လည်ပင်းကျီးပေါင်းမတက်အောင် သတိထားရမဲ့အချက်များ
အခုခေတ်မှာ လူအတော်များများဟာလည်ပင်းကျီးပေါင်းရောဂါဖြစ်လာကြပါတယ်။
လည်ပင်းကျီးပေါင်းရောဂါကို ဆေးပညာအရ Cervical spondylosis လို့ခေါ်ပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဂုတ်ပိုး(ဇက်နေရာ)ကနေ တင်ပါးနေရာလောက်ထိ ကို Vertebral Column လို့ခေါ်တဲ့ ကျောရိုးမကြီးကနေ ထောက်ပံ့ပေးထားပါတယ်။
ထိုကျောရိုးမကြီးမှာ အရိုးအဆစ်ပေါင်း၃၃ခုပါဝင်ပါတယ်။အရိုးအဆစ်တခုနဲ့တခုကြားမှာ အရိုးနုပြား(Intervertebral Discs)လေးတွေရှိပြီး ကျောရိုးဆစ်တွေရဲ့အလယ်ကနေ Spinal Cord လို့ခေါ်တဲ့ အာရုံကြောမကြီးက ဖြတ်သန်းသွားပါတယ်။
အရိုးအဆစ်တခုနဲ့တခုကြားမှာ ရှိတဲ့ အရိုးနုပြား(Intervertebral Discs)လေးတွေဟာ ကျောရိုးဆစ်တွေရဲ့ဖိအားဒဏ်ကို အာရုံကြောမကြီးအပေါ်မသက်ရောက်အောင် ကြားခံအနေနဲ့ထိန်းပေးပါတယ်။
အသက်ကြီးလာလို့ သို့မဟုတ် အကြောင်းတခုခုကြောင့် ထိုအရိုးနုပြားလေးတွေပျက်စီးယိုယွင်းလာတဲ့အခါမှာ အရိုးအတက်ထွက်တာ ၊ကျောရိုးဆစ်တွေကကျွံကျတာတွေဖြစ်လာပြီး
အာရုံကြောမကြီးနဲ့အာရုံကြောမကြီးကနေထွက်တဲ့အာရုံကြောလေးတွေကို သွားဖိမိတတ်ပါတယ်။ အဲ့အခါမှာ အရိုးကျီးပေါင်းဖြစ်လာပါတယ်။
အများအားဖြင့်တော့ လည်ပင်းကျီးပေါင်းဟာ အသက်၆၀ နဲ့အထက်မှာမှ ဖြစ်လေ့ရှိပါတယ်။အသက်ကြီးလာတဲ့အခါမှာ အရိုးအဆစ်တွေယိုယွင်းလာလို့ပါ။
သို့သော် ထိခိုက်ဒဏ်ရာရတာ၊ဖုန်းကွန်ပျူတာကြည့်တဲ့အခါ၊စာဖတ်တဲ့အခါ ခေါင်းအနေအထားပုံစံမမှန်တာ၊ခေါင်းပေါ်အလေးအပင်တင်ပြီးမတာများတာ၊အထိုင်များပြီးလှုပ်ရှားမှုနည်းတာ
စတဲ့အချက်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့လည်း လည်ပင်းကျီးပေါင်းဖြစ်နိုင်ပါတယ်။
လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါမှာ ဇက်နာတာ၊ဇက်တောင့်ပြီးခေါင်းလှည့်ရခက်တာ၊မူးဝေတာ၊လက်မောင်းတလျှောက်နာကျင်မှုကိုခံစားရတာ၊လက်ပြင်အောင့်သလိုတင်းပြီးနာတာ၊ခေါင်းငုံတဲ့အခါ ကျောတလျှောက် နာကျင်တာတွေဖြစ်နိုင်ပါတယ်။
ဒါ့အပြင်အာရုံကြောမကြီးကိုဖိမိတဲ့အတွက် ကိုယ်ခန္ဓာအောက်ပိုင်းတွေအားနည်းတာ၊လမ်းသွားရာမှာပုံမှန်မဟုတ်တာ၊လှုပ်ရှားရတာအားမရှိသလိုဖြစ်တာ၊ဆီးဝမ်းမမှန်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။
လည်ပင်းကျီးပေါင်းဖြစ်ပေမယ့် တချို့သူတွေမှာ စစဖြစ်ချင်းမှာ ဘာလက္ခဏာမှ မပြတာမျိုးလည်းရှိတတ်ပါတယ်။
အခုပြောထားတဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ လည်ပင်းကျီးပေါင်းဟုတ်မဟုတ် သေချာအောင် ဆရာဝန်နဲ့ပြသပြီး ဓါတ်မှန်ရိုက်တာ(X ray)၊စီတီရိုက်တာ(CT scan)၊သံလိုက်ဓါတ်မှန်ရိုက်တာ(MRI scan) စတဲ့
စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
လည်ပင်းကျီးပေါင်းဖြစ်ပါက ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့လည်းလိုပါတယ်။
ကျောရိုးဆစ်ကျွံပြီး အာရုံကြောညှပ်နေတာ၊ပိမိနေတာ တအားဆိုးရင် ခွဲစိတ်ကုသဖို့လိုနိုင်ပါတယ်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေနည်းအောင်
ဖုန်းကြည့်တာ၊တီဗွီ၊ကွန်ပျူတာကြည့်တာ၊စာကြည့်တာတွေလုပ်တဲ့အခါမှာ အိပ်လျက်နဲ့ကြည့်တာ၊မှောက်လျက်ကြည့်တာတွေရှောင်ပါ။မျက်စိနဲ့တတန်းတည်း ထိုင်လျက်အနေအထားနဲ့ပဲ ကြည့်ပါ။
ခေါင်းပေါ်ကို အလေးအပင်တွေတင်ပြီး မမပါနဲ့။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။အထိုင်မများပါစေနဲ့။အဝမလွန်ပါစေနဲ့။
အိပ်တဲ့အခါ ခေါင်းအုံးတအားမြင့်တာတွေနဲ့မအိပ်ပါနဲ့။မိမိလည်ပင်းကို သက်တောင့်သက်သာရှိစေသော အနေတော်အမြင့်ရှိတဲ့ခေါင်းအုံးနဲ့သာ အိပ်ပါ။
Dr 528