ကိုယ်ဝန်ဆောင်မိခင်များ၏ စားသောက်မှုပုံစံသည် မိမိကိုယ်တိုင်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော ရင်သွေး၏ကျန်းမာရေးနှင့် ဖွံဖြိုးကြီးထွားမှုအတွက်ရော အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ အစာအာဟာရအုပ်စု စုံလင်ပြီး လုံလောက်မှန်ကန်သော အစားအစာများကို မျှတစွာစားသုံးရမည် ဖြစ်ပါသည်။
အစားအသောက်ရွေးချယ်စားသုံးရာတွင် မိမိအိမ်တွင် စနစ်တကျ အာဟာရပြည့်ဝအောင် ပြင်ဆင်ချက်ပြုတ်ထားသော လတ်ဆတ်သောအစားအသောက်၊ အသီးအရွက်များကို စုံလင်အောင်စားပေးသင့်ပါသည်။ မာကူရီဓာတ် (Mercury) ပါဝင်မှုများသော ပင်လယ်ငါးများ၊ တူနာငါး၊ မက်ကရယ်ငါးများကို ရှောင်သင့်သည်။ တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ၊ အသင့်စားအစာများ၊ တာရှည်အအေးရိုက်ထားသော အသား၊ငါးများကို စားသုံးခြင်း မပြုသင့်ပါ။
ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင် ဗီတာမင်အေပါဝင်မှုများသော အစားအစာများဖြစ်သည့် ကလီစာများစားသုံးခြင်းကိုလည်း ဂရုပြုသင့်ပါသည်။ တိရစ္ဆာန်အသည်းနှင့် အခြားကလီစာများသည် သံဓာတ် Iron၊ ဗီတာမင် အေ၊ ဘီ Vitamin B12, ဇင့် Zinc, ဆီလီနီယမ် Selenium နှင့် ကော့ပါး Copper အစရှိသောဓာတ်များ ကြွယ်ဝသော်လည်း သန္ဓေသားဖွံဖြိုးမှု ချို့ယွင်းခြင်းကို ဖြစ်စေတတ်သည့် Preformed Vitamin A ဗီတာမင်အေပါဝင်မှုများသောကြောင့် တပတ်လည်တစ်ကြိမ်ခန့် ပမာဏအနည်းငယ်သာ စားသုံးသင့်ပါသည်။
ရက်လွန်နေသော၊ သေချာကျိုချက်ခြင်း၊ ပိုးသတ်ထားခြင်း မရှိသောနွားနို့၊ ဒိန်ခဲနှင့်အခြား နို့ထွက်ပစ္စည်းများ၊ လစ်စတီရီးယား ဘက်တီးရီးယားပိုး listeria ပါဝင်နိုင်သော အချို့ဒိန်ခဲအပျော့ Cheese များကို မစားသင့်ပါ။ သေချာပိုးသတ်သန့်စင်ပြီးနွားနို့ မှရရှိသော ဒိန်ခဲအမာ Hard Cheese များကို စားသုံး၍ရပါသည်။
သဘာဝသစ်သီး၊ သစ်ဥများဖြင့် ပြုလုပ်ထားသော ဆေး၊ဖြည့်စွက်စာ၊ အစားအစာများကိုလည်း ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါသည်။ အချို့အရွက်၊သစ်သီး၊သစ်ဥများသည် အချိန်မတန်ခင် မွေးလမ်းကြောင်းပွင့်ခြင်း၊ သားအိမ်ညစ်အားဖြစ်ပေါ်စေခြင်းနှင့် အခြားကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိနိုင်သော အာနိသင်များရှိနိုင်သောကြောင့် မိမိသဘောဖြင့် သောက်သုံးခြင်း မပြုသင့်ပါ။
သစ်သီးဝလံများကို စားသုံးရာတွင်လည်း သေချာသန့်စက်ဆေးကြောပြီး အခွံနွှာ၍သာ စားသင့်ပါတယ်။ Green Sprouts အစိမ်းရောင်ရှိသော အပင်ပေါက်များကိုလည်း အစိမ်းမစားပဲ ချက်ပြုတ်စားပေးရပါမယ်။
အသား၊ငါး၊ ပင်လယ်စာများကိုလည်း မကျက်တကျက် အသားပြား၊ ဆူရှီ ၊ဆာရှိမိ (Steak , Sushi, Sashimi) ကဲ့သို့ အစိမ်းစားခြင်း၊ မကျက်တကျက်ချက်ခြင်းတို့ မပြုလုပ်ဘဲ သေချာချက်ပြုတ်စားသုံးရပါမည်။ ကြက်ဥအစိမ်း၊ သေချာကျက်အောင် မချက်ပြုတ်ထားသော ကြက်ဥများတွင်လည်း ဗက်တီးရီးယားပိုး ပါဝင်နိုင်သောကြောင့် ကျက်သည်အထိ သေချာချက်ပြီးမှ စားသုံးသင့်ပါသည်။
အရက်၊ ဆေးလိပ်နှင့် အခြားမူးယစ်ဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက် မပါသောအခြားဆေးဝါးများ၊ အန္တရာယ်ရှိနိုင်သော ပါဝင်ပစ္စည်းများပါသည့် ဖြည့်စွက်စာများ သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမည်။
ကဖင်းဓာတ်ပါသော ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်များကို ပမာဏအလွန်အကြွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။ ကဖင်းဓာတ် ပါဝင်မှုအလွန်များသော အားဖြည့်အချိုရည် Energy Drinks များကိုလည်း မသောက်သုံးသင့်ပါ။ ကဖင်းဓာတ်သောက်သုံးမှု တစ်နေ့လျှင် ၂၀၀ မီလီဂရမ် သို့မဟုတ် ၂-၃ခွက်ထက်ပိုသော ပမာဏသောက်သုံးခြင်းသည် ကလေးကြီးထွားဖွံဖြိုးမှုနှင့် ပေါင်ချိန်မစေ့သောကလေး မွေးဖွားနိုင်မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
အဆင့်ဆင့်ပြုပြင်ထားသော တာရှည်ခံအစားအစာများ၊ ဆိုဒီယမ် ဆားဓာတ်ပါဝင်မှုများသော အသင့်စားအစားအစာများ၊ အဆာပြေမုန့်များသည် ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် သင့်လျော်မှုမရှိသောကြောင့် မစားသုံးသင့်ပါ။ ဤဆောင်းပါးတွင် ရေးသားဖာ်ပြထားသည်ကို ခြုံငုံကြည့်လျှင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအသာက်များကို ရွေးချယ်စားသုံးသင့်၍ ကိုယ်ဝန်ဆောင်နှင့်မီးဖွားပြီးကာလအထိ အထက်ပါရှောင်သင့်သော အစားအစာများကို မှတ်သားပြီး ဆင်ခြင်နိုင်ကြပါစေလို့ OnDr မှ အသိပေးမျှဝေလိုက်ရပါတယ်ရှင့်။