ကြွက်တက်တာ ခြေသလုံးကျော်ရင် သေတတ်ဆိုတာ အမှန်လား
လူတိုင်းနီးပါး ဘဝမှာ အနည်းဆုံး တခါလောက်တော့ ကြွက်တက်ဖူးကြမှာပါ။
ကြွက်တက်တယ်ဆိုတာဟာ အကြောင်းတခုခုကြောင့် ခန္ဓာကိုယ်ရှိကြွက်သားတခု သို့မဟုတ် တခုထက်ပိုတဲ့ကြွက်သားတွေ မိမိဆန္ဒမပါဘဲ သူတို့ဘာသာသူတို့ အလိုအလျောက်ပြင်းထန်စွာ ကျုံ့ညှစ်ခြင်းဖြစ်တဲ့အခြေအနေ ဖြစ်ပါတယ်။
ကြွက်တက်ခြင်းလို့ပြောလိုက်ရင် အများစုအနေနဲ့ ခြေသလုံးကြွက်တက်တာကိုပဲ ပြေးမြင်ပေမယ့် အမှန်တကယ်တော့ ကြွက်တက်တာဟာ ခန္ဓာကိုယ်ရှိ လက်မောင်းကြွက်သား ပေါင်ကြွက်သား ခြေဖဝါးခြေဖမိုး ကြွက်သား စတဲ့ ကြွက်သားရှိတဲ့နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားနေရင်းနဲ့လည်း ကြွက်တက်တာဖြစ်နိုင်သလို ထိုင်နေရင်းနဲ့လည်းကြွက်တက်တာ ဖြစ်နိုင်သလို အိပ်နေရင်းနဲ့လည်းကြွက်တက်တာ ဖြစ်နိုင်ပါတယ်။
နေ့အချိန်မှာလည်းကြွက်တက်နိုင်သလို ညအချိန်မှာလည်း ကြွက်တက်နိုင်ပါတယ်။
အသက်ကြီးတဲ့သူတွေမှာလည်းဖြစ်နိုင်သလို အသက်ငယ်တဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာလည်းဖြစ်သလို အမျိုးသမီးတွေမှာလည်းဖြစ်ပါတယ်။
ကြွက်တက်တဲ့အခါမှာ ကြွက်တက်တဲ့နေရာမှာ မာမာလုံးလုံးခဲခဲဖြစ်နေတတ်ပြီး နာကျင်မှုကိုခံစားရတတ်ပါတယ်။ဒါ့အပြင်ကြွက်တက်နေတဲ့အချိန်မှာ ကြွက်တက်နေတဲ့ကြွက်သားကို အသုံးပြုလို့မရနိုင်ပါဘူး။
(ဆိုလိုတာက ခြေထောက်ကြွက်တက်နေရင် အဲ့အချိန်မှာ လမ်းလျှောက်တာမျိုး မတ်တပ်ရပ်တာမျိုးတွေ ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါ။)
ကြွက်တက်တဲ့ဖြစ်စဉ်ဟာ စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းလောက်ပဲကြာတတ်ပါတယ်။
ဒါပေမယ့် ကြွက်သားနာကျင်မှုခံစားရတာကတော့ ကြွက်တက်ပြီးနောက် နာရီပေါင်းများစွာကြာအောင် ခံစားရနိုင်ပါတယ်။
ကြွက်တက်တာခြေသလုံးကိုပါ ကျော်သွားရင်သေတတ်တယ်ဆိုပြီး အရပ်ထဲမှာ ပြောလေ့ရှိပါတယ်။တကယ်တမ်းတော့ ကြွက်တက်တာဟာအများအားဖြင့်တော့ အန္တရာယ်မရှိတတ်တာများပါတယ်။ရေကူးနေရင်း၊တောင်တက်နေရင်း စတဲ့အခြေအနေမျိုးတွေမှာ ကြွက်တက်တာဖြစ်ရင်တော့ အသက်အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
ဘာကြောင့်ကြွက်တက်ရလဲကိုတော့ တိတိကျကျပြောဖို့မလွယ်ပါဘူး။
ကြွက်တက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့
ကိုယ်လက်လှုပ်ရှားရမှု တအားများတာ
ခန္ဓာကိုယ်တွင်းရှိရေဓါတ်မလုံလောက်တာ
သွေးသွင်းပိုတက်ဆီယမ်၊ကယ်လ်ဆီယမ် နှင့် မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့တာ
အကြောင်းကြောင်းကြောင့် သွေးတွင်းအဆီချဆေး၊ဆီးဆေးတွေသောက်နေရတာ
ရာသီဥတုအေးတာ
သွေးလည်ပတ်မှုမကောင်းတာ
ခါးရိုးအာရုံကြောမကြီးထိခိုက်ဒဏ်ရာရတာ
စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။
ကြွက်တက်တယ်ဆိုတာဟာ ကြွက်သားတွေပြင်းထန်စွာကျုံညှစ်တာဖြစ်တဲ့အတွက် ကြွက်တက်တဲ့အခါမှာ သက်သာအောင် ကြွက်တက်နေတဲ့ကြွက်သားကို ပြန့်ဆန်ထုတ်ရပါမယ်။
ခြေသလုံးကြွက်တက်တဲ့အခါ ခြေထောက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်ပါ။ပြီးရင်အဲ့ဒီဆန့်ထုတ်တာကိုအသာထိန်းထားပြီး
မာမာခဲခဲလုံးလုံးဖြစ်နေတဲ့အပေါ်ကို လိမ်းဆေးတခုခုသုံးပြီး လက်နဲ့အသာနှိပ်နယ်တာ၊ရေနွေးအိပ်ကပ်တာ တွေလုပ်နိုင်ပါတယ်။
ကြွက်တက်တဲ့အခါမှာ အကြမ်းပတမ်းအားသုံးနှိပ်တာ၊အပေါ်ကနေတက်ဖိနင်းတာ၊ကြိုးချည်နှောင်တာမျိုးတွေမလုပ်သင့်ပါ။
အားကစားလုပ်ရင်း၊ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်း ကြွက်တက်ပါက ရေဓါတ်ဆုံးရှုံးမှုများတာကြောင့် ကြွက်သားတွေပင်ပန်းတာကြောင့်ဖြစ်နိုင်တဲ့အတွက် ရေ၊ဓါတ်ဆားရည်စသဖြင့် သောက်ပြီး အနားယူဖို့လိုပါတယ်။
ကြွက်တက်ပြီးတဲ့နောက်ခံစားရတဲ့ ကြွက်သားနာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးတမျိုးမျိုးသောက်နိုင်ပါတယ်။
အစာအိမ်ရောဂါရှိတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီးမှသောက်ရပါမယ်။
ကြွက်တက်ခြင်းဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်များကို ဂရုစိုက်လိုက်နာပါ။
ပိုတက်စီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(ငှက်ပျောသီး၊စပျစ်သီး၊အုန်းသီး)
မဂ္ဂနီစီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(ဗာဒံစေ့၊သီဟိုစေ့စတဲ့အစေ့အဆန်များ)
ကယ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အစားစာတွေ(နို့နဲ့နို့ထွက်ပစ္စည်း) များများစားပါ။
သွေးလည်ပတ်မှုကောင်းအောင် အထိုင်မများပါစေနဲ့။ကိုယ်လက်လှုပ်ရှားမှုသင့်တင့်သလောက်လုပ်ပါ။သွေးပူလေ့ကျင့်ခန်းလုပ်တာ၊အကြောလျှော့တာတွေလုပ်ပေးပါ။
ဒါပေမယ့် ပြင်းထန်စွာကိုယ်လက်လှုပ်ရှားမှုလုပ်တာမျိုးကိုတော့ရှောင်ရပါမယ်။အထူးသဖြင့်နွေရာသီဆိုပိုသတိထားသင့်ပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အထက်ပါနည်းတွေအတိုင်းလုပ်သော်လည်းကြွက်တက်တာဟာ မသက်သာဘူး၊ခဏခဏပြန်ဖြစ်နေတယ်၊ညတိုင်းကြွက်တက်ခြင်းကြောင့်အိပ်မရဘူး၊ကြွက်တက်ပြီးနောက်မှာလည်း ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲတာကို ဆိုးရွားစွာခံစားရတယ်ဆိုရင် ဆေးခန်းပြဖို့လိုပါတယ်။
Dr 528