သားသားမီးမီးလေးတွေနဲ့ အနီးကပ်နေရတဲ့မေမေတို့ဟာ ကလေးတွေရဲ့ ကာယဉာဏစွမ်းအင်ပြည့်ဝစေဖို့ အရေးကြီးဆုံးသူများဖြစ်ပါတယ်။
မေမေတို့ရဲ့ ပြုစုစောင့်ရှောက်မှုပေါ်မူတည် ပြီး ကျန်းမာ၊ ဉာဏ်ကောင်း၊ ထွားကျိူင်းတဲ့ ကလေးတွေ အဖြစ်ကြီးပြင်းလာမှာပါ။
မေမေတို့ကိုယ်တိုင်က ကျန်းမာရေးအသိပညာပြည့်ဝနေဖို့ အရေးကြီးပါတယ်။
အဖိုးတန်သားသမီးရတနာလေးတွေကို ပြုစုစောင့်ရှောက်ရမယ့် နည်းလမ်းလေးတွေ ဖတ်ကြည့်ရအောင်နော်။
၁) ကလေးတွေရဲ့ ကာယစွမ်းရည် တိုးတက်လာမှုအပေါ်မှတ်သား သိရှိဖို့ လိုပါတယ်။
ကာယစွမ်းရည်ဟာ ကလေးရဲ့ အရပ်၊ ကိုယ်အလေးချိန် တိုးတက်လာခြင်းပါ။
မွေးစကနေ အသက်နှစ်နှစ်အရွယ်ထိ ကလေးဟာ အထွားမြန်ပါတယ်။
အသက်နှစ်နှစ်ကျော်ချိန်မှစပြီး ကလေးကြီးထွားမှုနှုန်းဟာ နှေးလာပါတယ်။
ဒီအချိန်မှာ ကလေးကို အစာကျွေးရခက်တဲ့ပြဿနာကို မေမေအများစု ကြုံရပါတယ်။
အသက်ငါးနှစ်မှ ဆယ်ကျော်သက်အရွယ်ရောက်ထိ ကလေးတစ်ယောက်နဲ့တစ်ယောက် ကြီးထွားမှုနှုန်းတူညီတတ်ပါတယ်။
မိမိကလေးငယ်ဟာ ပုံမှန်ကြီးထွားရဲ့လားဆိုတာ အသက်ရွယ်တူကလေးများနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
၂) ကလေးများရဲ့ ဉာဏစွမ်းရည်ကို ဆန်းစစ်နိုင်ရမယ်။
ကလေးတွေရဲ့ ဉာဏစွမ်းရည်ကို ကလေးရဲ့လှုပ်ရှားပုံ၊ အပြုအမူ၊ အပြောအဆို များမှတစ်ဆင့်သိရှိနိုင်ပါတယ်။
ကလေးက ပတ်ဝန်းကျင်ကို လေ့လာသင်ယူနိုင်ရဲ့လား ဂရုတစိုက်ကြည့်ဖို့ လိုပါတယ်။
ဥပမာအားဖြင့် နှစ်လသားအရွယ်ကလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်ကိုကြည့်တတ်ခြင်း၊ လက်လှုပ်ရှားမှုပြုခြင်းများ ရှိနေရပါမယ်။
ကလေးဟာ စိတ်ပိုင်းဆိုင်ရာ ခံစားသိမြင်မှု ရှိရပါမယ်။
ဥပမာအားဖြင့် ခြောက်ပတ်အရွယ်ကလေးငယ်ဟာ ပြုံးတတ်နေပါပြီ။
ဆယ်လအရွယ်ကလေးငယ်ဟာ တ့ာတာလုပ်တတ်ပါပြီ။
ကလေးဟာ သူများပြောတာကို နားလည်ခြင်း၊ ပြန်လည်ပြောဆိုနိုင်ခြင်းရှိရပါ မယ်။
ဥပမာအားဖြင့် ၁၂လသားကလေးငယ်ဟာ ပထမဆုံးစကားလုံး စပြောပါပြီ။
နှစ်နှစ်အရွယ်မှာ မိမိခန္ဓာကိုယ် အစိတ်ပိုင်းများ လက်၊ ခြေထောက်၊ နားရွက် စသည်ဖြင့် ပြောတတ်ပါပြီ။
အသက်အရွယ်အလိုက် အရာဝတ္ထုလေးတွေ ကိုင်နိုင်ပြီလား? ပုံဆွဲနိုင်လားလည်း သတိထားကြည့်ရပါမယ်။
ကလေးရဲ့ အထိုင်၊ အထ၊ အသွား၊ အလာကိုလည်း သတိထားကြည့်ပေးပါ။
ဥပမာအားဖြင့် ခြောက်လကလေးငယ်ဟာ မေမေကိုင်ပေးထားရင် ထိုင်နိုင်ပါပြီ။
တစ်နှစ်သားအရွယ်ရောက်ရင် တစ်ခုခုကိုဆွဲပြီး ရပ်နိုင်ပါပြီ။
၃)မိမိကလေး ကျန်းမာ ဉာဏ်ကောင်းဖို့ မေမေတို့ ဘယ်လိုပြုစုရမလဲ?
✅ အာဟာရပြည့်ဝသော စားသောက်မှုပုံစံ ကျွေးပေးရပါမယ်။ ဗီတာမင်ဓာတ်၊ ကစီဓာတ်၊ အသားဓာတ်မျှတအောင်ကျွေးရပါမယ်။
✅ အိပ်ချိန်မှန်အောင် လေ့ကျင့်ပေးရပါမယ်။ ကလေးတစ်ယောက်ဟာ တစ်ညအနည်းဆုံး ဆယ်နာရီမှ ဆယ့်နှစ်နာရီကြား အိပ်ချိန်ရှိရပါမယ်။ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းများဟာ ကလေးအိပ်ချိန်မှာ ထွက်လေ့ရှိပါတယ်။
✅ ကလေးနဲ့တူတူ ကစားပေးပါ။ ကလေးကို အရာဝတ္ထုများ ဆုပ်ကိုင်ခိုင်းခြင်း၊ ပစ္စည်းများဖမ်းခိုင်းခြင်း စသဖြင့် မေမေနဲ့တူတူကစားပေးပါ။
✅ ကလေးငယ် လမ်းလျှောက်နိုင်တဲ့ အရွယ်ရောက်လျှင်အပြင်ပို့ပေးခြ င်း၊ မေမေနဲ့တူတူပြေးခိုင်းခြင်းများ ပြုလုပ်ပေးပါ။
✅ ကလေးကို ကိုယ်လက်လှုပ်ရှားမှု ရှိစေရပါမယ်။ ကစားခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့လှုပ်ရှားမှုများဟာ ကလေးရဲ့ ကာယ ဉာဏစွမ်းရည်ကို တိုးတက်စေပါတယ်။
✅ ကလေးကို လုံလောက်သောနေရောင်ခြည်စွမ်းအင် ရအောင်ထားရပါမယ်။ နေရောင်ခြည်မှာပါတဲ့ ဗီတာမင်ဒီဟာ အရိုးနဲ့ကြွက်သားများ ကြီးထွားရာမှာ ကူညီပေးပါတယ်။
✅ ကလေးကို ချစ်ကြောင်းပြသပေးခြင်းကလည်း ကာယ၊ ဉာဏစွမ်းရည်တိုးတက်ဖို့ အထောက်အကူပေးနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ကလေးကို ပွေ့ဖက်ခြင်း၊ ချော့မြူခြင်း၊ သီချင်းဆိုပြခြင်း၊ စာဖတ်ပြခြင်း၊ ကလေးစကားများကို ဂရုတစိုက်နားထောင်ပေးခြင်းများ အမြဲတစေပြုလုပ်ပါ။
✅ တီဗီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ အင်တာနက်အသုံးပြုခြင်းများကို အချိန်ဖြင့် ကန့်သတ်ပြီး ပြုလုပ်ခိုင်းပါ။
မေမေတို့ရဲ့ သားသားမီးမီးများ ကာယ ဉာဏပြည့်ဝသောကလေးများအဖြစ် ကြီးပျင်းနိုင်ပါစေ
ဒေါက်တာဆုမြတ်နိုး