ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်အခါမှာ သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်နိုင်တဲ့ မေမေတွေရှိသလို အလုပ်တစ်ဖက်နဲ့ စောင့်ရှောက်ရတဲ့ မေမေတွေလဲ အရမ်းများပါတယ်။
ဒါကြောင့် မေမေတို့ မျက်ကွယ်ရာမှာ ကလေးတွေကို ထားခဲ့ရတဲ့အခါ၊ တစ်နေရာကို ကလေးတွေသွားတဲ့အခါမှာ ဘေးကင်းအောင် ဆောင်ရွက်ပေးနိုင်ဖို့ မေမေတို့ လုပ်ပေးလို့ရတာထဲက တစ်ခုကတော့ မိသားစုလျှို့ဝှက်စကား ( family code words) လေးတွေ သုံးဖို့သင်ကြားပေးတာပဲဖြစ်ပါတယ် ။
ဒီလိုလျှို့ဝှက်စကား အမှတ်အသား သင်္ကေတလေးတွေကို အသုံးပြုဖို့ ကလေးကိုသင်ပြပေးထားမယ်ဆိုရင် မိမိကလေးအနေနဲ့ အခက်အခဲ (သို့ ) အန္တရာယ်တခုခုကြုံရတဲ့အခါမှ မေမေတို့ကို အသိပေးအချက်ပြ ပြောပြနိုင်မှာဖြစ်ပါတယ်။
secret code နဲ့ပါတ်သက်ပြီး နိုင်ငံတော်တော်များများက မိဘတွေသတိထားမိသွားတဲ့အကြောင်းအရာကတော့ ၃နှစ်ရွယ်ကလေးရဲ့ ဖေဖေဖန်တီးထားတဲ့ “X-plan “ဆိုတဲ့ ကလေးကို အခက်အခဲကြုံတဲ့အချိန်မှာ လျှို့ဝှက်သင်္ကေတနဲ့ ဆက်သွယ်ခိုင်းတဲ့အကြောင်းပဲဖြစ်ပါတယ်။
X-plan ဟာ ကလေးအနေနဲ့ နေရာတစ်ခုကနေထွက်လာချင်တဲ့အခါ ၊ အိမ်ကလူကြီးတွေကိုလာခေါ်စေချင်တဲ့အခါ ၊ အန္တရာယ်ကျရောက်တဲ့အခါမျိုးမှာ အင်္ဂလိပ်အက္ခရာ X ကို sms ဖုန်းစာပို့စနစ်ကိုသုံးပြီး မိဘ သို့မဟုတ် မိသားစုဝင် တစ်ဦးဦးကိုဆက်သွယ်ရမှာဖြစ်ပါတယ်။ အိမ်ကမိသားစုဝင်ဖက်က X သင်္ကေတကိုရတာနဲ့ ကလေးရှိရာနေရာကို လာခေါ်နိုင်ဖို့ ကလေးကိုသင်ကြားပြောပြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။
ဒီအစီအစဉ်ကိုသုံးပြီး ကလေးအမြောက်အများဟာ သူတို့မလုပ်ဆောင်ချင်၊ မသွားချင်၊ မပါဝင်ချင်တဲ့အရာတွေကို သူတို့မိဘတွေအကူအညီနဲ့ ရှောင်ရှားကျော်ဖြတ်နိုင်သွားတဲ့ အကြောင်းတွေကို နိုင်ငံတကာရဲ့အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။
မေမေတို့အနေနဲ့ ကလေးကို ကျောင်း၊ သင်တန်းတစ်နေရာကနေ သွားကြိုရမှာ၊ ခေါ်ရမှာရှိတဲ့အချိန်အတွက် ဒီလိုလျှို့ဝှက်အမှတ်အသား သင်္ကေတ၊ စကား (secret code/password )တွေဟာ အရမ်းကိုအသုံးဝင်ပါတယ်။ အကြောင်းတိုက်ဆိုင်ပြီး ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တွေအနေနဲ့ မသွားနိုင်ခဲ့ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းတဲ့အခါမျိုး ဒါမှမဟုတ် သူစိမ်းတစ်ယောက်ယောက်က ကလေးကို ကားကြုံ၊လမ်းကြုံလိုက်ဖို့၊ မိသားစုဝင်နာမည်သုံးပြီး ခေါ်တာ၊ ဖြားယောင်းတာမျိုး ကြုံလာတဲ့အခါ ကလေးအနေနဲ့ လျှို့ဝှက်အမှတ်အသားကို ဖြေခိုင်းဖို့ မေမေတို့က သေချာပြောပြထားရပါမယ်။ မဖြေနိုင်တဲ့လူတွေဆိုရင် ကလေးအနေနဲ့ လုံးဝလိုက်မသွားပဲ လုံခြုံတဲ့နေရာသို့ထွက်ခွာဖို့၊ အကူအညီတောင်းခံ၊ ဆက်သွယ်ဖို့ သင်ကြားထားရပါမယ်။
secret code လျှို့ဝှက်သင်္ကေတစကားဟာ မိသားစု၊ မေမေနဲ့ သားသမီးကြားမှာပဲ သိရမှာဖြစ်တဲ့အတွက် အခြား သူစိမ်း၊ သူငယ်ချင်းအပေါင်းအသင်းတွေကို မပြောပြဖို့သတိပေးထားပြီးမလိုလားအပ်တဲ့ အန္တရာယ်ကိုကြိုတင်ကာကွယ်ရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။
မေမေတို့ရေ secret code လျှို့ဝှက်စကားလေးတွေထားပြီး ချစ်တဲ့သားသမီးတွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်နိုင်ကြပါစေနော်