ကာလသားရောဂါအကြောင်း သိကောင်းစရာ
ကာလသားရောဂါသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကာလသားရောဂါဖြစ်ရခြင်းမှာ Treponema pallidum ဟုခေါ်သော ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ထိုဘက်တီးရီးယားပိုးသည် ခန္ဓာကိုယ်အတွင်းရှိ အရေပြားအနာများ၊ ခန္ဓာကိုယ်တွင်းမှထွက်သော အရည်များ အစရှိသည်တို့တွင် ပုန်းအောင်းနေတတ်ပါတယ်။
ကာလသားရောဂါ ကူးစက်နိုင်သော နည်းလမ်းများကိုလည်း သိရှိစေဖို့ ပြောပြပေးလိုပါတယ်။
– ကာလသားရောဂါပိုးရှိနေသူ၏ သွေးသွင်းမိခြင်း၊
– ရောဂါပိုးရှိသူနှင့်အပ်တစ်ချောင်းတည်း မျှဝေသုံးစွဲခြင်း၊
– ရောဂါပိုးရှိသူ၏ အရေပြားအနာ၊ ခန္ဓာကိုယ်အတွင်းမှ ထွက်သော အရည်များနှင့် ထိတွေ့မိခြင်း၊
– ကာလသားရောဂါရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း အစရှိသည့် နည်းလမ်းများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ထို့အပြင် ကာလသားရောဂါပိုးရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကလေးဆီသို့လည်း ကူးစက်နိုင်ပါသေးတယ်။
ကာလသားရောဂါကူးစက်ခံရသူသည် အချိန်ကာလအတော်ကြာမြင့်သည်အထိ ရောဂါလက္ခဏာမပြပဲ ရှိနေတတ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ကာလသားရောဂါ ကူးစက်ခံရသည်ဟု သံသယရှိလျှင် (သို့) ရောဂါလက္ခဏာများ ခံစားရလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့ အမြန်သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။
ဆက်လက်၍ ကာလသားရောဂါကူးစက်ခံရသူတွင် တွေ့ကြုံရတတ်သော ရောဂါလက္ခဏာများကိုလည်း ပြောပြပေးပါရစေ။ ကာလသားရောဂါတွင် အဆင့်၄ဆင့်ရှိပါတယ်။ ရောဂါလက္ခဏာများမှာ အဆင့်တစ်ဆင့်ချင်းစီတွင်ရှိပြီး ကွာခြားမှုလေးတွေရှိပါတယ်။
Primary Syphilis (ပထမအဆင့်)
ပထမအဆင့်သည် ရောဂါပိုးစတင်ကူးစက်ခံရပြီး ၁၀ရက်မှ ရက်၉၀အတွင်း လက္ခဏာများ စတင်ပေါ်ပေါက်လာပါတယ်။ ရောဂါပိုးနဲ့ထိတွေ့မိတဲ့အရေပြားမှာ အနာစဖြစ်ပြီး ၎င်းအနာမှာ နာလို့နာမှန်းမသိဘဲ မာမာလေးရှိနေတတ်ပါတယ်။ ဒါကို Chancreလို့ ခေါ်ပါတယ်။ ဒီအနာရဲ့ ဘေးပတ်ဝန်းကျင်တစ်ဝိုက်မှာ အလုံးအကျိတ်ပေါက်တတ်ပါတယ်။ မိန်းမကိုယ်နဲ့ စအိုနားတစ်ဝိုက်တွင် အနာပေါက်ပါက သတိမထားမိဘဲ ရှိနေတတ်ပါတယ်။
Chancreသည် လက်ချောင်းများကြား၊ လက်ထိပ်၊ လျှာ၊ အာခေါင်နှင့် နို့သီးခေါင်းတစ်ဝိုက်တွင်လည်း ပေါက်တတ်ပါတယ်။ chancreသည် ၂ပတ်ကနေ ၆ပတ်အတွင်း ဆေးကုသမှု ခံယူခြင်းမရှိလည်း သူ့အလိုအလျောက်ပျောက်သွားတတ်ပါတယ်။ သို့သော် ပထမအဆင့်တွင် ဆေးကုသမှု မခံယူပါက ၃လအကြာတွင် ဒုတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။
Secondary Syphilis (ဒုတိယအဆင့်)
ဒုတိယအဆင့်တွင် ကိုယ်ပူခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းစသည့်ဝေဒနာများ ခံစားရတတ်ပါတယ်။ ၇၅ရာခိုင်နှုန်းသော လူများတွင် အနီကွက်များ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် တွေ့ရတတ်ပြီး လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာ အစရှိသည်တို့တွင်လည်း ထင်ရှားစွာတွေ့ရတတ်ပါတယ်။
အနီကွက်တွေဟာ ယားယံခြင်းမရှိပါ။ အရောင်ဖျော့နေတတ်တဲ့အတွက် သတိမပြုမိဘဲ ရှိနေတတ်ပါတယ်။ တခြားသော လက္ခဏာများမှာ ဦးနှောက်အမြှေးရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းစသည့်ရောဂါဝေဒနာများလည်း ခံစားရတတ်ပါတယ်။ ဒုတိယအဆင့်တွင် ဆေးကုသမှုမခံယူလျှင် (သို့) မှန်ကန်သော ဆေးကုသမှုမခံယူလျှင် ၂ပတ်မှ ၄ပတ်အတွင်း ပျောက်ကွယ်ပြီး နောက်တစ်ဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။
Latent Syphilis (ရောဂါငုပ်နေတဲ့အဆင့်)
ယခုအဆင့်တွင် ရောဂါလက္ခဏာများ မပေါ်ဘဲ နှစ်ပေါင်းများစွာ ကြာရှိနေတတ်ပါတယ်။ ၆၀ရာခိုင်နှုန်းသောလူများတွင် ရောဂါလက္ခဏာမပြဘဲ (သို့) ရောဂါလက္ခဏာများ အနည်းအကျဉ်းမျှသာတွေ့ရတတ်ပါတယ်။ သို့သော် ယခုအဆင့်တွင် သေချာစွာ ဆေးကုသမှုမခံယူပါက အန္တရာယ်ရှိသည့် တတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။
Tertiary Syphilis (တတိယအဆင့်)
ရှေ့ကဖော်ပြခဲ့သော အဆင့်များတွင် ဆေးကုသမှုမခံယူခဲ့ပါက ရောဂါပိုးဝင်ရောက်ပြီး ၃နှစ်မှ ၁၀နှစ်အတွင်း အန္တရာယ်ရှိသည့် တတိယအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။ တတိယအဆင့်တွင် အရေပြား၊ အရိုး၊ ကြွက်သားများနှင့် ကိုယ်တွင်းကလီစာများပါ ထိခိုက်နိုင်ပါတယ်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြော၊ နှလုံး၊ အသည်း၊ မျိုးပွားအင်္ဂါများအထိ ထိခိုက်နိုင်ပါသေးတယ်။
ကာလသားရောဂါပိုးသည် နှလုံးထဲသို့ ရောက်သွားပါက နှလုံးသွေးလွှတ်ကြောတွင် အလုံးအကြိတ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းစသည်တို့ဖြစ်ပေါ်နိုင်ပါတယ်။ ဦးနှောက်ထဲသို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်မလှုပ်ရှားနိုင်ခြင်း၊ အလွန်အမင်းခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်းစသည့်ဝေဒနာများခံစားရပြီး အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိပါတယ်။
ကာလသားရောဂါရှိသည့် ကိုယ်ဝန်ဆောင်မိခင်မှသည်လည်း ကလေးသို့ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သေချာစွာ ဆေးကုသမှု မခံယူပါက
– ကလေးပျက်ကျခြင်း(သို့) ကလေးအသေမွေးခြင်း၊
– ပေါင်မပြည့်၊ လမစေ့သော ကလေးမွေးဖွားနိုင်ခြင်း၊
– မွေးဖွားလာသော ကလေးတွင်လည်း မွေးရာပါကာလသားရောဂါပိုးပါလာခြင်း (congenital syphilis) စသည့်ဆိုးကျိုးများစွာ ကြုံတွေ့ခံစားရမည်ဖြစ်ပါတယ်။
ထိုကဲ့သို့ ဆိုးရွားလှသော အသက်အန္တရာယ်အထိပါ ဒုက္ခပေးနိုင်သော ကာလသားရောဂါကို မိမိတွင် တွေ့ရှိခံစားရသည်နှင့် (သို့)သံသယရှိသည်နှင့်တစ်ပြိုင်နက် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်ပါတယ်။ ထို့အပြင့် ရောဂါပိုးမကူစက်နိုင်အောင် ကာကွယ်ရန်နည်းလမ်းများကိုလည်း သိရှိသင့်ပါတယ်။
– လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးပါ။ မရှောင်နိုင်ပါက ကွန်ဒုံးကို စနစ်တကျအသုံးပြုပါ။
– ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးသွင်းဖို့လိုအပ်ပါက ကာလသားရောဂါ/ HIV အစရှိသည့် ရောဂါပိုးများ ရှိ/မရှိ သေချာစစ်ဆေးထားသော သွေးကိုသွင်းရန် အထူးသတိပြုပါ။
– တစ်ခါသုံးဆေးထိုးအပ်ကိုသာ အသုံးပြုပါ။
– ကာလသားရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ မကူးစက်အောင် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကာလသားရောဂါ၊ HIV အစရှိသည့်ရောဂါပိုးများ ရှိ/မရှိ ဆေးစစ်ပါ။ အကယ်၍ ရောဂါပိုးကူးစက်ခံရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးကုသမှုခံယူပါ။
ကာလသားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါအစရှိသည်တို့သည် အတူစား၊ အတူသွား၊ အလုပ်အတူတူလုပ်ရုံမျှဖြင့် မကူးစက်နိုင်ပါ။ အထက်ပါဖော်ပြခဲ့သော ကာလသားရောဂါ၏ လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို သိရှိပြီး အချိန်မီ ဆေးကုသမှု ခံယူကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ကျန်းမာပျော်ရွှင်၍ ရောဂါကင်းစင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ
Dr.သီတာလှိုင်