အစာအိမ်ရောင်ခြင်းသည် ယနေ့ခေတ်တွင် အဖြစ်များလာကြသော ရောဂါတစ်မျိုးဖြစ်ပါသည်။ နေထိုင်မှု ပုံစံပြောင်းလဲခြင်းနှင့် စားသောက်မှုပုံစံပြောင်းလဲခြင်းများက အစာအိမ်ရောင်ရမ်းခြင်းကို ပိုမို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါသည်။။ အစာအိမ် ရောင်ရမ်းမှုကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် သဘောထားပါက အသက်အန္တရာယ်အထိ ရှိနိုင်ပါသည်။ ထို့ကြောင့် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းတွင် ရုတ်တရက်ပြင်းထန်သော အစာအိမ်ရောင်ခြင်းနှင့် နာတာရှည် အစာအိမ်ရောင်ခြင်းဟူ၍ နှစ်မျိုးရှိပါသည်။
အစာအိမ်ရောင်ခြင်း၏ ရောဂါလက္ခဏာများမှာ အစာမကြေခြင်း ၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
အများစုသည် ရောဂါ လက္ခဏာပြင်းထန်ခြင်းမရှိပဲ ဆေးကုသပြီးလျင်မြန်စွာပျောက်ကင်း သွားကြ ပါသည်။
သို့သော် အချို့ အစာအိမ်ရောင်ခြင်းသည် အစာအိမ်အနာအဖြစ်ပြောင်းလဲပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိကြောင်းတွေ့ရှိရပါသည်။
အစာအိမ်ရောင်ခြင်းအကြောင်းရင်းများ
အစာအိမ်ရောင်ခြင်း အကြောင်းရင်း ၂ မျိုးရှိပါသည်။
၁။ Helicobacter pylori ပိုးကြောင့် အစာအိမ်ရောင်ခြင်း
ဤအကြောင်းရင်းသည် အတေွ့အများဆုံးအကြောင်းရင်းဖြစ်ပါသည်။ ကလေးများတွင် နာတာရှည် အစာအိမ်ရောင်ခြင်း၏ အဓိက အကြောင်းရင်းမှာ Helicobacter pylori ပိုးကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
၂။ အစာအိမ်အနားသတ်အလွှာများ ပျက်စီးခြင်းအစာအိမ်ရောင်ခြင်း
ဒုတိယ အမျိုးအစားမှာ အစာအိမ်ကို အနားသတ်ထားသော အလွှာများ ပျက်စီးခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်ပါသည်။ အောက်ပါအချက်များကြောင့် အစာအိမ် အနားသားအလွှာများ ပျက်စီးနိုင်ပါသည်။
- အရက် သောက်သုံးခြင်း
- အကိုက်အခဲ ပျောက်ဆေးဝါးများနှင့် အချို့သော ဆေးဝါးများ သောက်သုံးခြင်း
- ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများဝင်ခြင်း
- ဝမ်းဗိုက်အထက်ပိုင်း သို့မဟုတ် ရင်ဘတ်အောက်ပိုင်း ဓာတ်ရောင်ခြည် ကုသမှုခံယူရခြင်း
- အစာအိမ်အစိတ်အပိုင်းဖယ်ထုတ်ရသည့်ခွဲ စိတ်မှုများပြုလုပ်ရခြင်း စသည်တို့ကြောင့် အစာအိမ် အနားသတ် အလွှာများ ပျက်စီးစေနိုင်ပါသည်။
အစာအိမ်ရောင်ရမ်းခြင်းနှင့် စားသုံးသော အစားအစာများ ပတ်သတ်မှု
သင့်တော်သော အစားအစာများကို စားသုံးခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းကို များစွာ သက်သာ စေနိုင်သကဲ့သို့ အချို့သော အစားအစာများသည် အစာအိမ်ရောင်ရမ်းခြင်း လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အစားအစာများကို သေချာစွာ ဂရုတစိုက် စားသုံးရန် အရေးကြီးပါသည်။
အစာအိမ်ရောင်ခြင်းကိုသက်သာစေသော အစားအစာများ
အစာအိမ်ရောင်ခြင်းကိုသက်သာစေသော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အမျှင်ဓာတ်များသော အစားအစာများ
ဥပမာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုး
- အဆီဓာတ်နည်း သော အစားအစာများ
ဥပမာ အဆီမပါသော အသားသက်သက် ၊ငါးနှင့် ဟင်းသီးဟင်းရွက်များ
- အချဉ်ဓာတ်နည်းသော အစားအစာများ
ဥပမာ ဟင်းသီးဟင်းရွက်နှင့်ပဲများ
- ကဖင်းဓာတ် မပါသော အရည်များ
- Probiotic ဆေးဝါးဓါတ်စာများတို့ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ Helicobacter pylori ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အစာအိမ်ရောဂါများတွင် Probiotic ဟုခေါ်သော ဆေးဝါးဓာတ်စာများသည် များစွာသက်သာစေနိုင်ကြောင်းတွေ့ရှိရပါသည်။
Probiotic တွင် အစာအိမ်အူလမ်းကြောင်းအတွက် ကောင်းမွန်သော အကျိုးပြု ဘက်တီးရီးယားဖြစ်သည့် Lactobacilli ပါဝင်ပါသည်။ အစာအိမ်ရောင်ခြင်းအတွက် ကောင်းစေသော Probiotic အစားအစာများမှာ ဒိန်ချဉ်၊ ကင်မ်ချီ စသည်တို့ ဖြစ်ပါသည်။
အစာအိမ်ရောင်ခြင်းကို သက်သာစေရန် အစားအစာများကို ပမာဏ နည်းနည်းနှင့် အကြိမ်များများစားပေးရပါမည်။ အစာအိမ် ရောင်ခြင်းကို ထိရောက်စွာ ကုသခြင်းမရှိလျှင် အစာအိမ်အနာသို့ပြောင်းလဲ သွားနိုင်ပါသည်။ ထို့ကြောင့် မပေ့ါဆသင့်ပါ။
အချို့အစာအိမ်ရောင်ခြင်းအမျိုးအစားတွင် သံဓာတ်နှင့် B 12 ဓာတ်စုပ်ယူမှုကို ခက်ခဲစေနိုင်သောကြောင့် သံဓာတ်နှင့် B 12 ချို့တဲ့ခြင်းနှင့် တွဲ၍ တွေ့ရတတ်ပါသည်။ ထို့ကြောင့် ၎င်းဓာတ်များချို့တဲ့ခြင်းမှ ကာကွယ်ရန် အားဆေးများ သောက်သုံးပေးရန် လိုအပ်ပါသည်။
ကုသခြင်း
- pylori ကြောင့် ဖြစ်သော အစာအိမ်ရောင်ခြင်းတွင် ပိုးသတ်ဆေးသောက်ရန်လိုအပ်ပါသည်။
( Antacids ) အစာအိမ်လေဆေးများသည် အစာအိမ်ရောဂါများကို သက်သာစေနိုင်သော်လည်း အစာအိမ်ရောင်ရမ်းသည့် အကြောင်းရင်းကိုမူ အကြောင်းအရင်းကိုမူ ကုသနိုင်ခြင်းမရှိပါ။
နိဂုန်းချုပ်ဆိုရပါမူ အစာအိမ်ရောင်ခြင်းကို သက်သာစေသော အစားအစာများနှင့် Probiotics ဓါတ်စာများကို စားသုံးခြင်းဖြင့် ရောဂါ လက္ခဏာများကို သက်သာစေနိုင်ပါသည်။
အစာအိမ်ရောင်ခြင်းကို အားပေးသော အရက် ၊ Aspirin နှင့် အကိုက်အခဲ ပျောက် ဆေးများကို ရှောင်ကြဉ်သင့်ပါသည်။
ထို့အပြင် စိတ်ဖိစီးမှုကို လျှော့ချခြင်း ၊ အစာများကို နည်းနည်းနှင့် မကြာခဏစားခြင်းဖြင့်လည်း အစာအိမ်ရောင်ခြင်းကို သက်သာစေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။