လောက၌ လူဟူ၍ဖြစ်လာလျှင် အစစ အရာရာအဆင်ပြေနေသောသူဟူ၍ ရှိအံ့မထင်။ မည်မျှပင် အဆင်ပြေနေသောသူဖြစ်စေ စိတ်အနှောင့်အယှက်၊ စိတ်ညစ်ညူးမှု၊ စိတ်ဖိစီးမှုကိုတော့ ခံစားရသည် သာဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ရုပ်သွင်ပြင်ခြင်း မတူနိုင်သကဲ့သို့ စိတ်နေစိတ်ထားလည်း ကွာခြားကြသည် သာဖြစ်သည်။ စိတ်နေစိတ်ထားကွာခြားကြသည်နှင့်အမျှ အခက်အခဲကြုံသောအခါ တုန့်ပြန်သော နည်းလမ်း၊ စိတ်သက်သာရာရအောင် မိမိကိုယ်ကို ကာကွယ်သော နည်းလမ်းများသည်လည်း ကွဲပြားကြပေသည်။ မည်သို့ သော တုန့်ပြန်ကာကွယ်နည်းက အကောင်းဆုံးဖြစ်သည်ကို လေ့လာကြည့်ရအောင်။
၁။ စိတ်ဓါတ်ကျခြင်း
အဆင်မပြေမှု ကြုံလာရတဲ့အခါ စိတ်ဓါတ်ကျတတ်တာ သဘာဝပါ။ ခံစားချက်ကို မြိုသိပ်ထားခြင်း၊ အတင်းမေ့ပစ်ဖို့ ကြိုးစားခြင်းတွေဟာ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုနဲ့ကြာလာရင် စိတ်မှာ ဒဏ်ရာရလာတတ်ပါတယ်။ စိတ်ဓါတ်ကျသင့်တဲ့ အချိန်တစ်ခုထိ ခံစားပြီး ပြန်လည် ရုန်းထွက်နိုင် ရပါမယ်။ စိတ်ဓါတ်ကျခြင်း အဆင့်မှာပဲ ရပ်တန့်နေမယ်ဆိုရင်တော့ မိမိရဲ့ တုန့်ပြန်မှုဟာ အဆင့်အနိမ့်ဆုံး တုန့်ပြန်မှုပဲ ဖြစ်ပါလိမ့်မယ်။
၂။ ငြင်းပယ်ခြင်း
မိမိဆန္ဒနဲ့မကိုက်ညီသော ကိစ္စကို လက်ခံရန်ငြင်းပယ်ခြင်းဖြစ်ပါတယ်။ တကယ်ရှိနေခြင်းမဟုတ်၊ အမှန်တကယ် ဖြစ်နေခြင်းမဟုတ်ဟု ငြင်းပယ်ခြင်းပါ။ (ဥပမာ – ကုသမရနိုင်သောရောဂါတစ်ခု ဖြစ်နေကြောင်း လက်ခံရန်ငြင်းပယ်ခြင်း) မိမိအနေဖြင့် ငြင်းပယ်ရင်း စိတ်သက်သာရာ ရရှိနေမည်ဖြစ်သော်လည်း လက်တွေ့ အဖြစ်ကို ဖြေရှင်းဖို့နည်းလမ်းနဲ့ ဝေးကွာနေပါလိမ့်မယ်။
၃။ အပြစ်ပုံချတတ်ခြင်း
မိမိမှာ ဖြစ်လာသမျှ မကောင်းသော ကိစ္စမှန်သမျှဟာ ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဟု အပြစ်ပုံချနေရင်းဖြင့် အချိန်ကုန်နေတတ်ခြင်းပါ။
၄။ နိုင်ရာမဲခြင်း
အလုပ်ခွင်မှ အဆင်မပြေဖြစ်ပြီးပြန်လာသော ဖခင်က အိမ်ရှိသားသမီးအား အပြစ်မရှိဘဲ ဆူပူ ကြိမ်းမောင်း ရိုက်နှက်ခြင်းမျိုး၊ မိန်းမကို ကြောက်၍ပြန်မပြောရဲသော ခင်ပွန်းက အိမ်မွေးခွေးအား ပိတ်ကန်ခြင်းမျိုးစတဲ့ တုန့်ပြန်မှုမျိုးဖြစ်ပါတယ်။ အပြစ်မဲ့သူအား ထိခိုက်စေသော လုပ်ရပ်ဖြစ်သည့်အတွက် မလုပ်သင့်သော တုန့်ပြန်မှုဖြစ်ပါတယ်။
၅။ ဆွဲထည့်ခြင်း
မိမိ၏မကောင်းသော လုပ်ရပ်သည် တခြားသူများပါ လုပ်နေသော မကောင်းမှုဖြစ်ကြောင်း ကာကွယ် ပြောဆိုမှုမျိုးဖြစ်ပါတယ်။ (ဥပမာ – အရက်သောက်ခြင်း၊ အခွန်ရှောင်ခြင်း) တပါးသူမိုးခါးရည်သောက်၍ ကိုယ်လိုက်သောက်ရပါသည်ဟုဆိုပါလျှင် သူတစ်ပါးအသက်ဆုံးရှုံးချိန်တွင် မိမိလည်း အသက်ဆုံးရှုံးနိုင် ကြောင်း မမေ့သင့်ပါဘူး။
၆။ စိတ်အားငယ်ခြင်း
ချောင်တစ်ချောင်တွင် ကုပ်၍ဖြစ်စေ၊ အိပ်ယာထက်တွင်ခွေ၍ဖြစ်စေ ဝမ်းနည်းပူဆွေး အားငယ်နေခြင်း ဖြစ်ပါတယ်။ အားပေးနှစ်သိမ့်မှု လိုအပ်နေသော အခြေအနေဖြစ်ပါတယ်။
၇။ ခွဲထွက်ခြင်း
မူလအခြေအနေတစ်ခုမှ ထွက်ပြေးလိုခြင်းပါ။ ကြုံတွေ့နေရသော ဒုက္ခကို စိတ်ကခံနိုင်ရည် မရှိတော့ သဖြင့် ဘဝအဟောင်းက အဖြစ်အပျက်များကို မေ့ပစ်ပြီး တခြားလူတစ်ယောက်အဖြစ်ကို ပြောင်းလဲလိုက် ခြင်းဖြင့် လွတ်မြောက်ရန်ကြိုးပမ်းသော တုန့်ပြန်မှုဖြစ်ပါတယ်။
၈။ အစွန်းနှစ်ဖက်
တစ်စုံတစ်ယောက်အား အလွန်မကောင်းဟု ထင်နေချိန်မှာပင် တခြားတစ်ယောက်အား အလွန် ကောင်းသည်ဟု အစွန်းရောက်စွာ မှတ်ထင်ထားခြင်းမျိုးဖြစ်ပါတယ်။ မကောင်းမြင်နေသောသူ၏ မကောင်း ကြောင်းအား အကောင်းထင်နေသောသူအား ပြောပြနေခြင်းဖြင့် စိတ်သက်သာရာကို ရှာဖွေနေခြင်းမျိုး ဖြစ်ပါတယ်။
၉။ ပုံတူကူးခြင်း
မိမိချစ်ခင်နှစ်သက်ရသောသူနှင့် ခွဲခွာရ၍ဖြစ်စေ၊ ထိုသူကို ဆုံးရှုံးရ၍ဖြစ်စေ နာကျင်ရသောအခါတွင် ထိုလူ၏ အမူအကျင့်အတိုင်း တုပပြုလုပ်ခြင်းဖြင့် စိတ်၏ဖြေသိမ့်ရာကို ရှာခြင်းမျိုးပါ။ ကောင်းသောအကျင့်ကို တုပရန်လိုအပ်ပါတယ်။
၁၀။ ပြန်လည်ပြင်ဆင်ခြင်း
ဆိုးရွားသော အကျိုးဆက်ဖြစ်လာမှ မကောင်းသောအကျင့်ကို ပြင်ရန် ကြိုးစားခြင်းဖြစ်ပါတယ်။ (ဥပမာ – အသည်းခြောက်မှ အရက်သောက်တာရပ်ခြင်းမျိုး) မိုးလွန်မှ ထွန်ချသော လုပ်ရပ်ဖြစ်သောကြောင့် အကျိုး မထူးလှပါဘူး။ အချိန်မှီ ပြင်ဆင်နိုင်အောင် ကြိုးစားသင့်ပါတယ်။
၁၁။ မိမိတစ်ယောက်တည်းဖြစ်ခြင်းမဟုတ်ဟု တွေးခြင်း
ဥပမာ – ကင်ဆာရောဂါဖြစ်ခံစားရသည်ဆိုပါစို့။ ကင်ဆာရောဂါကို ကမ္ဘာတစ်ဝှမ်းတွင် လူဘယ် နှစ်ယောက်ကတော့ဖြင့် ခံစားနေရသည်ဖြစ်ကြောင်း ဆင်ခြင်ခြင်းမျိုးဖြစ်ပါတယ်။
၁၂။ ဖြေတွေးခြင်း
ဖြစ်လာသော ကိစ္စသည် ကောင်းဆိုးနှစ်တန် လောကဓံသာဖြစ်ကြောင်း၊ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စ တစ်ရပ်သာဖြစ်ကြောင်းတွေးကာ စိတ်ဖြေနိုင်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။
၁၃။ ပုံစံပြောင်းလဲခြင်း
မိမိကြုံတွေ့ရသော အခက်အခဲအား သူတစ်ပါးမကြုံတွေ့စေရန် ကာကွယ်ပေးသော ကြိုးပမ်း အားထုတ်မှုမျိုးဖြစ်ပါတယ်။ (ဥပမာ – ဆူပူကြိမ်းမောင်းလွန်းသော အထက်လူကြီးနှင့် အလုပ်လုပ်နေရ သူက ကိုယ်လူကြီးဖြစ်ချိန်တွင် ဆက်ဆံရေးကောင်းမွန်စေရမည်ဟု ဆုံးဖြတ်ခြင်းမျိုး၊ မိဘစွန့်ပစ်ခံရသော ကလေးက မိမိကလေးကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်ခြင်းမျိုး)
လေ့လာတွေ့ရှိထားသမျှ တုန့်ပြန်ကာကွယ်မှုများထဲမှာ အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး၊ လုပ်သင့် လုပ်ထိုက်ဆုံးသော နည်းဖြစ်ပါတယ်။
အခုဆိုရင် ဘယ်နည်းလမ်းဟာ အရွေးချယ်သင့်ဆုံးနည်းလမ်းဖြစ်ကြောင်း ဆုံးဖြတ်နိုင်လောက်ပါပြီ။ ဘဝရဲ့ အခက်အခဲများကို မှန်ကန်သောနည်းလမ်းဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
Author – ဒေါက်တာအေးမြမြအောင်