၀မ်းလျှောခြင်းနှင့် ပတ်သက်၍ မှားယွင်းသော အယူအဆတစ်ခုမှာ ရေချိုးခြင်းဖြစ်သည်။ ထို့အတူ ဝမ်းကိုက်သော လူများသည် မုန့်ဟင်းခါးနှင့် ဘဲဥတို့စားသုံးခြင်းဖြင့် ပျောက်ကင်းနိုင်သည်ဟု ယုံကြည်ထားကြသည်။
ရေချိုးခြင်းသည် လည်းကောင်း၊ မုန့်ဟင်းခါးနှင့် ဘဲဥစားသုံးခြင်းသည်လည်းကောင်း ဝမ်းလျှောခြင်းနှင့် ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေနိုင်မည်မဟုတ်ပါ။ သို့သော် ဝမ်းလျှောသဖြင့် ရေကို အချိန်ကြာမြင့်စွာချိုးခြင်းနှင့် အကြိမ်ကြိမ်ချိုးခြင်းတို့ မပြုသင့်ပေ။ ထို့အတူပင် ဝမ်းကိုက်နေသောလူနာအဖို့ မုန့်ဟင်းခါးနှင့် ဘဲဥ စားသုံးရာတွင် သန့်ရှင်းမှုညံ့ဖျင်းလျှင် အန္တရာယ်ပင် ဖြစ်စေနိုင်သည်။
ဝမ်းလျှောခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ အစားအစာ ဓာတ်မတည့်ခြင်းမှစ၍ ရောဂါပိုးမွှားကူးစက်ခံရမှုကြောင့် ဖြစ်နိုင်သည်။ ဝမ်းကိုက်ခြင်းမှာ အဓိကအားဖြင့် ဗက်တီးရီးယားပိုးများနှင့် ပရိုတိုဇွ (အမီဘားပိုး) တို့ကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဝမ်းလျှောလျှင် ဖြစ်စေ၊ ဝမ်းကိုက်လျှင်ဖြစ်စေ အထက်ပါအပြုအမူများကို ပြုလုပ်၍ အချိန်ဆွဲမနေသင့်ပေ။ ရေချိုးခြင်းသည် ဝမ်းလျှောခြင်းကို ပျောက်စေမည်မဟုတ်ပါ။ မုန့်ဟင်းခါးနှင့် ဘဲဥတို့စားသုံးခြင်းမှာလည်း ဝမ်းကိုက်ရောဂါ ပျောက်စေနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ဝမ်းကိုက်ခြင်း ဝမ်းလျှောခြင်းဖြစ်လျှင် ဆရာဝန်များနှင့်ပြသ၍ ကုသမှုခံယူသင့်သည်။ မည်သည့်အတွက် ဝမ်းလျှောရသည် ဝမ်းကိုက်ရသည်ကို အဖြေရှာ၍ ထိရောက်သော ကုသမှုခံယူရန် အရေးကြီးပါသည်။
ရေချိုး၍ ဝမ်းလျှောပျောက်မည် မဟုတ်ပါ။
မုန့်ဟင်းခါးနှင့် ဘဲဥစား၍ ဝမ်းကိုက်ရောဂါ မပျောက်နိုင်ပါ။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)