ့ဆော်ပေးသည့် ကုထုံးများ၊ သွေးရည်ကြည် PRP ကုထုံးများ အသုံးပြု၍လည်း မျက်လုံးအရေးအကြောင်းနှင့် smile line များကို သက်သာအောင် ကုသနိုင်ပါတယ်။
Author: Dr.Yee Mon