`အစာစားပြီး နေလို့မကောင်းဘူး။ အစာမကြေသလို ရင်ခေါင်းတောင့်နေတယ်´လို့ အများစုကခံစားဖူးကြပါတယ်။
အစာမကြေခြင်းလို့ပြောရခြင်းမှာ လေပွမယ်၊ ပျို့အန်မယ်၊ ရင်ပူမယ်။
ဘာလို့အစာမကြေဖြစ်တာလဲ ဆိုတော့အစာအိမ်နဲ့ အူလမ်းကြောင်း ကာရံထားတဲ့ အကျိအချွဲ အမြှေးပါးကို အက်ဆစ်ဓာတ်နဲ့ တွေ့ထိကာ အစာမကြေဖြစ်ပါတယ်။ အက်စစ်ဓာတ်က အကျိအချွဲအမြှေးပါးကို ဖျက်ဆီးကာ ရောင်ရမ်းစေပြီး အစာမကြေခြင်းလက္ခဏာများ ဖြစ်စေပါတယ်။
အစာမကြေဖြစ်ရတဲ့ အကြောင်းရင်းကတော့ မိမိရဲ့အစားအသောက်၊ ပိုးကူးခြင်းနှင့် ဆေးဝါးများကြောင့် ဖြစ်စေပါတယ်။ လူအများစုက အစာအိမ်နေရာနဲ့ ရင်ဘတ်နေရာတွင် အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းကို ခံစားရလေ့ရှိပါတယ်။ အစာစားပြီး အရည်သောက်ပြီးနောက် ဒီလိုလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
အချို့လူများက အစာအနည်းငယ် စားရုံနဲ့ အများကြီး စားသကဲ့သို့ ပြည့်အင့်လာတတ်ပါတယ်။ ရင်ပူခြင်းနှင့် အစာမကြေခြင်းမှာ သီးခြားအခြေအနေတွေ ရှိပါတယ်။ ရင်ပူခြင်းက အစာစားပြီးနောက် ရင်သားနေရာတွင် ပူသောခံစားချက်ဖြစ်နေခြင်းကို ဆိုလိုပါတယ်။ အစာမကြေခြင်း လက္ခဏာများကတော့ ပျို့အန်ခြင်း၊ လေပွခြင်းနှင့် ပြည့်အင့်ခြင်းတို့ပါတယ်။ အစာမကြေခြင်းသည် ကင်ဆာလက္ခဏာ ဖြစ်ဖို့ကတော့ အလွန်ခဲယဉ်းပါတယ်။
အစာမကြေခြင်းသည် နှစ်ပတ်ထက်ကျော်လွန် ခံစားရခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အစားအသောက်ပျက်မယ်၊ အန်မယ်၊ ဝမ်းအမဲသွားမယ်၊ မျက်လုံးဝါ အသားဝါမယ်၊ ရင်ဘတ်နာမယ်၊ အသက်ရှူရခက်မယ်၊ ချွေးထွက်မယ်၊ ရင်ဘတ်အောင့်တာ လက်မောင်းလည်ပင်းထိပြန့်နှံခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
အစာမကြေခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများကတော့ မိမိရဲ့ နေထိုင်မှုစနစ်နဲ့ အများဆုံး သက်ဆိုင်ပါတယ်။ အစာမကြေခြင်း ဖြစ်ရတဲ့အကြောင်းရင်း အများစုကတော့
– အစာအများကြီးစားခြင်း
– အစာအမြန်စားခြင်း
– အဆီပါသောအစာများ စားခြင်း
– အပူအစပ်စားခြင်း
– ကဖိန်းဓာတ်ပါသော အစားအသောက်များ
– ချောကလက် အများကြီးစားခြင်း
– စိတ်ဖိစီးမှုများခြင်း
– သည်းခြေကျောက်တည်ခြင်း
– အစာအိမ်ရောင်ခြင်း၊ ပိုးဝင်ခြင်း
– အဝလွန်ခြင်း
– ပန်ကရိယရောင်ခြင်း
– အစာအိမ်အနာဖြစ်ခြင်း
– ဆေးလိပ်သောက်ခြင်း
– ပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက် ဆေးများသောက်ခြင်း
– အစာအိမ်ကင်ဆာဖြစ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
တစ်ခါတရံအစာမကြေခြင်း ဖြစ်ရတဲ့အကြောင်းရင်း ရှာမတွေ့တာ ဖြစ်တတ်ပါတယ်။ လူအများစုတွေအစာမကြေခြင်းသည် အရေးမကြီးတတ်ပါ။ ဆရာဝန်နှင့် ပြစရာမလိုဘဲ သက်သာသွားတတ်ပါတယ်။ ပြင်းထန်လာမှသာ ပြလေ့ရှိပါတယ်။ ဆရာဝန်နှင့် ပြသလျှင် အကြောင်းရင်းရှာရန် သွေးစစ်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း၊ ပိုးမွေးခြင်း၊ အသည်းစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းနှင့် CT ရိုက်ခြင်း စသည်ဖြင့် ရောဂါရှာဖွေရပါမယ်။
အစာမကြေခြင်းအတွက် ကုသနည်းများကတော့ ဘာကြောင့်ဖြစ်လဲပေါ် မူတည်ကုသရပါတယ်။ မိမိအစားအသောက် နေထိုင်မှု့စနစ်ကို ပြောင်းလဲရပါမယ်။ မိမိစားတဲ့အစာများတွင် အဆီ၊ အစိမ်၊ ကဖိန်း၊အပူအစပ် ရှောင်ရပါမယ်။ တစ်နေ့ ၇နာရီခန့်အိပ်ပါ။ ဆေးဝါးများအနေနဲ့ အစာကြေဆေးများ ဝါးစားလို့ ရပါတယ်။ တခြား အက်ဆစ်ဓာတ် လျော့နည်းစေသောဆေးများ သောက်သုံးရပါမယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်ခဲ့ရင် စိတ်ငြိမ်ဆေး လိုအပ်ပါတယ်။ ပိုးသတ်ဆေးများလည်း လိုအပ်နိုင်ပါတယ်။ အစာမကြေသူများက အကိုက်အခဲပျောက်ဆေးများ အလွယ်တကူ မသောက်သင့်ပါ။
အစာမကြေမှု ပြင်းထန်စွာ ခံစားရလျှင် နောက်ဆက်တွဲအနေနဲ့ အက်ဆစ်ဓာတ် အပေါ်သို့တက်သောကြောင့် အစာမျိုပြွန် ကျဉ်းနိုင်တယ်။ အစာမျိုရ ခက်လာနိုင်ပါတယ်။ အစာအိမ် နံရံပျက်ဆီး၍ အစာအိမ်အဝ ကျဉ်းနိုင်ပါတယ်။ ထို့အပြင် ဝမ်းဗိုက်နံရံ ရောင်ရမ်းခြင်းများ ဖြစ်နိုင်ပါတယ်။
Author : Dr. ပြည့်ရှင်း