” နင်တို့လိုမျိုးပိန်ချင်လိုက်တာ ဟယ်” သီတာအေးတစ်ယောက် စုစု လက်မောင်းလေးကို ကိုင်ကြည့်ပြီးငြီးတွား ပြောဆိုမိသည်။ တက္ကသိုလ်ကျောင်းသူ တစ်ယောက် ဖြစ်သောကြောင့် သီတာအေး တစ်ယောက် သူများတွေလို ပိန်ပိန်ပါးပါးလေး နှင့် လှပချင်သည်။သို့သော် သူပုံစံက ပြည့်ပြည့်ဖောင်းဖောင်းလေး။ အစားတွေလည်းအများကြီးမစားပါ။ သို့သော် ပိုဝမလာပေမဲ့ ပိန်ပိန်ပါးပါးလေးတော့ မဖြစ်။
“စုစု လိုမျိုး ပိန်ချင်လိုက်တာနော် ” စိတ်ထဲမှ အခါခါ ရေရွတ်မိသည်။ “မိရွှေတုတ် ” လို့ သူငယ်ချင်းတွေက ချစ်စနိုးခေါ်သည်ကို စိတ်မဆိုးပေမဲ့ ကြည်ပြာတစ်ယောက် တစ်ခါတစ်ရံ ဝမ်းနည်းသည်တော့အမှန်။ ပိန်ချင်သည့်အတွက် ညဖက်အစာမစားပဲ နေကြည့်သည်။ တစ်ပတ်လောက်နေတော့ ဗိုက်ထဲက အောင့်လာသည်။ မခံမရပ်နိုင်အောင် ဖြစ်လာတော့ ဆေးခန်းပြေးရသည်။ ဆရာဝန်က အစာစားချိန်မမှန်လို့ အစာအိမ်ရောင်တာလို့ ပြောလိုက်သည်။အစားကို မလျော့ပဲ လေ့ကျင့်ခန်းလုပ်ရန်တိုက်တွန်းသည်။
“လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်း ကိုယ်လုပ်ချင်တဲ့အချိန်ထလုပ်ပြီး ကိုယ်မလုပ်ချင်တဲ့အချိန် မလုပ်ပဲလည်း မနေရဘူး။ ပုံမှန်လုပ်ပေးရတယ် ” လို့ ဆရာဝန်ကမှာလိုက်သည်။” အိမ်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာထက်စာရင် gym သွားပြီးလေ့ကျင့်ခန်းကို စနစ်တကျလုပ်ပါ”လို့ အကြံဉာဏ်ပေးလိုက်သည်။ သီတာအေး တစ်ယောက် ဆရာဝန် အကြံဉာဏ်ပေးသည်ကို နားလည်ပါသည်။
သို့သော်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ တော်တော် ကြိုးစားယူရမည်။ မနက်အိပ်ယာမိုးလင်းသည်နှင့်ကျောင်းသို့သွားရသည်။ အခုတစ်လော ရန်ကုန်မြို့ကြီးကလည်း ကားတွေက ကျပ်သည်။ ကြည်ပြာတို့ရပ်ကွက်မှ နေ၍ ကျောင်းတက်လျှင် မနက်စောစော ကျောင်းသို့သွားရသည်။ ညနေပိုင်းတွင် ကျူရှင် တက်ကာ မိုးတော်တော်ချုပ်မှ အိမ်ပြန်ရောက်သည်။ ကားပေါ်တွင်သာ အချိန်ကုန်နေသည်။ ဘယ်အချိန် လေ့ကျင့်ခန်းသွားလုပ်ရမှာလည်းဟု တွေးတောနေမိသည်။
ညမိုးချုပ်လျှင် လေ့ကျင့်ခန်း လုပ်ဖို့နေနေသာသာ တစ်နေကုန် ပင်ပန်းနေ၍ အိပ်ချင်နေတာပဲသိသည်။” ဟဲ့ ငါ့ကို အားကျမနေနဲ့ ငါက ဘာအစားမှလည်းရှောင်တာမဟုတ်ဘူး။ ငါတို့က မျိုးနဲ့ရိုးနဲ့ကို ပိန်တာ။ ငါ့အဖေလည်း ပိန်တယ်။ ငါ့အမေလည်း ပိန်တယ်။ ငါ့အဖေဖက် က အဘိုးတွေ အဘွားတွေလည်းပိန်ကျတယ်။ ငါတို့မောင်နှမတွေလည်း ပိန်ကြတယ်။ ငါလည်း မျိုးရိုးလိုက်ပြီးပိန်တယ်။ ဘာမှတကူးတက အစားရှောင်တာတွေ မလုပ်ဘူး။ “စုစု က သီတာအေး အား စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
” တစ်ချို့ မိသားစုတွေ က ဝတတ်တယ်။ ဝတဲ့ မျိုးရိုးရှိတယ်လို့ပြောရမှာပဲ။ အဖေလည်း ဝတယ်၊ အမေလည်း ဝတယ်။ သားသမီးတွေလည်း ဝနေတတ်တယ်။ အဲဒီလိုမျိုး မိသားစုကပေါက်ဖွားလာရင်တော့ နင်ဘယ်တော့မှ ငါ့လို ပိန်ပိန်လေးမဖြစ်နိုင်ဘူး။ နင်လည်းအရမ်းကြီးပိန်ချင်မနေပါနဲ့။ အရိုးကိုကြိုက်တာဆိုလို့ ခွေးပဲရှိတယ်။” စုစု စကားကြောင့်သူငယ်ချင်းအားလုံး ရယ်မိကြသည်။
“လူတစ်ယောက် ဟာ ဝပဲ နေနေ ပိန်ပဲနေနေ ကျန်းမာနေဖို့က အရေးကြီးဆုံးပဲ သူငယ်ချင်း ” စုစုကသီတာအေးကို အားပေးသည်။” ပိန်ချင်တယ်ဆိုပြီး အအေးတွေ မသောက်နဲ့ နင်က ရေပဲသောက် ” စုစု သီတာအေးကိုလှမ်းတားလိုက်သည်။
“ဘာဆိုင်လို့လဲ ”
” ဆိုင်တာပေါ့။ ပိန်ချင်တဲ့သူဟာ အချိုရည်တွေကိုလည်း ရှောင်ကြဉ်ရတယ်။ နင်က ပိန်ချင်တယ်လို့ပဲပြောနေတယ်။ အအေးတွေ သောက်တာ များလိုက်တာ”
“တစ်ခါတစ်လေ မောတဲ့အခါကျရင် သောက်ရတာပေါ့ ” သီတာအေးတစ်ယောက် လျှောက်လဲချက်ပေးလိုက်သည်။
” ပိန်ချင်တယ်ဆိုရင် တော့ အအေးတို့ ကော်ဖီလက်ဖက်ရည် ဖြတ်ရမယ် မိတုတ်” စုစု ၏ တစ်ချက်လွတ်အမိန့်။
” ဘာဖြစ်လို့လဲဟ” အလန့်တကြားနှင့် ပြန်မေးလိုက်သည်။
“အအေးတွေမှာ သကြားတွေ အများကြီးပါတယ်။ သကြားဓာတ်က လူကို ဝစေတယ် ။ ဒါကြောင့်ဝတဲ့သူတွေဟာ ချိုတဲ့အရာတွေကို ရှောင်သင့်တယ်။ ကြိုးစားကြည့်ပါ မိတုတ် “ဒီတစ်ခါတော့ သူငယ်ချင်းကို ချော့ပြောလိုက်သည်။
” ရေဆာရင် ရေပဲသောက်ပါ။ အအေးတွေ မသောက်ပါနဲ့။ ကော်ဖီ၊ လက်ဖက်ရည် သောက်မဲ့အစားရေနွေးကြမ်းကို သောက်ပေး သူငယ်ချင်း။ နင်က အစားသာလျော့နေတာ အချိုရည်တွေ လျော့မှမလျော့ကြည့်ပဲ။ ဒါကြောင့် နင်မပိန်တာပေါ့”
“ငါ က အချိုရည်တော့ ကြိုက်တယ်”
” ပြီးတော့ အချိုတွေလည်း သိပ်မစားနဲ့နော်။ နင်က အချဉ်မကြိုက်ဘူး အချို သိပ်ကြိုက်တယ်။”
“ဟုတ်တယ် ငါက အချိုကြိုက်တယ်။
” ပိန်ချင်တယ်ဆိုရင် အချိုလည်း လျှော့ ”
” အေးပါဟယ် ။ ငါနက်ဖြန်ကစပြီး ကြိုးစားကြည့်ပါမယ်။ “စုစု တစ်ယောက် သီတာအေး ရှေ့က အအေးခွက်ကို လှမ်းယူပြီး ရေနွေးကြမ်း ခွက်ကိုသီတာရှေ့ပို့လိုက်သည်။
” ဒီနေ့က စပြီး ကြိုးစားကြည့်”
သီတာအေး စုစုကို လှမ်းကြည့်လိုက်သည်။ စုစုတစ်ယောက် မျက်နှာလွဲကာ ကော်ဖီ ငုံ့သောက်နေလိုက်သည်။
Author : Dr. အေးချမ်းမိုး