ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။” ဒီစာသားလေးကို ဆေးလိပ်ဘူးတွေမှာပါရေးထားတာကို လူတိုင်းမြင်ဖူးကြမှာပါ။ ဆေးလိပ်တစ်လိပ်မှာ နီကိုတင်း၊ စသဖြင့်အဆိပ်ရှိတဲ့ဓာတုပစ္စည်းပေါင်း၂၅၀မျိုးလောက် ပါဝင်နေပါတယ်။ အဲဒီထဲမှာမှ အမျိုး၇၀လောက်က ကင်ဆာရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။ သာမန်လူတွေကိုတောင် ဒုက္ခများစွာပေးနိုင်တဲ့ဆေးလိပ်ဟာ ကိုယ်ဝန်ဆောင်မေမေတို့အတွက်ဆိုရင် ဘယ်လောက်တောင်အန္တရာယ်ပေးနိုင်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ဆေးလိပ်ငွေ့ရဲ့အန္တရာယ်လို့ဆိုရာမှာ မေမေတို့ကိုယ်တိုင်ဆေးလိပ်သောက်တာဖြစ်စေ၊ အခြားသူတွေသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာဖြစ်စေ ၂မျိုးလုံးကနေရရှိနိုင်တဲ့ ဆိုးကျိုးတွေဟာအတူတူပဲဖြစ်ပါတယ်။ ဒါကြောင့်မေမေတို့ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင်မှ အခြားဆေးလိပ်သောက်နေသူတွေရှိတဲ့နေရာဆို ရှောင်ကြဥ်နေထိုင်ဖို့အရေးကြီးပါတယ်။ မေမေအတွက်ရော ကလေးလေးအတွက်ပါ အန္တရာယ်ရှိတဲ့ဆေးလိပ်ငွေ့တွေကို ရှောင်ကြဥ်နိုင်ဖို့ဆိုရင် မေမေတို့ရဲ့အိမ်နဲ့ကားအတွင်းမှာ ဘယ်သူ့ကိုမှဆေးလိပ်ပေးမသောက်ပါနဲ့။ အခန်းတွင်းမှာဆေးလိပ်ပေးသောက်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေသွားခြင်းကိုလည်းရှောင်ကြဥ်ရပါမယ်။
ဆေးလိပ်သောက်ခြင်းနဲ့ဆေးလိပ်ငွေ့ရှူခြင်းကြောင့် ကိုယ်ဝန်ဆောင်မေမေနဲ့ကလေးလေးတို့အတွက် ကြုံတွေ့လာရနိုင်တယ့် အန္တရာယ်တွေကတော့-
(၁) ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ နေရာလွယ်မှားသန္ဓေသားဖြစ်စေခြင်း
ဆေးလိပ်သောက်တဲ့ကိုယ်ဝန်ဆောင်မေမေတို့ဟာ ဆေးလိပ်မသောက်တဲ့မေမေတို့ထက် ကလေးအသေမွေးနိုင်ခြေ ၄၁ရာခိုင်နှုန်းလောက်ပိုများနေတာကို တွေ့ရှိရပါတယ်။ ဒါ့ပြင် နေရာလွဲမှားသန္ဓေသားဆိုတာကတော့ သန္ဓေသားကပုံမှန်ရှိနေရမယ့်သားအိမ်တွင်းမှာမဟုတ်ဘဲ အခြားသားအိမ်ပြင်ပကပြွန်တွေမှာ နေရာမှားယွင်းစွာဖြစ်တည်လာတာပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် မေမေအတွက်အန္တရာယ်ရှိစေနိုင်တာမို့ အမြန်ဆုံးခွဲထုတ်ပစ်ရမှာဖြစ်ပါတယ်။
(၂) အချင်းရှေ့ရောက်ခြင်း
ဆေးလိပ်သောက်ခြင်းသို့မဟုတ် ဆေးလိပ်ငွေ့ရှူခြင်းက အချင်းရှေ့ရောက်နိုင်ခြေကိုမြင့်မားစေပါတယ်။ အချင်းကသားအိမ်ရဲ့ပုံမှန်နေရာမှာ မတွယ်ကပ်ဘဲ သားအိမ်ခေါင်းနဲ့အလွန်နီးကပ်စွာတည်ရှိနေတာကို အချင်းရှေ့ရောက်တယ်လို့ခေါ်ပါတယ်။ အချင်းရှေ့ရောက်နေတဲ့မေမေတို့ဟာ များသောအားဖြင့်မွေးဖွားရခက်ခဲပြီး ဗိုက်ခွဲ၍သာမွေးဖွားရတတ်ပါတယ်။
(၃) အချိန်မတိုင်မီအချင်းကွာခြင်း
ဆေးလိပ်ငွေ့မှာပါဝင်တဲ့ဓာတုအဆိပ်တွေကြောင့် အချင်းဟာ သားအိမ်နံရံကနေ အချိန်မတိုင်မီကွာကျလာနိုင်ပါတယ်။ အဲဒီလိုစောစီးစွာကွာလာရင် လမစေ့ဘဲမွေးခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးဖွားပြီးမကြာမီကလေးသေဆုံးနိုင်ခြင်းစတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၄) အချိန်မတိုင်မီ ရေမွှာအိတ်ပေါက်ခြင်း
ဆေးလိပ်အလွန်အမင်းသောက်သုံးတဲ့မေမေတို့ဟာ ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာတင် ရေမွှာပေါက်သွားနိုင်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
(၅) ပေါင်မပြည့်သောကလေးမွေးခြင်း
ဆေးလိပ်ငွေ့အဆိပ်တွေနဲ့နေ့တိုင်းထိတွေ့နေတဲ့မေမေတို့ဟာ ကိုယ်အလေးချိန်မပြည့်ဘဲသေးကွေးလွန်းတဲ့ကလေးလေးတွေမွေးဖွားလာနိုင်ပါတယ်။
(၆) ကလေးမှာနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများပါလာခြင်း
ကိုယ်ဝန်အစောပိုင်းကာလဟာ ကလေးရဲ့နှုတ်ခမ်းနဲ့ပါးစပ်တွေဖွဲ့စည်းတည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ဟာ ကိုယ်ဝန်အစောပိုင်းကာလမှာ ဆေးလိပ်သောက်ခဲ့ရင် မွေးလာတဲ့ကလေးလေးတွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလေးတွေပါလာတတ်ပါတယ်။
(၇) မွေးဖွားပြီး ကလေးရုတ်တရက်သေဆုံးခြင်း
ဆေးလိပ်ငွေ့အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါတယ်။ တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်ကာလမှာ ပုံမှန်ဘဲလို့ထင်ရပေမဲ့ မွေးဖွားပြီးချိန်မှကလေးလေးရုတ်တရတ်သေဆုံးသွားတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
(၈) ကလေး အောက်ဆီဂျင်လုံလောက်စွာမရရှိခြင်း
ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ မေမေနဲ့ကလေးကိုဆက်သွယ်ပေးထားတဲ့အချင်းနဲ့ မေမေ့ရဲ့သားအိမ်မှာရှိတဲ့ သွေးကြောတွေကိုကျဥ်းသွားစေကြောင့် သွေးစီးဆင်းမှုလျော့နည်းကာ ကလေးဆီအောက်ဆီဂျင်လုံလောက်စွာမရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင်မလုံလောက်ရင် ကလေးအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါ့ပြင် နီကိုတင်းဟာ ကလေးရဲ့နှလုံးနဲ့သွေးကြောအဖွဲ့အစည်းဆီသို့ သွေးစီးဆင်းမှုကိုလည်းလျော့နည်းစေပါတယ်။
(၉) ကလေးမှာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်ပေါ်နိုင်ခြင်း
မေမေ့ရဲ့ဗိုက်အတွင်း ကလေးလေးဖွံ့ဖြိုးနေဆဲကာလမှာ ဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့ခဲ့ရတာကြောင့် ကလေးရဲ့အဆုတ်ပုံသဏ္ဍာန်ဟာ ပုံမှန်မဟုတ်ဘဲယိုယွင်းနိုင်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာလုပ်ငန်းဆောင်တာများကိုလည်း ကောင်းစွာမထမ်းဆောင်နိုင်တော့ပါဘူး။ နောက်ဆက်တွဲအနေနဲ့ က လေးတွေမှာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ပန်းနာရင်ကျပ်ရောဂါတွေဖြစ်လာနိုင်ပါတယ်။
ဆေးလိပ်ငွေ့က မေမေနဲ့ကလေးလေးအတွက်အလွန်ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ မေမေတို့က ဆေးလိပ်ဖြတ်မယ်၊ ဆေးလိပ်သောက်သူတွေနဲ့ တတ်နိုင်သလောက်ဝေးဝေးနေမယ်ဆိုရင် ဆေးလိပ်ငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကို ရှောင်လွဲလို့ရပါတယ်။ ဆေးလိပ်သောက်ခြင်းကိုစွဲလမ်းနေတဲ့မေမေတို့အနေနဲ့လည်း သက်ဆိုင်ရာဆရာဝန်ဆီက အကြံဥာဏ်ရယူပြီး ဆေးလိပ်ဖြတ်နိုင်ဖို့ ကြိုးစားရပါမယ်။ အသက်ကိုဥာဏ်စောင့်ဆိုသလို မေမေတို့လည်း မကောင်းတဲ့အရာတွေကို ဆင်ခြင်နေထိုင်နိုင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။