အနာပဆုပ်ကို ဘယ်လိုအခြေအနေမှာ အချိန်မဆွဲဘဲ ဆေးခန်းပြသင့်သလဲ
အနာပဆုပ် ဆိုတာ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့အရေပြားအနာရောဂါတခုပါပဲ။
အင်္ဂလိပ်လို Carbuncle လို့ခေါ်ပါတယ်။
အနာပဆုပ်ဆိုတာ အနာစိမ်း သို့မဟုတ် မွှေးကျွတ်နာတွေစုပြီး ဖြစ်လာတာပါ။
Staphylococoous aureus ခေါ် ဘက်တီးရီးယားပိုးဝင်ရောက် ကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။
ထိုဘက်တီးရီးယားဟာ ကျွန်တော်တို့ရဲ့ အရေပြားပေါ်မှာပဲ ရှိပါတယ်။
အကြောင်းတခုခုကြောင့် အရေပြားပေါက်ပြဲ ဒဏ်ရာရတာမှတဆင့် ထိုဘက်တီးရီးယားပိုးဝင်ပြီး အနာစိမ်း သို့မဟုတ် မွှေးကျွတ်နာလေးတွေ စဖြစ်ပါတယ်။
စစချင်းအရေပြားမှာ နီနီရဲရဲအဖုလေးတွေ ထွက်တယ်။ ထိုမှတဆင့် ပြည်တည်လာရင် ရောင်ရမ်းနာကျင်လာမယ်။
တခါတရံမှာ ထိုအနာစိမ်း သို့မဟုတ် မွှေးကျွတ်နာအဖုလေးတွေဟာ စုသွားပြီး အနာပေါက်ဝအကျယ်ကြီးနဲ့ အရွယ်အစားကြီးတဲ့ အနာကြီးတခု ဖြစ်လာတတ်ပါတယ်။
ထိုဟာကို အနာပဆုပ်လို့ ခေါ်ပါတယ်။
အနာပဆုပ်ဟာ ခန္ဓာကိုယ်ရဲ့ အမွှေးအမျှင်ရှိတဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။
အဖြစ်များဆုံးနေရာတွေကတော့ မျက်နှာဆံစပ်၊ ဂုတ်ပိုး၊ ကျော၊ ပေါင်၊ ခြေသလုံး၊ တင်ပါး စတဲ့နေရာတွေပါ။
တကိုယ်ရေသန့်ရှင်းမှု အားနည်းသူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ ကိုယ်ခံအားကိုကျစေတဲ့ ရောဂါခံတခုခုရှိသူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
အနာပဆုပ်ဟာ တယောက်ကနေတယောက် အနာကထွက်တဲ့ အရည်၊ ပြည်တို့နဲ့ ထိတွေ့ရာကနေတဆင့်လည်း ကူးနိုင်တဲ့အတွက် အနာဖြစ်နေသူရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို သေချာပြုတ်လျှော်ဖို့ လိုပါတယ်။ အနာဖြစ်နေသူနဲ့ တကိုယ်ရေ အသုံးဆောင်ပစ္စည်းတွေ မျှမသုံးသင့်ပါ။
အနာပဆုပ်ဖြစ်တဲ့အခါ အနာကို သန့်သန့်ရှင်းရှင်းထားဖို့ လိုပါတယ်။
အညှော်ရှောင်ပါ။
လက်နဲ့ ခဏခဏသွားကိုင်တာ၊ အနာကို သွားဆွပြီး ပြည်ကို အတင်းညှစ်ထုတ်တာ၊ အိမ်မှာ အပ်နဲ့ ဖောက်ထုတ်တာတွေ၊ ကြားဖူးနားဝဆေးရွက်တွေ အုံတာတွေ မလုပ်ပါနဲ့။
အနာပြည်ပေါက်ထွက်တာ မြန်အောင် နေ့စဉ်ရေနွေးဖတ် သို့မဟုတ် ရေနွေးဝတ် ကပ်နိုင်ပါတယ်။
အနာပြည်ပေါက်သွားပါကလည်း အနာကိုရေနွေးဝတ် သို့မဟုတ် ရေနွေးဖတ်နဲ့ တနေ့နှစ်ကြိမ် ဆက်လက်သန့်စင်ပါ။
ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ ပတ်တီးစလေးနဲ့ ဖုံးထားပါ။
Septidine ဆေးရည်လည်း ထည့်နိုင်ပါတယ်။
အနာမကိုင်ခင်နဲ့ ကိုင်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေချာပြောင်အောင်ဆေးဖို့ လိုပါတယ်။
ဒီလိုတွေလုပ်ပေးရင် အများအားဖြင့် တပတ်လောက်နေပါက အနာပဆုပ်ဟာ သက်သာပျောက်ကင်းသွားတတ်လေ့ ရှိပါတယ်။
သို့သော် တချို့သူတွေမှာ ပိုးဝင်တာ အရမ်းဆိုးပြီး အနာကအရမ်းနက်တဲ့ အတွက် အထက်ပါနည်းအတိုင်းလုပ်ပြီး တပတ်ပြည့်သော်လည်း အနာကပြည်မပေါက်တာ၊ ရောင်ရမ်းမြဲရောင်ရမ်းနေတာ၊ ပိုကြီးလာတာ၊ အဖျားဝင်လာတာတွေ ဖြစ်တတ်ပါတယ်။
အဲ့အခါကျရင်တော့ အချိန်မဆွဲဘဲ ဆေးခန်းပြသကုဖို့ လိုပါတယ်။ အနာကတအားကြီးရင် ခွဲဖို့လည်း လိုနိုင်ပါတယ်။
Dr 528