ကင်ဆာရောဂါကို ရင်ဆိုင်ကျော်လွှားကြရသည်မှာ ကာယကံရှင်လူနာနှင့် မိသားစုအဖို့ အလွန်ပင်ခက် ခဲလှသည်။ မဖြစ်မီက ကြိုတင်ကာကွယ်ပါဟု ဆိုကြသည့်အတိုင်း ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်များကို ရှောင် ရှားသွားကြရန် လိုအပ်သည်။ ကင်ဆာကို ကာကွယ်နိုင်သည့် လုပ်ဆောင်ဖွယ်ရာများကို လိုက်နာဆောင်ရွက် သင့်သည်။
The American Cancer Institue က နှစ်စဉ် လူပေါင်း တစ်သန်းဝက်ခန့်မှာ ကင်ဆာရောဂါကြောင့် သေဆုံး လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ သေဆုံးမှု၏ ၃၃ ရာခိုင်နှုန်းကို ကာကွယ်သွား နိုင်သည်ဟုလည်း ဆိုပါသည်။ တစ်ပတ်လျှင် အေရိုးဗစ်လေ့ကျင်ခန်း မိနစ် ၁၅၀မျှဆောင်ရွက်ခြင်း၊ ကိုယ် အလေးချိန်မှန်အောင် ထိန်းသိမ်းခြင်း၊ ပြည့်ဝဆီများနှင့် သကြားစားသုံးမှုကို လျော့ချခြင်းတို့သည်ပင် ကင်ဆာရောဂါကို ကာကွယ်သွားနိုင်သည်။ ကင်ဆာရောဂါ ကာကွယ်ရန် လိုက်နာဆောင်ရွက်သင့်သည့် အချက် (၁၀) ချက် ကိုဖော်ပြပေးလိုက်ပါသည်။
(၁) အရက် Alcohol မသောက်ပါနှင့်
အရက်ကို အလွန်အကျွံ မသောက်ပါနှင့်ဟုသာ တားမြစ်လေ့ရှိသော်လည်း အရက်ကို လုံးဝမသောက် လျှင်အကောင်း ဆုံးဖြစ်ပါသည်။ အရက်သောက်ခြင်းကြောင့် ပါးစပ်၊ လည်ချောင်း၊ အစာရေမျို၊ လေအိုး၊ အသည်း၊ အူမကြီး၊ ဝမ်းအိမ်နှင့် ရင်သားကင်ဆာရောဂါများ ဖြစ်နိုင်သည်။ အရက်သောက်သည့် ပမာဏများ လေ အန္တရာယ်ပိုများလေဖြစ်သည်။ အရက်ကို သောက်မည်ဆိုပါလျှင်လည်း သင့်တင့်မျှတရုံထက် မပိုသင့်ပေ။
(၂) နေရောင်ခြည် ထိတွေ့မှုရှောင်ပါ
အရေပြားကင်ဆာ ဖြစ်ပွားမှုမှာလည်း ကာကွယ်နိုင်သော ကိစ္စတစ်ရပ်ဖြစ်သည်။ နေရောင်ခြည်ထိတွေ့ မှုများလျှင် အရေပြားကင်ဆာဖြစ်နိုင်သည်။ နေရောင်ခြည်အောက်၌ ကြာရှည်သွားလာနေထိုင်ခြင်းကို ရှောင် သင့်သည်။ အဝတ်အစား ဝတ်ဆင်ရာတွင် လုံလုံခြုံခြုံရှိသင့်သည်။ နေအိမ်ပြင်ပထွက်လျှင် Sun cream အသုံး ပြုသင့်သည်။ နံနက် ၁၀ နာရီနှင့် ညနေ ၄ နာရီကြားနေရောင်ခြည် ထိတွေ့မှုကို အထူးရှောင်ကြဉ်သင့်သည်။ အရေပြားကင်ဆာကို စောစွာသိရှိကုသလျှင် ပျောက်ကင်းမှု နှုန်းမြင့်မားသော်လည်း မဖြစ်မီက ကြိုတင်ကာကွယ် ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အရေပြား၏ ထူးခြားသော သံသယဖြစ်ဖွယ် ပြောင်းလဲမှုများကို ဆေးပညာရှင်ထံ သွားရောက်ပြီး ချက်ချင်းပြသသင့်ပါသည်။
(၃) အသားများစားသုံးမှုလျော့ပါ
အသားနီများ (ဝက်သား၊ အမဲသား၊ သိုးသား) ရှောင်ကြဉ်ခြင်းသည် ကင်ဆာကို ကာကွယ်နိုင်သည့် နည်းလမ်း တစ်ခုဖြစ်သည်။ ကြာရှည်ထားခံအောင် ပြုပြင်ထားသော အသားများကိုလည်း မစားသုံးသင့်ပေ။ ဆီးကျိတ်၊ အူမကြီးနှင့် အစာ လမ်းကြောင်းကင်ဆာများ ဖြစ်ပွားမှုကို မြင့်မားစေကြောင်း တွေ့ရသည်။ နေ့စဉ် အသားနီများ စားသုံးမှုသည် ၁၀၀ ဂရမ်ထပ် မပိုသင့်ပေ။
(၄) စီးကရက် ဆေးလိပ်လုံးဝမသောက်ပါနှင့်
စီးကရက်ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး သုံးစွဲခြင်းတို့ကို လုံးဝရှောင်ကြဉ်ရပါမည်။ စီးကရက် ဆေးလိပ် သောက်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်မားစေပြီး ရှောင်ကြဉ်ကြခြင်းဖြင့် ကင်ဆာရော ဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင် တစ်ဆင့်ခံဆေးလိပ်သောက်သူ မဖြစ်ကြစေရန်၊ ဆေးလိပ် သောက်သူများနှင့် ခပ်ဝေးဝေး နေသင့်သည်။
(၅) ကောက်ပဲသီးနှံစားသုံးပါ
ကောက်ပဲသီးနှံများ စားသုံးခြင်းသည် ကင်ဆာရောဂါကာကွယ်ခြင်းအတွက်သာမက ခန္ဓာကိုယ်အထွေထွေကျန်းမာရေး ကိုလည်း မြှင့်တင်ပေးရာရောက်သည်။ အပေါ်ယံဖွဲခွံသော ကောက်ပဲသီးနှံများ စားသုံးခြင်းသည် အူမကြီးတွင် ဝမ်းအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။ ဆန်စားသုံးရာတွင် ဖြူဖွေးပြီး စင်အောင် ဖွတ်ထားသော ဆန်ထက် အပေါ်ယံဖွဲခွံပါသော ဆန်ကို ရွေးချယ်သင့်သည်။
(၆) တိုးတက်လျက်ရှိသော ဆေးပညာကိုသုံးစွဲပါ
ဆေးပညာသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသည်။ ရောဂါကို ကြိုတင်သိရှိရန် စစ်ဆေးနိုင်မည့် နည်း လမ်းကောင်းများစွာလည်း ရှိနေပြီးဖြစ်သည်။ ရောဂါများ၏ ငုတ်လျှိုးနေသော အဆင့်မှာပင် ရှာဖွေဖော်ထုတ်၍ လက်ဦးမှုရယူ ကုသ သင့်သည်။ ပါးစပ်၊ အရေပြား၊ အူမကြီးနှင့် ဝမ်းဟောင်းအိမ် ကင်ဆာများကို ကြိုတင်စစ်ဆေးသိရှိနိုင်သည်။ အမျိုးသမီးများ တွင် ရင်သားနှင့် သားအိမ်ခေါင်းကင်ဆာများ ရှိ/မရှိ စစ်ဆေးရမည်။ အမျိုးသားများတွင်လည်း ဆီးကျိတ်ကင်ဆာနှင့် ဝှေးစေ့ကင် ဆာများကို ကြိုတင်စစ်ဆေးသိရှိနိုင် ပါသည်။
(၇) ရေဓာတ်ပြည့်ဝပါစေ
ခန္ဓာကိုယ်အတွင်းသို့ ပြင်ပမှ ဝင်လာသော အဆိပ်အတောက် အညစ်အကြေးများနှင့် ခန္ဓာကိုယ်တွင်း ဇီဝဓာတုဖြစ်စဉ် ကြောင့် ထွက်ရှိလာသော အညစ်အကြေးများကို ဖယ်ရှားပစ်ရန်အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါသည်။ ရေသောက် ခြင်းသည် အူမကြီး၊ ရင်သားနှင့် ဆီးလမ်းကြောင်း ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ ဖန်ခွက်ကြီးကြီးဖြင့် ရေ (၈) ခွက် အနည်းဆုံးသောက်ပေးရပါမည်။ ပိုသောက်နိုင်လေ၊ ပို၍ အကျိုးရှိလေဖြစ်သည်။ ရေများများသောက်၍ ဆီးပမာဏ ပိုမိုများစွာ သွားစေခြင်းသည် ဆီးအိမ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ရာရောက်သည်။
(၈) သကြား(အချို)စားသုံးမှုလျော့ပါ
သကြားဓာတ်များသော အစားအစာများကို စားသုံးခြင်းသည် ဆီးကျိတ်၊ အူမကြီးနှင့် ရင်သားကင်ဆာရောဂါများ ဖြစ်ပွား မှုကို မြင့်မားစေကြောင်း တွေ့ရသည်။ သကြားများစွာ စားသုံး၍ စွမ်းအင်ရရှိမှု လွန်ကဲကာ အဝလွန်မှုပြဿနာ ဖြစ်နိုင်သည်။ ဝခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်းမှာ ဆက်နွယ်ပတ်သက်မှု ရှိသည်။
(၉) လေ့ကျင့်ခန်းလုပ်ဆောင်ပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများသည် ကျန်းမာခြင်းအတွက် အထူးလိုအပ်သောအရာဖြစ်သည်။
ရောဂါရှိသူများသာမက ကျန်းမာသူများပါ နေ့စဉ်မှန်မှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်သင့်သည်။ ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်း ဆောင်ရွက်ခြင်းသည် ကင်ဆာရောဂါများကို ကာကွယ်နိုင်သည့် နည်းလမ်းကောင်းဖြစ်သည်။ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့်လုပ်ဆောင်သင့်သည်။ နေ့စဉ် ခပ်မြန်မြန်လမ်းလျှောက်ပေးခြင်းသည်ပင် ကင်ဆာရောဂါများ ဖြစ်ပွားမှု ကိုလျော့နည်းသွားစေနိုင်သည်။
(၁၀) လက်ဖက်စိမ်း မှီဝဲသုံးစွဲပါ
လက်ဖက်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါသော အစားအစာဖြစ်သည်။ လက်ဖက်ရည်ကြမ်းအဖြစ် လည်း သောက်သုံးနိုင်သည်။ နေ့စဉ်လက်ဖက်ရည်ကြမ်းသောက်လျှင် အမျိုးသမီးများ၏ ရင်သားကင်ဆာဖြစ်ခြင်းကို ၄၀ ရာခိုင် နှုန်းလျော့နည်းစေနိုင်သည်။ လက်ဖက်စိမ်းသည် အစာအိမ်၊ ပန်ကရိယနှင့် အူမကြီးကင်ဆာများ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)