ကိုယ် သိထားတဲ့ ကျန်းမာရေးဆိုတာ
ကျွန်မတို့လို ခရီးသွားနေတဲ့သူတွေအတွက် ကျန်းမာရေးက ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာမှ သွားနိုင်မှာလေ၊ မကျန်းမာရင် အနည်းဆုံး ခေါင်းမူးနေရင်တော့ ခရီးသွား ချင်စိတ် မရှိဘူး။ လူ မကျန်းမာရင် စိတ်ပါ မကျန်းမာတော့ဘူး၊ သွားချင် လာချင်စိတ် မရှိဘူး။ အဲဒီတော့ ကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးက ပိုပြီးတော့ အရေးကြီးလာပါတယ်။
ကိုယ်တိုင်လည်း ခရီးတွေ အမြဲထွက်ဖြစ်နေတော့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ပါသလဲ။
ခရီးသွားရတာ များလွန်းတဲ့အတွက် ပြန်လာရင် ကောင်းကောင်းနားလိုက်တယ်။ အိပ်တာနဲ့ နားတာကို သေသေချာချာ လုပ်ဖြစ်တယ်။ စိတ်ကို Relax လုပ်ဖြစ်တယ်။ အဲဒီလိုဆို ဘာမှ မဖြစ်တော့ဘူး။
အစားအသောက်ပိုင်းနဲ့ပတ်သက်လို့ ခရီးတွေ ထွက်တဲ့အခါမှာလည်း ဘယ်လိုတွေ စားသုံးဖြစ်ပါသလဲ။
ကျွန်မ သွားတဲ့နိုင်ငံတွေက မတူတဲ့အတွက်ကြောင့် အစားအသောက်က အကုန်စားရတာလေ။ ဂျပန် ရောက်ရင် ဂျပန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ရှိတယ်။ ကိုရီးယားရောက်ရင် အကင်တွေ ဖြစ်သွား ပြန်ရော၊ အဲဒီလိုတွေ ဖြစ်ကုန်တာ။ ဥရောပဖက်ရောက်ရင် ကိုယ် မကြိုက်တဲ့ ပီဇာတို့၊ စပါကတီတို့၊ ကယ်လိုရီများတဲ့ ဝက်အူချောင်း စတဲ့အစားအစာတွေ ဖြစ်သွားပြန်ရော၊ နောက် အမေရိကားဖက်ရောက်ရင် ဘာကာတွေ ဖြစ်သွားပြန်တယ်။ ကိုယ်ကလည်း နိုင်ငံတကာ သွားနေရတာဖြစ်တဲ့အတွက် သူတို့ရဲ့ အစားအ သောက်ကလည်း ဒီကထက်စာရင် ပိုသန့်ရှင်းတယ်။ ကိုယ်နဲ့မတည့်လို့ Poison ဖြစ်တာ မရှိဘူး၊ Food Safety ဖြစ်တယ် ပြောရမှာ။
အသားအရေ အလှအပပိုင်းနဲ့ ပတ်သက်လို့ ထိန်းသိမ်းဖြစ်ပုံကိုလည်း သိပါရစေ။
အသားအရေကတော့ မထိန်းသိမ်းလို့ မရဘူး။ ကမ်းခြေတွေ သွားရင်လည်း Lotion လိမ်းရတယ်။ တအား အေးတဲ့နေရာတွေ ရောက်ရင် အသားတွေကွဲတာတွေ ဖြစ်တတ်တဲ့အတွက် အသားအရေ ထိန်းရတာခက် တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့အဆင်ပြေတဲ့ Lotion တွေ သေချာလိမ်းတယ်။ ကျွန်မဆိုရင် ပိုဆိုးတယ်၊ ရောက်တဲ့တနိုင်ငံနဲ့ တစ်နိုင်ငံက ရာသီဥတု မတူတဲ့အတွက် ရေများများသောက်တယ်။ ရေများများ သောက်ရင် ဝမ်းလည်းမှန်တဲ့အတွက် အဆင်ပြေတယ်။ ကျွန်မကတော့ အဲဒီလိုပဲ လုပ်တယ်။
ခရီးထွက်တဲ့အခါ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့အတွက် အားကစားလှုပ်ရှားမှု
ဘယ်နိုင်ငံသွားသွား လမ်းလျှောက်ရတာကတော့ ပြောမနေပါနဲ့။ တချို့ နိုင်ငံတွေဆို လမ်းတအား လျှောက်ရ တာ၊ ဘန်ကောက်မှာ Shopping ထွက်ရင်တောင် အနည်းဆုံးလမ်းလျှောက်ရတာပါပဲ။ လမ်းလျှောက် နေရတော့ ထူးထူးခြားခြား အားကစားလှုပ်ရှားမှုက လုပ်စရာကို မလိုတာ။ အီတလီနိုင်ငံက လမ်းတွေဆို ကျဉ်းတဲ့အတွက် တခါဝင်သွားပြီးရင် ရာသီဥတုကကောင်းတယ်၊ ဟိုကြည့်ဒီကြည့်နဲ့ လမ်းလျှောက်တာ တစ်နာရီလောက်ကြာတာ မသိသာလိုက်ဘူး။ ခရီးအမြဲထွက်တဲ့သူတွေက ကျန်းမာတာ များတယ်၊ ဘာလို့ လဲဆိုတော့ အမြဲတမ်းလှုပ်ရှားသွားလာနေရတဲ့အတွက်ပါ။
ကျန်းမာရေးနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဖြစ်တာတွေရှိရင် ပြောပြပေးပါဦး။
၂၀၁၁ ခုနှစ်လောက်က ကိုရီးယားနှစ်သစ်ကူးအေးတဲ့အချိန်မှာ စစချင်းသွားတုန်းက ဖြစ်ဖူးတယ်။ ကိုရီး ယားမှာ အနုတ် ၁၄ ဒီဂရီအထိ ကြုံဖူးတယ်။ ရာသီဥတု ပူတဲ့နေရာက ကိုယ်နဲ့ နေသားကျပေမယ့် အေး တဲ့နေရာတွေ သွားရင်ဖြစ်တယ်။ လည်ချောင်းတွေ နာတာ၊ ဘယ်လောက်ထိအေးလဲဆိုရင် ခေါင်းတွေ ကိုက်တဲ့အထိဖြစ်တာ။ သူတို့ဆီမှာ Heater ထဲဝင်လိုက် အပြင်ထွက်လိုက်နဲ့ ဒီနှစ်ခု Balance က မညီဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ သူတို့ဆီက ရေနွေးအိတ်တွေကို ကိုယ်မှာ ကပ်ထားရတဲ့အထိ လုပ်ရတယ်၊ လုံလုံခြုံခြုံ ဝတ်ရတယ်။ အခု နောက်ပိုင်းတော့ အဆင်ပြေသွားပါ ပြီ။ လူတွေက ပူရင် မခံနိုင်ဘူး၊ အေးရင် ခံနိုင်တယ်လို့ ထင်ကြတယ်၊ တကယ်က အဲဒီလိုမဟုတ်ဘူး။ အေးတဲ့ဒဏ်က တကယ်ကြောက်ဖို့ ကောင်း တယ်။ အဲဒီတော့ ခရီးသွားမယ့်သူတွေက အေးတဲ့ဒေသသွားရင် သတိထားပါ၊ ပြီးရင် ရေခဲရေ၊ အေးတာတွေ မသောက်ဖို့ပါ။
စိတ်ဖိစီးမှုများရင် ဘယ်လိုဖြေဖျောက်လေ့ရှိပါသလဲ။
စိတ်ဖိစီးမှု များရင် ခရီးထွက်လိုက်တာပါပဲ။ ရုံးမှာ အလုပ်တွေ များရင်လည်း ညဖက်ဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တယ်။ လူများများနဲ့တွေ့ပြီး စကားပြောတယ်၊ ကိုယ်ကလည်း နားထောင်တယ်။
ခရီးသွားရတာ ဝါသနာပါတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ ဘာတွေ ဂရုစိုက်သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ခရီးထွက်တဲ့သူတွေ တော်တော်များများရဲ့ ပြဿနာက ဝမ်းချုပ်ကြတာပါပဲ။ ကိုယ့်အိမ်သာ မဟုတ်တဲ့အ တွက် အိမ်သာမတက်တတ်ကြဘူး။ အဲဒီပြဿနာ တော်တော်ရှိတယ်။ ဝမ်းချုပ်ရင် နောက်ပိုင်းမှာ အစား အသောက်လည်း မကောင်းတော့ဘူး၊ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်တယ်။ ကျွန်မဆိုရင်ဆေးတွေ အကုန် ထည့်သွားတယ်။ ကိုယ်ကလည်း Tour Leader ဖြစ်တဲ့အတွက် ဧည်သည့်တွေ လိုအပ်တာတွေ ပေးနိုင် အောင်ပါ။ ဖြစ်နိုင်ရင် ကိုယ်နဲ့တည့်တဲ့ဆေးကို ဆောင်သွားသင့်တယ်။ တချို့က တခြားရောဂါဖြစ်မယ် ထင်နေတယ်။ မဟုတ်ဘူး၊ ဝမ်းမသွားတာကို မေ့နေတာ၊ ရက်ရှည်လေ အဲဒီပြဿနာ ကြုံလေပါပဲ။ အစား အသောက်က မတူပေမဲ့ သူတို့ဆီမှာက ဝမ်းပျက်ဝမ်းလျှော မဖြစ်နိုင်ဘူး။ ကိုယ်နဲ့ကိုက်တဲ့ မြန်မာဆေး၊ အင်္ဂလိပ်ဆေး ထည့်သွားဖို့၊ ရေများများ သောက်ပေးပါ။ ကိုယ်က ဘယ်ရာသီဥတုကို ကြောက်တတ်လဲ၊ ကိုယ်ခရီးသွားမယ့်ဒေသရဲ့ ရာသီဥတုမိုးလေဝသအခြေအနေတွေကိုလည်း သိထားစေချင်တယ်။ အေးတဲ့ ဒေသတွေ သွားရင် လည်ချောင်းနာတတ်တယ်၊ လည်ပင်းကို နွေးနွေးထွေးထွေး ထားပါ။ လည်ပင်း မနွေးရင် လေတိုက်တာနဲ့ ချက်ချင်းအသံဝင်သွားရော။ ကျွန်မနဲ့ ခရီးအတူသွားဖူးတဲ့သူတိုင်း ဖြစ်ဖူးတော့ အဲဒါလေးကို သတိထားစေချင်ပါတယ်။