လေ့ကျင့်ခန်းလုပ်ခြင်းသည် ဆီးချိုသွေးချိုရှိသူများအတွက် အသင့်တော်ဆုံးလုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် သင့်တော်သောဆေးဝါးများကို အချိန်မှန်သောက်သုံးခြင်းများသည် ဆီးချိုသွေးချိုရှိသူများ မဖြစ်မနေလုပ်ဆောင်သင့်သည့် လုပ်ဆောင်ချက်များဖြစ်ပါသည်။
အကယ်၍အဝလွန်နေပါက လေ့ကျင့်ခန်းပြုလုပ်ရန် ပိုမိုလိုအပ်လာမည်ဖြစ်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း၏အရေးပါပုံ
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းရန်အတွက်အရေးပါသကဲ့သို့ ပိုလျှံသောအဆီများကို လောင်ကျွမ်းစေ၍ ခန္ဓာကိုယ်၏ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်အတွက်လည်း အရေးကြီးပါသည်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးတွင်း Cholesterol များကို ထိန်းသိမ်းပေးခြင်း၊ သွေးပေါင်ချိန်များကို လျော့နည်းစေခြင်းတို့ကို ဖြစ်စေသည့်အပြင် သွေးလည်ပတ်မှုကို ကောင်းစေ၍ နှလုံးနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွားနိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါသည်။
ထို့ပြင် ကြွက်သားများ၏ သန်စွမ်းမှုကိုလည်းတိုးတက်စေ၍ အရိုး၏သိပ်သည်းဆကိုလည်း မြင့်မားလာစေပါသည်။ စိတ်ဖိစီးမှုများကို လျော့ကျစေသည့်အပြင် ကင်ဆာကဲ့သို့ပြင်းထန်သည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိသော လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဘဝ၏အရည်အသွေးများကို တိုးမြင့်စေရန် ကူညီပေးနိုင်သည့်အရာတစ်ခုလည်းဖြစ်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် သွေးတွင်းသကြားဓာတ်ပမာဏ
လေ့ကျင့်ခန်းပြုလုပ်သည့်အခါ ခန္ဓာကိုယ်က ဂလူးကို့စ်များကို လောင်စာအဖြစ်အသုံးပြုရပါသည်။ ကြွက်သားများသည် ပုံမှန်အချိန်နဲ့စာလျှင် လေ့ကျင့်ခန်းပြုလုပ်သည့်အခါ ဂလူးကို့စ်များကို အဆ ၂၀ ခန့် ပိုမိုအသုံးပြုပါသည်။ ဤနည်းအားဖြင့် သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းပေးနိုင်ပါသည်။
အကယ်၍ အင်ဆူလင်ကို ထိုးနှံနေရပါက လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အင်ဆူလင်လိုအပ်သည့်ပမာဏကို လျှော့ချပေးနိုင်သည့် အချက်တစ်ချက်ဖြစ်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အင်ဆူလင်
ဆီးချိုသွေးချိုရှိသောသူများ လေ့ကျင့်ခန်းကို ပြုလုပ်သည့်အခါ လေ့ကျင့်ခန်းပြုလုပ်သည့်နေရာများတွင်ရှိသောဆဲလ်များသည် ဂလူးကို့စ်များကို သွေးကြောအတွင်းမှ လျင်မြန်စွာရယူပါသည်။ ထို့ပြင် အင်ဆူလင်၏တုံ့ပြန်မှုများသည်လည်း ပိုမိုတိုးတက်လာသောကြောင့် အင်ဆူလင် လိုအပ်သည့်ပမာဏကို လျော့နည်းလာစေနိုင်ပါသည်။
ထိုသို့ အင်ဆူလင်လိုအပ်ချက် လျော့နည်းလာချိန်တွင် ပုံမှန်အတိုင်း အင်ဆူလင်ပမာဏကို ဆက်လက်ထိုးနှံနေပါက သွေးတွင်းသကြားဓါတ်များလိုအပ်သည်ထက် ပိုမိုကျဆင်းမှုကို ဖြစ်စေနိုင်သည့်အတွက်ကြောင့် ထိုးနှံသည့် အင်ဆူလင်ပမာဏကို ပြန်လည်ချိန်ညှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ပြုလုပ်သင့်သောလေ့ကျင့်ခန်းများ
အေရိုးဗစ်လေ့ကျင့်ခန်းများသည် နှလုံးခုန်နှုန်းကိုလျင်မြန်လာစေ၍ ချွေးထွက်အောင်ပြုလုပ်ပေးနိုင်သည့်အတွက် အကျိုးကျေးဇူးအများဆုံး လေ့ကျင့်ခန်းများဖြစ်ပါသည်။
အေရိုးဗစ်လေ့ကျင့်ခန်းများတွင် လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကြိုးခုန်ခြင်း စသည်တို့ပါဝင်ကြပါသည်။
လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်သည့်အချိန်တွင် ပေါ့ပေါ့ပါးပါးနှင့် ခဏတစ်ဖြုတ်သာ ပြုလုပ်သင့်ပါသည်။ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းနှင့် လေ့ကျင့်ခန်း၏ ပြင်းအားနှင့် ကြာချိန်များကို တိုးတက်လာစေသင့်ပါသည်။
ပုံမှန်အားဖြင့် တစ်ပတ်လျှင် အလယ်အလတ်စား ပြင်းထန်မှုရှိသည့် အေရိုးဗစ်လေ့ကျင့်ခန်းများကို မိနစ် ၁၅၀ ခန့် ပြုလုပ်သင့်ကြောင်း ဆရာဝန်များကထောက်ခံထားကြပါသည်။ ထိုသို့ ပြုလုပ်သည့် မိနစ် ၁၅၀ အတွင်းတွင် အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းများကို ထည့်သွင်းတွက်ချက်ခြင်း မပြုရပါ။
အချိန်ကြာမြင့်စွာထိုင်ခြင်း၊ လဲလျောင်းခြင်းများသည် အဝလွန်ခြင်းကိုဖြစ်စေသည့်အတွက် ထိုသို့ ပြုမူနေထိုင်ခြင်းများကို ရှောင်ရှားသင့်သကဲ့သို့ ကိုယ်လက်လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်သင့်ပါသည်။
အမျိုးအစား ၂ ဆီးချိုသွေးချိုရှိသူများအတွက် ကြွက်သားများသန်စွမ်းစေသော လေ့ကျင့်ခန်းများသည်လည်း ကောင်းကျိုးပြုကြောင်းတွေ့ရှိရပါသည်။ ထိုသို့ကြွက်သားများသန်စွမ်းစေသော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးသင့်ကြောင်း ဆေးပညာရှင်များက ထောက်ခံထားကြပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအားဖြင့် သွေးတွင်းအချိုဓာတ်များကို ထိန်းသိမ်းခြင်းများအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရယူနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။
Author : Dr. မွန်