အရေပြားတွင် အရေးအကြောင်းများပေါ်ပေါက်ခြင်း၊ အရေပြားလျော့တွဲလာခြင်း စသည့် အိုမင်းရင့်ရော်သည့် လက္ခဏာများသည် လူတိုင်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကြုံတွေ့ကြရမည့် ရှောင်လွှဲ၍ မရနိုင်သည့် အရာများ ဖြစ်ကြပါသည်။
ထိုသို့ အိုမင်းရင့်ရော်သည့် လက္ခဏာများ စတင်မပေါ်ပေါက်မီအချိန်တွင် အရေပြားကို အားဖြည့်ထိန်းသိမ်း၍ ကာကွယ်မှုများပြုလုပ်ထားခြင်းသည် ငယ်ရွယ်နုပျိုမှုကို ကြာရှည်ထိန်းသိမ်းထားနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့် အမျှ Collagen နှင့် Elastin ပရိုတင်းများ ထုတ်လုပ်မှုလျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ မျက်နှာတွင်ရှိသော အဆီများ ဆုံးရှုံးလာခြင်းနှင့် မညီမညာပျံ့နှံ့ခြင်းများကြောင့်လည်းကောင်း၊ မျက်နှာတွင်ရှိသော ကြွက်သားများ တဖြည်းဖြည်း အားနည်းယုတ်လျော့လာမှုကြောင့် လည်းကောင်း အရေပြား၏ တင်းရင်းမှုများ ကျဆင်းလာတတ်ပါသည်။
Collagen နှင့် Elastin ပရိုတင်းများသည် အရေပြားကို ချောမွေ့တင်းရင်းစေ၍ အရေးအကြောင်းများ ကင်းစင်စေရန်အတွက် ထိန်းသိမ်းပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။
သို့သော်
- နှစ်ပေါင်းများစွာကြာအောင် နေရောင်ခြည်နှင့် ထိတွေ့ပျက်စီးမှုများကြောင့်သော်လည်းကောင်း၊
- ပတ်ဝန်းကျင်တွင်ရှိသော အညစ်အကြေးများနှင့် ထိတွေ့မှုကြောင့်သော်လည်းကောင်း၊
- နေထိုင်မှုဆိုင်ရာ အလေ့အကျင့်မမှန်မှုများကြောင့် လည်းကောင်း၊
- အသက်အရွယ်ကြီးရင့်လာမှုများကြောင့်လည်းကောင်း စသည့် အကြောင်းရင်းများကြောင့် ထို Collagen နှင့် Elastin ပရိုတင်းများသည် မျက်နှာတစ်ဝိုက်တွင် ပြိုကွဲပျက်စီးသွားတတ်ကြပါသည်။
အသက်အရွယ်ကြီးရင့်လာခြင်းကို ပြန်လည်ငယ်ရွယ်အောင် ပြုလုပ်ရန် မဖြစ်နိုင်သော်လည်း၊ အသက်ရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသည့် အိုမင်းရင့်ရော်မှု၏ လက္ခဏာများကိုမူ နှေးကွေးသွားစေရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများရှိပါသည်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်သည် အရေပြားလျော့တွဲခြင်းကို တင်းရင်းစေသည့် အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပါသည်။
ရှားစောင်းလက်ပပ်တွင် ပါဝင်သော Malic Acid သည် အရေပြား၏ ရုန်းပြန်မှုကို တိုးတက်စေ၍ အရေပြားလျော့တွဲခြင်းကို ပျောက်ကင်းသက်သာစေပါသည်။ ထို့ပြင် ၎င်းသည် အရေပြားကို ရေဓာတ်ဖြည့်တင်းပေးသည့် သဘာဝ ပစ္စည်းတစ်ခုလည်းဖြစ်ပါသည်။
ရှားစောင်းလက်ပပ်မှ အနှစ်များကိုထုတ်ယူ၍ မျက်နှာနှင့် လည်ပင်းတွင် လိမ်းကျံ၍ ၁၅ မိနစ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်နိုင်ပါသည်။ သီတင်းပတ်တစ်ပတ်လျှင် အကြိမ်ပေါင်းမြောက်များစွာ ပြုလုပ်ပေးနိုင်ပါသည်။
နောက်ထပ်နည်းလမ်းတစ်ခုမှာ ရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် မရောနိစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး မျက်နှာနှင့် လည်ပင်းတို့တွင် လိမ်းကာ ၁၅ မိနစ်ခန့်ထားကာ ရေခပ်နွေးနွေးဖြင့် ဆေးချပါ။ ဤနည်းကို တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါသည်။
သံပရာသီး
သံပုရာသီးတွင် ပါဝင်သော ဗီတာမင် C သည် Collagen ထုတ်မှုကိုတိုးတက်စေ၍ အရေပြား၏ တင်းရင်းမှုကို ကောင်းမွန်စေပါသည်။
ထို့ပြင် သံပုရာသီးသည် အရေပြားကို ကျုံ့စေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် အရေပြားကို တင်းရင်းစေ၍ အရေးအကြောင်းများကို သက်သာစေပါသည်။
သံပရာရည်ကို မျက်နှာနှင့် လည်ပင်းတို့အပေါ်တွင် ဖြည်းညင်းစွာပွတ်လိမ်းပါ ၅ မိနစ် ၁၀ မိနစ် ခန့်ထားပေးပြီး နောက်တွင် ရေဖြင့် ဆေးချပါ။ တစ်နေ့လျှင် ၂ ကြိမ် ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါသည်။ ထိုနောက် ရေဓာတ်ဖြည့်တင်းသည့် Moisturizer တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါသည်။
နောက်ထပ်နည်းလမ်းတစ်ခုမှာ သံပရာသီးတစ်ခြမ်းကို အရည်ညှစ်၍ ရေအေးတစ်ဖန်ခွက်ထဲသို့ထည့်ပါ။ ထိုအရည်ကို မျက်နှာသစ်ပြီးသည့်အခါတိုင်း မျက်နှာပေါ်သို့ လက်ဖြင့်တောက်ကာ စွတ်ဖြန်း၍ ခြောက်သွေ့အောင်ထားရှိပါ။ တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ် အထိပြုလုပ်ပေးနိုင်ပါသည်။
သခွားသီး
သခွားသီးသည် အရေပြားလျော့တွဲမှုကို သက်သာစေသည့် သဘာဝ Toner တစ်ခုဖြစ်ပါသည်။ ထို့အပြင် အရေပြားကို ပြန်လည်လန်းဆန်းစေသည့်အပြင် အားအင်လည်း ပြန်လည်ဖြည့်တင်းပေးပါသည်။
သခွားသီး တစ်ဝက်ခန့်ကို ကြိတ်၍ အရည်ညှစ်ပါ။ ထို့နောက် ထိုအရည်ကို မျက်နှာပေါ်တွင် လိမ်းကျံ၍ ခြောက်သွေ့အောင်ထားပါ။ ထို့နောက် ရေအေးဖြင့် ဆေးချပါ။ တစ်နေ့တစ်ကြိမ် နေ့စဉ် ပြုလုပ်ပေးနိုင်ပါသည်။
နောက်ထပ်နည်းလမ်းတစ်ခုမှာ သခွားသီးအရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ကြက်ဥအကာတို့ကို ရော၍ ဗီတာမင် E အစက် ၃ စက်မှ ၅ စက်အထိ ရောပါ။ ထိုရရှိလာသည့် အရည်ကို မျက်နှာ၊ လည်ပင်းတို့တွင် လိမ်းကျံ၍ ၁၅ မိနစ် ခန့်ထားပြီးနောက်ရေအေးဖြင့် ဆေးချပါ။ တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါသည်။
ပျားရည်
ပျားရည်သည် အရေပြားလျော့တွဲခြင်းကို ကာကွယ်ပေးနိုင်သည့် သဘာဝရေဓာတ်ဖြည့်တင်းပေးသည့် အရာဖြစ်ပါသည်။
ထို့ပြင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနှင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သည့် အစွမ်းသတ္တိများရှိပါသည်။
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်းထဲသို့ သံပရာသီးနှင့် သံလွင်ဆီ အစက်အနည်းငယ်ရောပါ။ ထို့နောက် မျက်နှာ၊ လည်ပင်းတို့ကို လိမ်းကျံပြီးခြောက်သွေ့အောင် ထားရှိပြီးနောက်ရေနွေးဖြင့် ဆေးချပါ။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါသည်။
အဆီဖြင့် နှိပ်နယ်ခြင်း
မျက်နှာနှင့် လည်ပင်းကို သံလွင်ဆီကဲ့သို့သော အဆီတစ်မျိုးမျိုးဖြင့် လိမ်းကျံနှိပ်နယ်ပေးခြင်းအားဖြင့် အရေပြားကို ချောမွေ့စေသည့်အပြင် တင်းရင်းလှပစေပါသည်။
သံလွင်ဆီတွင် ဗီတာမင် A ၊ ဗီတာမင် E ကဲ့သို့သော အိုမင်းရင့်ရော်မှု၏ လက္ခဏာများကို ကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါသည်။
ထို့ပြင် အရေပြားကို ရေဓာတ်ကောင်းစွာ ဖြည့်တင်းနိုင်ရန်လည်း ကူညီပေးနိုင်ပါသည်။
သံလွင်ဆီ အနည်းငယ်ကို Microwave မီးဖိုဖြင့် အနည်းငယ်နွေးလာအောင် နွှေးပါ။ ထို့နောက် ထိုအဆီခပ်နွေးနွေးလေးကို မျက်နှာပေါ်တွင်လိမ်း၍ လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း လှည့်ပတ်ပွတ်နယ်၍ ၁၀ မိနစ်ခန့် ကြာအောင် နှိပ်နယ်ပေးပါ။ အိပ်ရာမဝင်ခင်အချိန်တိုင်း တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါသည်။ သံလွင်ဆီအပြင် ထောပတ်သီးဆီ၊ အုန်းဆီ၊ JoJoba ဆီ၊ အယ်လ်မွန်ဆီ တို့ကိုလည်း အသုံးပြုနိုင်ပါသည်။
Author : Dr. မိုး (ဆေး ၁)