ခေါင်းဖြီးတဲ့အခါ လက်မြောက်လို့ မရဘူး ၊နောက်ကျော ကြယ်သီးတပ်လို့ မရဘူး ၊ထဘီပတ်ရင်တောင် ပခုံးကနာတယ် ဆိုပြီး လာပြလေ့ ရှိတဲ့ ပုခုံးခဲခြင်း ဝေဒနာ အကြောင်း ပြောပြပါ့မယ်။
ပုခုံးနာတယ်ဆိုတာ ပုခုံးအဆစ်ထဲရှိ အဆစ်ကိုထိန်းထားတဲ့ အရွတ်ပြား ခဲပြီးရောင်ခြင်းပါ။ ထိုအရွတ်က လက်ကို အပေါ်မြောက်တဲ့အခါ ထိန်းထားပေးတာပါ။ ဒါကြောင့် ထိုအရွတ်ရောင်ရင် လက်ကို ဘေးကနေ ခေါင်းပေါ်စမြောက်တဲ့အခါ နာမယ် ၊ဆက်မြောက်ရင် သက်သာသွားတယ်။
ပုခုံးနာဝေဒနာကို မနက်မိုးလင်း အိပ်ရာထမှာ ပိုခံစားရတတ်တယ်။ မနက်မိုးလင်း အိပ်ရာထတာနဲ့ ပုခုံးတင်းပြီး မြောက်မရ ၊ပြုမရ နဲ့ အခံရခက်လှပါတယ်။ ဖိအိပ်မိရင်လည်း ပုခုံးက ပိုနာပါတယ်။ ဒါကြောင့်ဖြစ်တဲ့ဘက်ကို စောင်းမအိပ်ပါနဲ့။ ပုခုံးရဲ့ လှုပ်ရှားမှုဟာ လက်မြှောက်တာ ၊လက်ချတာ ၊အကွေးအဆန့် စသဖြင့်လှုပ်ရှားရပါတယ်။ ထိုလှုပ်ရှားမှုအကုန် လုပ်လို့ နာရင် ပုခုံးခဲ ဝေဒနာဆိုတာ ကြိမ်းသေ သလောက်ပါပဲ။
အသက် ၅၀ ကျော် ၊၆၀ကျော် အရွယ်တွေ ၊ဆီးချို ရောဂါ ၊သိုင်းရွိုက်ဂလင်းရောဂါ ၊နှလုံးရောဂါဖြစ်သူတွေမှာ ပိုတွေ့ရတတ်တယ်။
ပုခုံးခဲ ဝေဒနာမှာ အဆင့် ၃ ဆင့်ရှိတယ်။ ပထမ အဆင့်က အရွတ်ရောင်လို့ နာတဲ့အဆင့်၊ လှုပ်ရှားလည်းနာ ၊မလှုပ်ရှားလည်းနာ ၊ဘာလုပ်လုပ်နာနေတယ်။အကိုက်အခဲ ပျောက်ဆေးသောက်လည်း မသက်သာဘူး။ ဒီအဆင့်ဟာ ၂လ၃လ ကြာတဲ့အထိ နာတတ်တယ် ။
ဒုတိယ အဆင့်ကတော့ ပုခုံးခဲ တဲ့အဆင့်၊ ခဲတယ် ဆိုတဲ့အတိုင်း ပုခုံးက လှုပ်မရ ခဲနေတတ်။ ဒီအဆင့်ကျတော့ ၄လကနေ ၁နှစ်လောက အထိ ကြာတတတယ် ။ နောက်ဆုံးအဆင့်ကျတော့ ပြန်ကောင်းတဲ့အဆင့် အနည်းဆုံး ၄လလောက် တဖြည်းဖြည်းချင်း ပြန်ကောင်းတတ်တယ်။ ပုံမှန်အတိုင်း ပြန်လှုပ်ရှားဖို့က ၁နှစ်လောက်ကြာတယ်။ လူတစ်ရာမှာ ငါးဆယ်လောက်က သူ့အလိုလို ပြန်ကောင်းနိုင်တယ်ဆိုပေမယ့် သုံးဆယ်လောက်က လှုပ်ရှားရတာ ပုံမှန်လောက် မကောင်းဘူး ၊ နှစ်ဆယ်လောက်က လက်မမြောက်နိုင်တာတွေ တွေ့ရတတ်တယ် ။
ပုခုံးနာရောဂါဟာ ရေရှည်ကုရတဲ့ ရောဂါပါ။ စိတ်ရှည်ဖို့လိုတယ်။ သောက်ဆေးတွေနဲ့ချည်း ကုသလို့ မရပါ။ Physiotherapy လို့ခေါ်တဲ့ လေ့ကျင့်ခန်းကုထုံးနဲ့ အသံလှိုင်း Ultrasound ကုထုံးနဲ့ ကုပြီးမှ ခဲနေတာတွေကို အရင်သက်သာအောင် လုပ်ရပါတယ်။ လေ့ကျင့်ခန်းကတော့ တဘက်တစ်ထည်ကိုယူပြီး ကောင်းတဲ့လက်ကကိုင်မြောက်ပြီး ကျောကုန်းနောက်ချ နာတဲ့လက်က တဘက်အောက်စကိုဆွဲ ကျောကုန်းရေသုတ်သလို ဖြည်းဖြည်းချင်း လုပ်ပါ။
နောက်တစ်နည်းကတော့ နာတဲ့လက်ကို ရှေ့တန်းတန်းဆန့် ၊မနာတဲ့လက်က နာတဲ့လက်ရဲ့ တံတောင်ကို ဖမ်းဆုပ်ပြီး ကောင်းတဲ့ဘက်ကို ဖြည်းဖြည်းချင်းဆွဲပါ။ ဒီလိုတွေ လုပ်ခြင်းဖြင့် အရွတ်ရောင်တာတွေကို သက်သာစေတယ်။ ခဲတာ သက်သာသွားရင် သောက်ဆေး ထိုးဆေးတွေနဲ့ ကုလို့ရပါတယ်။
ဒါကြောင့် ပုခုံးနာ ပထမအဆင့်ကတည်းက ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေနဲ့ ပြသဖို့လိုတယ်။ အချိန်မီ မကုရင် ခွဲစိတ်ရတဲ့အဆင့်ထိဆိုးရွားသွားနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။
Author : ခေတ်သစ် ဇီဝက