fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

report card

 

ခင်ခင်ကြီးတစ်ယောက် သားကြီး၏ report card ကို ကြည့်၍ မချိတင်ကဲ ဖြစ်နေ၏။ အဆင့်နေရာတွင် ၃ ဟု ရေးထားသည်ကား ခင်ခင်ကြီးကို လှောင်ရယ်နေသည်ဟု ထင်သည်။ ၁၃ နှစ် ဝင်းကျင်လောက်သာရှိသော ကလေး ကား အမေမျက်နှာကို မကြည့်ပဲ ရှေ့ကြမ်းပြင်ကို ငုံံ့ကြည့်နေသည်။ အမေထံမှ ဘာစကားများ ကြားရမည်နည်းဟု စိုးရိမ်စိတ်များနှင့် ရပ်နေသည်။

ခင်ခင်ကြီးတစ်ယောက် report card ကို လက်တစ်ဖက်မှ ကိုင်ကာ ကလေးဖြစ်သူ၏ ပခုံးကို ကိုင်လှုပ်၍ မေးလိုက်သည်။ ” အဆင့် ၁ နဲ့ ၂ က ဘယ်သူရတာလဲ” ခင်ခင်ကြီး၏ အသံကား ခင်ခင်ကြီး၏ ဒေါသ ကို ဖော်ပြနေသည်။

” ၁ က စိုးနိုင်ရတာ။ ၂ က စံပယ်ရတာပါ” ကလေးငယ်ကား လေသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။ ကလေးငယ်၏ အသံကား ခင်ခင်ကြီး၏ နားထဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သွားသည်ဟု ထင်သည်။ အလန့်တကြားဖြစ်သွားသည်။

” စိုးနိုင်သင်တဲ့ ဆရာတွေနဲ့ပဲ မင်းကို ကျူရှင်ထားတယ်။ စံပယ်တက်တဲ့ ကျုရှင်မှာပဲ မင်းကို အမေတို့က ထားတာပဲ။ သူတို့လည်း ဒီကျူရှင်တက်ပြီး စာမေးပွဲဖြေကြတာပဲ။ မင်းနဲ့သူတို့နဲ့ ကျူရှင်လည်း အတူတူတက်ရတာပဲ။ ဘာဖြစ်လို့ မင်းက အဆင့် ၃ ရပြီးသူတို့က အဆင့် ၁ ရတာလဲ။ မင်းဘာမှားနေလဲ။ မင်းရဲ့ပညာရေးအတွက် ငါတို့အများကြီး အကုန်အကျ ခံထားရတာ။ မင်းဘာဖြစ်လို့ မကြိုးစားရတာလဲ။ ”

ခင်ခင်ကြီးတစ်ယောက် သားကို ကြိမ်းမောင်းနေသည်မှာ ကြာလှပြီ။ အမေရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေသော ကလေးကား အဆင့်ကျသွားသောကြောင့် ဝမ်းနည်းလျက်ရှိသည်။ လူ ၅၀ ရှိသော အတန်းထဲတွင် အဆင့်ကျသွားသောကြောင့် အိမ်တွင် အဆူခံနေရသော ကလေးကား ခြေသလုံးများတောင့်နေအောင် ရပ်နေရသည်။

ဦးဝေလွင် တစ်ယောက် အပြင်မှ အပြန် ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်လိုက်သည်။ မိန်းမနှင့် သားကို အထူးအဆန်းလိုဖြစ်နေသည်။
“ကလေးက အဆင့် ဘယ်လောက်ရလို့ မင်းက ဆူနေရတာလဲ ”
” အဆင့် ၃ ရလို့ပေါ့” ခင်ခင်ကြီးတစ်ယောက် ဦးဝေလွင်ကို လှမ်းပြောရင်း ဆိုဖာပေါ် ထိုင်လိုက်သည်။ ကလေးကား အမေရှေ့တွင် ရပ်လျှက်။
“အဆင့် ၃ တောင် ရတာလား။ ငါ့သားကြီး တော်လိုက်တာ။

မင်းက အဆင့် ၃ ရတဲ့ကလေးကို ဘာဖြစ်လို့ ဒီလောက်တောင် ဆူနေရတာလဲ ” ဦးဝေလွင် တစ်ယောက် မိန်းမဖြစ်သူကို အံသြစွာနှင့် မေးခွန်းပြန်ထုတ်လိုက်သည်။ ” အို. ကျုပ်တို့ ဒီလောက်သူ့ကို ပံ့ပိုးနေတဲ့ကြားထဲက သူက အဆင့် ၃ ပဲ ရတာကိုး။ သူ့အတွက် ကုန်ကျထားတာတွေက အများကြီး” သားဖက်ကိုလှည့်၍ မေးလိုက်သည်။

” သားတို့ အတန်းထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ သား”
“၅၀ ရှိပါတယ်ဖေဖေ ” ကျော်ကျော် အဖေကို လှမ်းကြည့်ရင်း အဖြေပေးလိုက်သည်။ အဖေရောက်လာသည့်အတွက် အားရှိသည်ဟု ထင်သည်။ အဖေ့ကို အမြဲပဲ သူတို့နှင့် အတူရှိနေချင်သည်။ အဖေကား သူတို့အတွက်ဆိုကာ သင်္ဘော အကြာကြီးလိုက်သွားတတ်သည်။ သူတို့တွေ သူများတွေထက် အဆင့်အတန်းမြင့်မြင့်နေရပါသည်။ သို့သော် အဖေ့ကို လွမ်းသည်တော့ အမှန်။ အဖေကား အရာရာတွင် သူတို့ဖက်ကနေ ရပ်တည်တတ်သည်။ အဖေ့ကို အမေ့ထက်ပိုချစ်သည်ဟု ကျော်ကျော်တစ်ယောက်ထင်သည်။

“လူ ၅၀ မှာ အဆင့် ၃ ရတာ လူတော်ပေါ့။ အဆင့် ၁ မရတော့ရော ဘာဖြစ်လဲ။ ဒီတစ်ခေါက်မရလဲ နောက်တစ်ခေါက်ကြိုးစားလို့ရတာပဲငါ့သား။ ဘာမှ စိတ်ဓာတ်မကျနဲ့။ ငါငယ်ငယ်တုန်းကဆိုရင် လူ ၅၀ မှာ အဖေ့အဆင့် က အမြဲ ၅၀ ပဲ။ အဖေ အနောက်မှာ နံရံ ပဲ ရှိတော့တယ်။ အဖေ ဘာမှ မဖြစ်ဖူး။
တစ်နှစ်တစ်တန်းအောင်တယ်။ ”

“ရှင်ကလေးကို မကြိုးစားချင်အောင် ဘာမှ မြှောက်ပေးမနေနဲ့ ” ခင်ခင်ကြီးတစ်ယောက် ဦးဝေလွင်ကို လှမ်း ဟန့်လိုက်သည်။ “ငါလည်း ဒီကိစ္စကို မင်းနဲ့ဆွေးနွေးချင်နေတာကြာပြီ။ ကလေးက အဆင့် ၃ ဖြစ်တော့ ကလေးက ဘာဖြစ်သွားလဲ။ သူ့ဘဝမှာ အဆင့် ၃ ရတာကို တောင် မပျော်ရွှင် ရတဲ့ ဘဝဖြစ်နေပြီကွ။ ကလေးက အဆင့် ၃ ရတာ ပျော်ရမှာလေ။ သူ့ကို မိဘကတောင် အသိအမှတ် ပြုရဦးမယ်။ သူကြိုးစားခဲ့လို့သာ အဆင့်၃ ရတာပေါ့။ ကလေးက အဆင့် ၁ ရမှ ပျော်ရမှာလား။

ဘဝမှာ အဆင့် ၁ ရမှသာ ပျော်ရမယ်ဆိုရင် အဆင့် ၁ မရတဲ့ ကလေးတွေ အားလုံး မပျော်ရဘူးဖြစ်နေမယ်။ လူ ၅၀ ရှိတဲ့ အတန်းမှာ လူ ၄၉ ယောက် က အဆင့် ၁ မရလို့ မပျော်ရဘူးဆိုတာ မဟုတ်တာကွာ ” ကျော်ကျော်တစ်ယောက် အဖေ့စကားများကို ကြားကာ အားတက်မိသည်။ အဖေ သင်္ဘော အကြာကြီးမတက်ပါနဲ့လို့ စိတ်ထဲမှ ကျိတ်ဆုတောင်းနေမိသည်။ အဖေရှိလျှင် သူတို့အတွက် အားရှိသည်။

“ငါမသိလို့မေးစမ်းပါရစေဦး။ မင်းမင်းငယ်ငယ်တုန်းကရော အတန်းထဲမှာ အဆင့် ၁ အမြဲရလား ” ဦးဝေလွင် စကားကြောင့် ခင်ခင်ကြီးတစ်ယောက် ဆတ်ဆတ်ထိ မခံဖြစ်သွားသည်။ ” မင်းမဖြေနိုင်ဘူးမလား။ ” ဦးဝေလွင် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။

” ကျုပ် ငယ်ငယ်က အဆင့် ၁ မရဘူးဆိုတာ ကျုပ်ဝန်ခံတယ်။ ကျုပ် က အမေ မရှိတော့ဘူး။ ကျုပ်က မိတွေးနဲ့နေရတာ။ ကျုပ် မိတွေးနဲ့ကျုပ်နဲ့ က အဆင်မပြေဘူး။ ကျုပ် ငယ်ငယ်က အိမ်မှာ မပျော်ဘူး။ ဒါအပြင် ကျုပ်တို့က သူ့လိုမျိုး ကျူရှင် တွေ ဘာတွေ တက်ရတာလဲ မဟုတ်ဘူး။ ကျောင်းက သင်တာပဲ ကျက် ပြီးဖြေရတာ။ ဒါကြောင့် ကျုပ်ငယ်ငယ်က အဆင့် ၁ မရတာ။”

ဦးဝေလွင် တစ်ယောက် မိန်းမဖြစ်သူ စကားကို ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်လိုက်သည်။ ဘာစကားမှတော့ မပြော။
” အခု ရှင့်သားအခြေအနေနဲ့ ကျုပ်အခြေအနေက မတူဘူး။ အခု ရှင့်သားကို ကျုပ် ကျူရှင်တွေ ရော Guide တွေ ရော ခေါ်ပေးထားတာ။ သူ့အတွက် ပိုက်ဆံတွေ ဘယ်လောက်ကုန်လဲဆိုတာ ရှင်သိလား။ သူများတွေထက်ကို ပိုပြီးကျုပ် သူ့ကို ပံပိုးထားတာ။ သူ့ ဘဝမှာ ဘာမှ လိုလေသေးမရှိအောင် ကျူပ်ထားတယ်။ ရှင်သားက ပေါ့လျော့လို့ အဆင့် ကျသွားတာပေါ့။ ငယ်ငယ်ကဆိုရင် သူ အမြဲ အဆင့် ၁ ပဲ” ခင်ခင်ကြီးတစ်ယောက် ပြောရလို့မောသွားသည် ထင်သည်။ ခဏတစ်ဖြုတ်နားနေသည်။

” လူတစ်ယောက် ဟာနေရာတိုင်းမှာ အမြဲ အဆင့် ၁ မရနိုင်ဘူး။ ဒါကို ကလေးဘဝကတည်းက ကလေးတွေကို နားလည်အောင် ပြောထားရမယ်။ အဆင့် ၁ မရလည်း အဆင့် ၃ နဲ့ ကျေနပ်နိုင်အောင် ကလေးတွေကို သင်ကြားပေးရမယ်။ လူ့ဘဝမှာ အဆင့် ၁ ရမှ လူတကာထက် သာလွန်မှ ပျော်ရွှင်ရမယ်ဆိုရင် ငါတို့ကလေးရဲ့ ဘဝမှာ ဘယ်မှာ အပျော်ရှိတော့မှာလဲ။ လူဆိုတာ တစ်ခါတစ်လေ ကျရင် ကျရှုံးတာတွေ လည်း ရှိတတ်တာပဲ။ အရှုံးကို ရင်ဆိုင်ရဲတဲ့သတ္တိကို ကလေးတွေ မှာ မွေးပေးရမယ်။ ရှုံးတာကို လက်မခံနိုင်ရင် ဒီကလေးတွေ ဘဝကို ဘယ်လို ဆက် မလဲ။ ကိုယ့်ထက် သာတဲ့သူတွေ ပတ်ဝန်းကျင်မှာ အများကြီးပဲ။ ဒီလိုမျိုး ကလေးဘဝကတည်းက ဘဝမှာ အရှုံးကို မရင်ဆိုင်ရဲအောင် လုပ်နေတာ မင်းသိပ်မှားတယ် ခင်ခင်ကြီး။ ” ဦးဝေလွင်တစ်ယောက် ခင်ခင်ကြီးကို
ပြောပြီးဆိုဖာမှ ထလိုက်သည်။ ကျော်ကျော်ကို ပခုံးဖက်ကာ စာကြည့်ခန်းထဲသို့ခေါ်သွားသည်။

အခန်းထဲရောက်တော့ သားဖြစ်သူကို လက်ကမ်းပေးလိုက်သည်။ ကျော်ကျော်တစ်ယောက် အဖေဖြစ်သူကို အံသြသွားပြီး အဖေ့လက်ကို ကိုင်လိုက်သည်။
” congratulation သား။ အဆင့် ၃ ရတဲ့အတွင် အဖေက ဂုဏ်ယူပါတယ်။ ငါ့သား တကယ်တော်ပါတယ်။”ကျော်ကျော်တစ်ယောက် ဝမ်းသာ လွန်းလို့ မျက်ရည်တောင် ဝဲမိသည်။ ခုနတုန်းက မိမိကိုယ်ကို အဆင့် ၃ ရ၍ စိတ်ဓာတ်ကျနေခဲ့သည်။ အခု အဖေက င့ါသား တော်သည်ဟု ပြောနေသည်။ မိမိကိုယ်ကို
ကျေနပ်လာသည်။ အဖေ့ကိုလည်း ကျေးဇူးတင်မိသည်။

” ကျေးဇူးတင်ပါတယ် ဖေဖေ”
“ဘာအတွက် ကျေးဇူးတင်ရတာလဲ ”
“အရာ အားလုံးအတွက်ပါ ဖေဖေ ”
” ရပါတယ်။ အဖေ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ အမေ့ကိုသာ စိတ်ခုမနေနဲ့။ သားအမေက သားကို အရမ်းချစ်တော့ လူတကာထက် သားကို ပိုတော်စေချင်တာပါ။ နောက်တစ်ကြိမ်သားမှာ ကြိုးစားပိုင်ခွင့်ရှိပါသေးတယ်။ သား ကြိုးစားပါ။ သားအကောင်းဆုံး ကြိုးစားပြီးရင် ရလာတဲ့ အဖြေကို သားစိတ်ကျေနပ်ရမယ်။ ကိုယ့်တာဝန်က ကြိုးစားနေဖို့ပဲ သား။ ပြီးရင် ရလာတဲ့ ရလဒ်အပေါ်မှာလည်း စိတ်ကျေနပ်ရမယ်။ သားအကောင်းဆုံး ကြိုးစားပြီးပြီပဲ။”
” ဟုတ်ကဲ့ပါ ဖေဖေ” ရင်ထဲတွင် ကြည်နူး မိသည်။

” အဆင့် ၁ ရမှာ ပျော်ရမယ်ဆိုတာမျိုးကို ဖေဖေ လက်မခံပါဘူး။ ဘဝမှာ အဆင့် ၁ ရမှ နေပျော်တာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အဆင့် ဘယ်လောက်မှာပဲ ရှိနေပါစေ ကျေနပ်နိုင်ဖို့က အဓိကပဲ။ ငါ့သားဘဝမှာ အမြဲတမ်း ကိုယ့်ဘဝကို ကျေနပ်နိုင်တဲ့သူ ဖြစ်စေချင်တယ်။ မကြိုးစားရဖူးလို့ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ရဲ့လက်ရှိအခြအနေကို ကျေနပ်နိုင်ရမယ်လို့ပြောတာ။ အမြဲတော့ ကြိုးစားနေရမယ်။ ဟုတ်ပြီလား”

” ဟုတ်ကဲ့ပါဖေဖေ”
” သား အဆင့် ၃ ရတဲ့အတွင် သားလိုချင်တာကို ဖေဖေ က ဝယ်ပေးမယ်။သား လိုချင်တာပြောပါ ”
” တကယ်လား ဖေဖေ။ ” ကျော်ကျော် အားတက်သရော ပြန်မေးလိုက်သည်။
“တကယ်ပေါ့ ”
“သား စဉ်းစားလိုက်ဦးမယ်နော် ”
” ရပါတယ် ။ ညကျရင်လည်း သား အဆင့် ၃ ရတဲ့ အထိမ်းအမှတ်နဲ့ တစ်မိသားစုလုံးကို အပြင် မှာ ထမင်းလိုက်ကျွေးမယ်။ ဟုတ်ပြီလား။”
” ဟုတ်ကဲ့ပါဖေဖေ” ကျော်ကျော် ၏ ဝမ်းနည်းမှုများက လွင့်စင်သွားပြီ။

ဦးဝေလွင်တစ်ယောက် စာကြည့်ခန်းထဲမှ တစ်ဆင့် မိန်းမရှိရာသို့ထွက်လာခဲ့သည်။ သားမကြားအောင် အသံကို နှိမ့်၍ ပြောလိုက်သည်။
“မင်းကလေးကို ရူးအောင်လုပ်နေတာလား။ မင်းကလေးကို ချစ်တယ်ဆိုပြီး ကလေးကို ဘာလို့ စိတ်မချမ်းသာအောင်လုပ်နေရတာလဲ ”
” ကျုပ်သားကို ကျုပ်က ရှင့် ထက်ပိုချစ်သေးတယ်။ သူ့ဘဝကို ကောင်းစားစေချင်လို့ ကျုပ်က ပြောနေရတာ”

” ကလေးကို ဒီလိုမျိုး ဆူနေတာဟာ ကလေးကို စိတ်ဒဏ်ရာပေးနေတာနဲ့အတူတူပဲ။ မင်းလည်း ငယ်ငယ်က မိတွေးနဲ့နေခဲ့ရလို့ စိတ်ဆင်းရဲပြီး ကျောင်းစာမှာ အားနည်းခဲ့တယ်ဆိုရင် မင်းကလေးကို စိတ်ချမ်းသာအောင် ထားရမယ်။ ကလေးက စိတ်ချမ်းသာမှ သူ စာကို ကောင်းကောင်းမွန် ကျက်နိုင်မှာပေ့ါ။ ကလေးကို အမြဲ pressure ပေးမနေနဲ့။ ကိုရီးယားနိုင်ငံမှာ ဆိုရင် မိဘတွေက သားသမီးတွေရဲ့ ပညာရေးကို သိပ်အလေးထားကြတယ်။ သား သမီးတွေ အတွက် မိဘတွေက လိုလေသေးမရှိအောင်လည်း ပံပိုးကြပါတယ်။

သားသမီးကို ပညာရေးအပြင် အားကစား အ နုပညာ အားလုံးကို ထူးချွန်စေကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖိအားတွေ များလာကြတယ်။ ကိုရီးယားနိုင်ငံမှာ ဆယ်ကျော်သက် အရွယ် ကလေးတွေ ကိုယ့်ကိုကိုယ် သတ်သေနှုန်းအရမ်းမြင့်နေတယ်။ ဘာလို့လဲ ဆိုတော့ မင်းလိုမျိုး မိဘတွေကြောင့်ပဲ။ သားသမီး ကို ဖိအားတွေ တစ်ချိန်လုံးပေးနေလို့။” ဦးဝေလွင် တစ်ယောက် စကား ခဏရပ်ထားလိုက်သည်။ ခင်ခင်ကြီးကို အကဲ ခတ်လိုက်သည်။

“နောက်ဆုံး တစ်ခု မင်းကို ငါပြောမယ်။ အဆင့် ၁ ရမှ ဘဝမှာ ပျော်ရမယ်ဆိုတဲ့ စိတ်ကို ကလေးကို မထည့်ပေးပါနဲ့။ ဒီအတန်းထဲမှာ လူ ၅၀ ပဲ ရှိလို့ သူအတန်းထဲမှာ အဆင့် ၁ ရနိုင်တယ်။ နောင်တစ်ချိန် လူ့ဘဝထဲကို ဝင်တဲ့ အခါမှာ သူအဆင့် ၁ နေရာမှာ အမြဲ မရှိနိုင်ဘူး။ ဒီလိုအချိန်မျိုးမှာ ကလေးက စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်တယ်။ မင်းလည်း ကြားဖူးမှာပေ့ါ။ အလုပ်မှာ အဆင်မပြေလို့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတာမျိုး၊ ငယ်ဘဝကတည်း က အရှုံးကို ရင် မဆိုင်ရဲတဲ့ ကလေးတွေဟာ အသက်ကြီးတဲ့အခါမှာ စိတ်ကျရောဂါရတတ်တယ်။ အဆိုးဆုံးကတော့ ကိုယ့်ဘဝကို မကျေနပ်ပဲ သတ်သေတဲ့အထိဖြစ်တတ်တယ်။ မင်းသားကို ချစ်ရင် ဆင်ခြင်ပါလို့ပဲ ငါပြောချင်တယ်။”

” ဟုတ်ကဲ့ပါရှင် ကျုပ်လည်း ကျုပ်သားကို ချစ်ပါတယ်။ ” ခင်ခင်ကြီးတစ်ယောက် ဝမ်းနည်းစွာနှင့်ပြန်ပြောလိုက်သည်။
“ချစ်တာက ချစ်တတ်ဖို့လိုတယ်။ အခုသားကို ငါပြောခဲ့တယ်။ အဆင့် ၃ ရလို့ ထမင်း လိုက်ကျွေးမယ်။ လိုချင်တာလည်း ဝယ်ပေးမယ်လို့။ သူလည်း အဆင့် ၃ ရဖို့ ကြိုးစားအားထုတ်ခဲ့ရတာပဲ။ မိဘက အသိအမှတ်ပြုမှ နောက်တစ်ကြိမ်ကြိုးစားဖို့ သူလည်း အားအင် ရှိမှာပေ့ါ။ ”

“ဟုတ်ကဲ့ပါ။ ” ခင်ခင်ကြီး ဦးဝေလွင် စကားကို ထောက်ခံလိုက်သည်။
“ဒါဆိုလည်း ကလေးကို သွားချော့လိုက်ဦး ”
ခင်ခင်ကြီးတစ်ယောက် သားအခန်းသို့ကူးသွားသည်။ ဦးဝေလွင် တစ်ယောက်စဉ်းစားခန်းဖွင့်နေသည်။ မိသားစုကို အချိန်များများ ပေးရမည်ဟု စဉ်းစားနေမိသည်။

Author : Dr.အေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ