ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀ယောက်အနက် ၈ ယောက်၊ သို့မဟုတ် ၅၀ မှ ၉၀ ရာခိုင်နှုန်းခန့်သည် ခန္ဓာကိုယ်အရေပြားတွင် အကြောပြတ်ခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ လူ့ခန္ဓာကိုယ်အရေပြားသည် ကျုံနိုင်ဆန့်နိုင်သည့်သတ္တိရှိသောကြောင့် ကိုယ်အလေးချိန်ပြောင်းလဲသည့် ကိုယ်ဝန်ဆောင်ကာလတွင် အရေပြားအကြောပြတ်သော ပြဿနာကို ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင် ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားအတွင်းတွင် အရည်များကိုစုပုံစေပြီး အရေပြားတောင့်တင်းမှုနှင့် ကျုံ့ဆန့်နိုင်မှုအားကို ပြောင်းလဲစေပါသည်။
ထိုသို့အရေပြား၏ ကျုံ့ဆန့်နိုင်အားပြောင်းလဲမှုကြောင့် အရေပြားအတွင်းအလွှာ၃လွှာအနက် အလယ်အလွှာတွင် ပျက်စီးမှုအပိုင်းအစများဖြစ်ပြီး အကြောပြတ်ရာများ ပေါ်လာခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ဝမ်းဗိုက်၊ ပေါင်ရင်း၊ ခြေသလုံး၊ တင်ပါးနှင့် ရင်သားရှိအရေပြားများတွင် အကြောပြတ်ရာများ ဖြစ်ပေါ်တတ်ပါသည်။ အသားအရောင်ပေါ်မူတည်ပြီး အကြောပြတ်ရာများသည် ပန်းရောင်၊ ခရမ်းရောင်၊ အညိုရောင်မှ အဖြူရောင်စသဖြင့် အရောင်များကွဲပြားပါသည်။ ယေဘုယျအားဖြင့် အသားဖြူ၊ အသားလတ်သူများသည် အကြောပြတ်နှုန်းပိုများတတ်ပါသည်။
အများအားဖြင့် ကိုယ်ဝန်ဆောင်ကာလနှောင်းပိုင်း သန္ဓေသားအရွယ်အစား ကြီးလာသည်နှင့်အမျှ အကြောပြတ်ခြင်း ပိုဖြစ်လာတတ်ပါသည်။ အချို့မှာ ကိုယ်ဝန် ၆ ပတ်သို့ ၇ ပတ်တွင် စတင်ဖြစ်ပေါ်တတ်သော်လည်း အမျိုးသမီးတစ်ဦးနှင့် တစ်ဦးမှာအချိန်ကွာခြားမှုရှိတတ်သည်။ အသားအရည်အမျိုးအစားပေါ် မူတည်ပြီး အချို့ သူများ၏အရေပြားမှာ ကျုံ့ဆန့်နိုင်အား Elasticity ကောင်းသဖြင့် အကြောပြတ်ခြင်းမဖြစ်တတ်ကြပါ။ အကြောပြတ်ခြင်းဟာ မျိုးရိုးဗီဇနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကြသော်လည်း အခြားသော အချက်များကြောင့်လည်း ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်အလေးချိန် မြင့်တက်လာမှုကြောင့်အကြောပြတ်တတ်သော်လည်း ကိုယ်အလေးချိန် သိသိသာသာ မပြောင်းသူများတွင်လည်း အကြောပြတ်သည်ကို တွေ့ရသည်။ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းလာခြင်းကြောင့် အသားရည် ခြောက်သွေ့ပြီး အကြောပြတ်တာ ပိုဖြစ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် အရေပြား ပို၍ခြောက်သွေ့ ကြမ်းတမ်းစေပြီး အကြောပြတ်နိုင်ပါတယ်။ ပူပြင်းသောနေရောင်ခြည်နှင့် ထိတွေ့မှုများပြီး ကာကွယ်ထားခြင်းမရှိသော အရေပြားသည် ပို၍အကြောပြတ်နိုင်ပါတယ်။
ခန္ဓာကိုယ်၏ အသားဓာတ်လိုအပ်ချက် လုံလောက်မှုမရှိခြင်းနှင့် ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း အကြောပြတ်ခြင်း ဖြစ်တတ်ပါသည်။ ဗီတာမင်စီဓာတ်သည် အသားအရည်၏ ကျုံ့ဆန့်နိုင်မှုအာနိသင်ကို ဖြစ်ပေါ်စေသည့် ကော်လာဂျင်ထုတ်မှုကို လှုံဆော်ပေးနိုင်သော ဓာတ်ဖြစ်သဖြင့် ဗီတာမင်စီလုံလောက်မှု မရှိလျှင်လည်း အကြောပြတ်ခြင်း ပိုဖြစ်နိုင်ပါသည်။ ထို့ပြင် Adrenal Gland ခေါ် စိတ်ဖိစီးမှု ကော်တီဇောဟော်မုန်းထုတ် အင်္ဂါအစိတ်အပိုင်းမှ ထုတ်သောဟော်မုန်းပမာဏများလျှင်လည်း အကြောပြတ်တတ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ပုံမှန်သောက်သုံးနေသော ဆေး၊ ဖြည့်စွက်အာဟာရတို့တွင် စတီးရွိက်ပါဝင်လျှင်လည်း ဆေးဝါးများကြောင့် အကြောပြတ်ခြင်းကို ခံစားရနိုင်ပါသည်။
အကြောပြတ်ခြင်းကို ကာကွယ်ဆေးနည်းလမ်း၊ ကုသသည့်နည်းလမ်း အနေဖြင့် တိတိကျကျ မရှိသော်လည်း ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းကစ၍ အရေပြားကို အစိုဓာတ်ဖြည့်အဆီခရမ် Moisturizing Cream ၊ အဆီ၊ အကြောပြတ်သက်သာသည့်လိမ်းဆေး စသည်တို့လိမ်းပေးခြင်းဖြင့် အတော်အသင့်ကာကွယ်ပေးနိုင်သည်။ အသားဓာတ်နှင့်အာဟာရဓာတ် လုံလောက်စွာစားပေးခြင်းဖြင့်လည်း အရေပြားကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။ အထက်ဖော်ပြပါ အကြောင်းရင်းများ ဖတ်ရင်း အကြောပြတ်ခြင်းသည် ရှက်ရွံ့ဖွယ်အမာရွတ်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိခင်လောင်းဘဝ၏ ဂုဏ်ယူဖွယ်ရာအမှတ်အသားတစ်ခုအဖြစ် စာဖတ်သူများအနေဖြင့် သိရှိဂုဏ်ယူနိုင်ဖို့ ရေးသားမျှဝေပေးလိုက်ပါတယ်။