ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်အလေးချိန် တက်လာခြင်းဟာ ပုံမှန်ဖြစ်စဉ်ဆိုပေမဲ့ အဝလွန်နေရင်တော့ မိမိကိုယ်တိုင်ရော ဗိုက်ထဲကရင်သွေးအတွက်ပါ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
အဝလွန်ခြင်းရှိမရှိကို မိမိရဲ့ ကိုယ်ဝန်မဆောင်စဉ်က BMI(Body Mass Index) ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ဝနေသူ(overweight)တွေဟာ BMI 25-29 ရှိနိုင်ပါတယ်။ အဝလွန်သူ(Obese)တွေဟာ BMI 30 နဲ့အထက်ရှိနေတတ်ပါတယ်။
ပုံမှန်ကိုယ်ဝန်ဆောင်တစ်ဦးဟာ ရှိရင်းစွဲကိုယ်အလေးချိန်ထက် ၂၅ ပေါင်မှ ၃၅ ပေါင်ထိ တက်လာသင့်ပါတယ်။ Overweight သမားတွေအနေနဲ့ ၁၅ ပေါင်မှ ၂၅ ပေါင်အထိ တိုးလာသင့်ပြီး အဝလွန်သူ ကိုယ်ဝန်ဆောင်တွေဟာ ၁၁ ပေါင်မှ ပေါင် ၂၀ အထိသာ တိုးလာသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ် အဝလွန်နေခဲ့လျှင် ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ?
• ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းကြောင့် သွေးဆိပ်တက်ခြင်း၊ သွေးပျစ်လွယ်ခြင်း
သွေးတိုးပြီး သွေးဆိပ်တက်ခြင်း(Preeclampsia) ဟာ ကိုယ်ဝန်ဆောင်စဉ် ငါးလမြောက် နောက်ပိုင်းမှာဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းကြောင့် အသည်းနဲ့ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေနဲ့ သန္ဓေသားကို ထိခိုက်စေခြင်းဖြစ်ပါတယ်။
သွေးပျစ်မှုပမာဏမြင့်တက်လာရင် သွေးများခဲပြီး သွေးကြောတွေမှာ ပိတ်ဆို့ခြင်း (Venous Thromboembolism) ဖြစ်တတ်ပါတယ်။
• ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်ခြင်း (Gestational Diabetes)
ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုတက်နေချင်းဟာ မွေးလာမယ့်ကလေးအတွက် အန္တရာယ်များစေပါတယ်။ အဝလွန်နေသူတွေမှာ Insulin ဟော်မုန်းရဲ့ တုန့်ပြန်နိုင်စွမ်းဟာလည်း နည်းပါးနေတာကြောင့် ပုံမှန်ကိုယ်ဝန်ဆောင်တွေထက်ပိုပြီး ဆီးချိုတက်လွယ်ပါတယ်။
• မီးဖွားစဉ် ခက်ခဲတတ်ခြင်း
အဝလွန်ခြင်းကြောင့် မေ့ဆေး၊ ထုံဆေး ပေးရန်ခက်ခဲခြင်း၊ ရိုးရိုးမွေးဖွားရန်ခက်ခဲသဖြင့် ခွဲစိတ်မွေးဖွားရခြင်း၊ ခွဲစိတ်ပြီးချုပ်ရိုးအနာပိုးဝင်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။
• အခြားပြဿနာတွေအနေနဲ့ ဆီးပိုးဝင်ခြင်း၊ အိပ်နေစဉ် အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) စတာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းဟာ မွေးလာမယ့်ကလေးအပေါ် လည်း အကျိုးသက်ရောက်ရှိနိုင်ပါတယ်။
- ၃၇ ပတ်မတိုင်ခင် စောမွေးခြင်း ( Premature Birth)
- ကလေးမှာ မွေးရာပါ ချို့ယွင်းချက်များ ပါလာတတ်ခြင်း (ဥပမာ- နှလုံး အဆို့ရှင်အပေါက်ပါလာခြင်း၊ ကျောရိုးကောင်းစွာ မဖွံ့ဖြိုးခြင်း)
- Macrosomia လို့ခေါ်တဲ့ မွေးကင်းစကလေးမှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ကြီးနေတတ်ခြင်း (၈ပေါင်နှင့် အထက်)၊နောက်ပိုင်းမှာလည်း ကလေးမှာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း စတဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
- မိခင်မှာ ဆီးချိုရှိနေခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတွင်းသကြားဓာတ်ကျဆင်းနေတတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း၊ အသားဝါခြင်း စတာတွေ ကြုံတွေ့ရတတ်ပါတယ်။
အဝလွန်တာကြောင့် ကိုယ်ဝန်ကို မထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ?
- ကိုယ်ဝန်ရှိတာ စပြီးသိတဲ့အချိန်ကစပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။
- ဝိတ်ချတဲ့အနေနဲ့ အစားလုံးဝလျှော့မစားရပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပါ။
- မိမိရဲ့ကိုယ်အလေးချိန်ကိုအမြဲ ဂရုစိုက်မှတ်သားပြီး တိုးလာသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများလာရင် တိုင်ပင်ခံဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။