ဆက်ဆံပြီးသည့်နောက်
လိင်ဆက်ဆံပြီးနောက် အိပ်ရာခင်းပေါ်တွင် သွေးကွက်များတွေ့လိုက်ရလျှင် သင့်အနေဖြင့် စိတ်ကြည်နူးမှုမှ စိုးရိမ်ထိတ်လန့်မှုသို့ ချက်ချင်းရောက်ရှိသွားပါလိမ့်မယ်။ ရာသီလာချိန်လည်းမဟုတ် အခြားသောအကြောင်းအရာများလည်း ထွေထွေထူးထူး မဖြစ်ပါပဲ ဖြစ်ခြင်းသည် သတိပြုစရာအချက် ဖြစ်လာပါသည်။ ဘာကြောင့်လဲဟူသော မေးခွန်းအတွက် အကြမ်းဖျင်းကတော့ 9% သော သွေးမဆုံးသော အမျိုးသမီးများအဖို့ အကြောင်းရင်းတော့ မရှိတတ်ပါ။သို့သော် ပိုးဝင်ခြင်းကြောင့်တော့ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေနည်းပေမယ့် သားအိမ်ခေါင်းကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(1) ဘာကြောင့် သွေးကျရပါသလဲ?
အများစုသည် သားအိမ်ခေါင်းမှ သွေးထွက်သောကြောင့် သားအိမ်ခေါင်း ရောင်ရမ်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်မှု ရောဂါများကြောင့်လည်း သွေးထွက်တတ်ပါတယ်။ ဥပမာ ကာလသားရောဂါ။ ဒုတိယအနေဖြင့် သားအိမ်ခေါင်းတွင် အသားပိုထွက်ခြင်း (cervical polyps)။ သေးငယ်ခဲ့လျှင် အလွယ်တကူ ဖယ်ရှားလို့ ရပါတယ်။ရောဂါပိုးကြောင့်ဖြစ်စေ အသားပိုကြောင့်ဖြစ်စေ သေချာကုသခဲ့လျှင် ဆက်ဆံပြီး သွေးထွက်ခြင်း ရပ်နိုင်ပါတယ်။
(2) သူ့အလိုလို ရပ်နိုင်ပါသလား?
အချိုအမျိုးသမီးများတွင် ဆက်ဆံပြီးသွေးထွက်ခြင်းသည် အကြောင်းရင်း မရှိခဲ့ပါလျှင် သူ့အလိုလို ရပ်နိုင်ပါတယ်။
(3) မည်ကဲ့သို့ ကာကွယ်နိုင်ပါသလဲ?
သင့်အနေဖြင့် လိင်ဆက်ဆံစဉ် ဒဏ်ရာရမှု ကာကွယ်ရန် မဆက်ဆံခင်နှင့် ဆက်ဆံစဉ် ချောဆီအသုံးပြုနိုင်ပါတယ်။ ရာသီလာနေစဉ်နှင့် ပြီးခါနီးတွင် လိင်ဆက်ဆံမှု ရှောင်ရှားပါ။ အကယ်၍ သွေးဆုံးပြီး အမျိုးသမီးများအနေဖြင့် ဆက်ဆံပြီးသွေးဆင်းခဲ့လျှင့် မိန်းမကိုယ်မှတဆင့် အတ်ထရာဆောင်း ရိုက်ခြင်းပြုလုပ်ပြီး သားအိမ်နှင့် အခြားသော အင်္ဂါများကိုစစ်ဆေးခြင်း အသားစယူစစ်ခြင်းများ ပြုလုပ်သင့်ပါတယ်။
(4) ကိုယ်ဝန်ရှိနေပြီး သွေးထွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ?
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံပြီးနောက်သော်လည်းကောင်း လိင်ဆက်ဆံစဉ် သော်လည်းကောင်း သွေးထွက်ခဲ့လျှင်တော့ အရေးကြီးသော သတိပြုသင့်သော အချက်ပဲဖြစ်ပါတယ်။ ကလေးပျက်ကျနိုင်သည်ကို သတိပြုသင့်ပါတယ်။
(5) ဆရာဝန်နှင့် ပြသင့်သလား?
ဆရာဝန်နှင့် သေချာပြသကာ သားအိမ်ခေါင်းစစ်ဆေးခြင်း၊ သားအိမ်ခေါင်း ထိခိုက်မှု ရှိ၊ မရှိစစ်ဆေးခြင်း၊ တစ်ခုခုထွက်ကျမှုရှိခြင်း၊ အသားပိုရှိ မရှိ၊ ပိုးကူးစက်မှုရှိ မရှိ စသည်တို့ကိုအသေးစိတ် စစ်ဆေးသင့်ပါတယ်။
သားအိမ်ခေါင်း ကင်ဆာအတွက်ပါ ထည့်သွင်းစစ်ဆေးသင့်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးအနေဖြင့် ကင်ဆာအတွက် ထည့်သွင်းစဉ်းစား စမ်းသပ်သင့်ပါတယ်။
(6) စိုးရိမ်ရသလား?
လိင်ဆက်ဆံပြီးနောက် သွေးအနည်းငယ် ထွက်ရုံကလွဲ၍ ကျန်တာ ဘာလက္ခဏာမှ မရှိလျှင် မစိုးရိမ်ရသော်လည်း ဆေးခန်းတော့ ပြထားပါ။ သွေးထွက်ရသော အကြောင်းရင်း ပေါ်မူတည်ပါတယ်။
၎င်းတို့မှာ
– လိင်ဆက်ဆံစဉ် ကြမ်းတမ်းခြင်း
– ရာသီလာခါနီး ဆက်ဆံခြင်း
– မိန်းမကိုယ် ပိုးကူးစက်ခြင်း
– လိင်အင်္ဂါ အနာရှိခြင်း
– ကင်ဆာဖြစ်စေနိုင်သော အခြေအနေရှိခြင်း
– ဆီးအိမ်ကျွံခြင်း၊ သားအိမ်ကျွံခြင်း
– သားအိမ်၊ သားအိမ်ခေါင်းနှင့် မိန်းမကိုယ်ကင်ဆာဖြစ်ခြင်း စသည့် အကြောင်းရင်းများပေါ် မူတည်၍ ကုသမှု ခံယူသင့်ပါတယ်။
Author : Dr. ကျော်