ခေါင်းကိုက်ခြင်းဝေဒနာသည် ခံရခက်သောဝေဒနာတစ်ခုဖြစ်ပြီး အသက်ကြီးငယ်မရွေး ကြုံတွေ့ဖူးနိုင်သည့် ပြဿနာတစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှုကြောင့်ဖြစ်ရသည့် ခေါင်းကိုက်ဝေဒနာ Tension Headache သည် အဖြစ်အများဆုံးခေါင်းကိုက်ဝေဒနာဖြစ်သည်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်သော အကြောင်းအရင်းကို အတိအကျ မသိရှိရသော်လည်း မျိုးရိုးလိုက်ခြင်းနှင့် စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ အလုပ်ပင်ပန်းခြင်း၊ ဦးခေါင်းနှင့်လည်ပင်းရှိ ကြွက်သား၊ အရွတ်စသည်တို့ ဒဏ်ရာရခြင်း၊ ပုံစံအနေအထား ပုံမမှန်ခြင်း၊ ဆာလောင်ခြင်းစသည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
သက်လတ်ပိုင်းနှင့် အမျိုးသမီးများတွင် အဖြစ်များတတ်ပြီး အရွယ်မရွေး ခံစားရနိုင်ပါသည်။ စိတ်ဖိစီးမှုကြောင့်ဖြစ်ရသည့် ခေါင်းကိုက်ဝေဒနာခံစားရသူ၏ ၉၀% ခန့်သည် အမျိုးသမီးများ ဖြစ်ပါသည်။ စိတ်ဖိစီးမှုများသည့်အခါ လည်ပင်းမှစ ခေါင်းရှေ့ဘက်၊ဘေးဘက်နှင့် နဖူးရှိကြွက်သားများတင်းပြီး ဦးခေါင်း၂ ဖက်လုံးတွင် ကြိုးကွင်းနှင့်စည်းထားသကဲ့သို့ တင်းကျပ်မှုဝေဒနာကို တဖြည်းဖြည်း ခံစားရတတ်သည်။ အခြားအကြောင်းရင်းကြောင့် ခေါင်းကိုက်ခြင်းကဲ့သို့ ရုတ်တရက်မဖြစ်ပေါ်သည့်အပြင် ပျို့အန်ခြင်းလည်းမရှိပါ။ အသံ၊ အလင်းရောင်တို့အား မခံနိုင်ခြင်းကို တစ်ခါတစ်ရံ တွေ့ရတတ်ပါသည်။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်လျှင် နဖူးကြောများတင်းပြီး ဦးခေါင်းကြွက်သားများနာခြင်း၊ နဖူးနှင့်ဦးရေပြားများအထိမခံနိုင်ခြင်း၊ ခေါင်းတစ်ခုလုံးထုံထိုင်းနေခြင်း၊ အာရုံစိုက်မရဖြစ်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရနိုင်ပါသည်။ ခေါင်းကိုက်ဝေဒနာသည် နာရီပေါင်းများစွာ၊ အချို့သူများတွင် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်အတော်ကြာ ခံစားရလေ့ရှိပါသည်။
ဆရာဝန်မှ လူနာကို ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အခြားခေါင်းကိုက်စေနိုင်သည့် အကြောင်းရင်းများကို ရှာဖွေစစ်ဆေးမှုပြုခြင်းတို့ဖြင့် စိတ်ဖိစီးမှုကြောင့်ဖြစ်ရသည့် ခေါင်းကိုက်ဝေဒနာ ရောဂါကိုသိရှိနိုင်ပါသည်။ ခေါင်းကိုက်ခြင်း ဝေဒနာ ရုတ်တရက် ပြင်းထန်စွာခံစားလာရလျှင်၊ အမြင်အာရုံထိခိုက်ခြင်း၊ အခြားသောလက္ခဏာများ ပေါ်လာလျှင် ဦးခေါင်းဓာတ်မှန်၊ သံလိုက်စက်ကွင်းသုံး ဓာတ်မှန် (MRI) ၊ ကွန်ပျူတာဓာတ်မှန် (CT Scan) တို့ဖြင့် စစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရသူများသည် ခေါင်းကိုက်ခြင်း ဖြစ်စေနိုင်သည့် စိတ်ပူပန်မှု နည်းနိုင်သမျှနည်းအောင် ( Stress Management) နေထိုင်သင့်ပါသည်။ အစားကို အချိန်မှန်စားခြင်း၊ အိပ်စက်အနားယူချိန် ပုံမှန်အိပ်ခြင်း၊ အလုပ်အလွန်အကျွံမလုပ်ခြင်း၊ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ပေးသင့်သည်။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းသည် တစ်လလျှင် ၁၅ ရက်မကျော်လျှင် Episodic Form ဟုသတ်မှတ်သည်။ ၁၅ ရက်ထက်ပိုပြီး လနှင့်ချီ နာတာရှည်ခံစားရသော ခေါင်းကိုက်ဝေဒနာကို Chronic Tension-type Headache (CTTH) ဟုသတ်မှတ်ပါသည်။ နာတာရှည် ခေါင်းကိုက်ဝေဒနာသည် ကုရခက်ခဲပြီး ဂရုတစိုက်ကုသမခံရဘဲ ရှိနေတတ်သည့် အခြေအနေတစ်ခုဖြစ်ပါသည်။
လေ့ကျင့်ခန်းဖြင့် ကုသခြင်း Physical Therapy၊ သိမြင်ခြင်းနှင့် အပြုအမူပိုင်းဆိုင်ရာကုထုံး Cognitive Behavioural Therapy၊ ယောဂကျင့်ခြင်း၊ နှိပ်နယ်ပေးခြင်းကဲ့သို့ စိတ်ဖိစီးမှုပြေလျော့စေသော ကုထုံးများ Relaxation Therapy၊ ဇီဝတုံ့ပြန်မှုကုသနည်းများ Biofeedback ၊ အပ်စိုက်ကုသခြင်း၊ အကိုက်အခဲပျောက်ဆေးများနှင့် ဆီရိုတိုနင် Serotonin ပါသောဆေးများ အသုံးပြု၍ စိတ်ဖိစီးမှုကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာကို ကုသနိုင်ပါသည်။