လူတစ်ယောက်၏ ကိုယ်ခံအားဆိုသည်မှာ ထိုသူအား ပြင်ပ ရောဂါပိုးမွှားများ အန္တရာယ်မှကာကွယ်ပေးထားသော စနစ်တစ်ခုဖြစ်သည်။ ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်လာသော ပိုးမွှားများအား တိုက်ထုတ်ရန်အတွက် ကိုယ်ခန္ဓာမှနေ၍ ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုနေတတ်သည်။
ကိုယ်ခံအားနည်းသွားပါက ရောဂါပိုးမွှားများ အလွယ်တကူ၀င်ရောက်လာမည် ဖြစ်သည်။
ကိုယ်ခံအားနည်းနေသော လက္ခဏာများမှာ-
၁။ မောပန်းခြင်း၊
၂။ အပင်ပန်းမခံနိုင်ခြင်း၊
၃။ မကြာခဏ ဖျားနာခြင်းနှင့် အအေးမိခြင်း၊
၄။ ဖျားနာခြင်းများ ဖြစ်ပေါ်လျှင်လည်း အဖျားတာရှည်နေခြင်း၊
၅။ မကြာခဏ ၀မ်းပျက်၀မ်းလျှော ဖြစ်ခြင်း၊
၆။ ကိုယ်ခန္ဓာတွင် အရေပြား မှိုရောဂါများ ဖြစ်ပွားခြင်းနှင့်
၇။ ပါးစပ်နှင့် အာခေါင်တစ်လျှောက်တွင် အနာများပေါက်ခြင်းတို့
ဖြစ်ပွားတတ်သည်။
ထိုလက္ခဏာများ ခံစားရလျှင် မိမိတွင် ကိုယ်ခံအားနည်းနေသည်ကို သိနိုင်မည်ဖြစ်သည်။
ကိုယ်ခံအားနည်းစေသော အကြောင်းအရာများမှာ-
၁။ အသက်အရွယ်ကြီးရင့်ခြင်း၊
၂။ အစာအာဟာရချို့တဲ့ခြင်း၊
၃။ စိတ်ဖိစီးမှုများခြင်း၊
၄။ စိုးရိမ်ပူပန်မှုများခြင်း၊
၅။အရက်ဘီယာများအလွန်အကျွံ သောက်သုံးခြင်း၊
၆။ အသည်းရောဂါရှိနေခြင်း၊
၇။ကင်ဆာရောဂါမျာရှိနေခြင်း၊
၈။ ခုခံအားကျဆင်းမှုရောဂါဖြစ်စေသော HIV ပိုးရှိခြင်း နှင့်
၉။ကင်ဆာရောဂါကုထုံးတို့ဖြစ်သည်။
ကိုယ်ခံအားနည်းနေပြီဆိုလျှင် စိတ်ဖိစီးမှုများ လျှော့ချကာ စိတ်ရောလူပါ အပန်းဖြေရမည်။ အဟာရပြည့်၀အောင် စားသောက်ရမည်။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင်ရမည်။
ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းအောင်အပြင် စိတ်ကျန်းမာခြင်းကိုလည်း ပြုလုပ်ပေး ရမည်။ စိတ်တည်ငြိမ်မှုရှိအောင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများ ပြုလုပ်ပေးရမည်။
ယခုလို COVID ရောဂါ ဖြစ်ပွားနေချိန်တွင် ကိုယ်ခံအားကောင်းအောင် နေထိုင်၍ ရောဂါကို တိုက်ခိုက်နိုင်စွမ်းအားကို မြင့်တင်ထားကြပါဟု အကြံပေးချင်ပါသည်။