ထူးခြားဆန်းပြား ရှေးရှေးတုန်းက ကိုယ်ဝန်တားနည်းများ
သားဆက်ခြားတယ်ဆိုတာ ကိုယ်ဝန်မရနိုင်အောင်လုပ်တဲ့ နည်းလမ်းမှန်သမျှကို သားဆက်ခြားနည်းလမ်းလို့ ခေါ်ဆိုနိုင်တယ်။ အင်္ဂလိပ်လိုဆို birth control, contraception, fertility control အစရှိသည်ဖြင့် ခေါ်ကြတယ်။ သားဆက်ခြားနည်းတွေ အများကြီးရှိပါတယ်။
သဘာဝအတိုင်းကိုယ်ဝန်တားတဲ့နည်းတွေရှိမယ်၊ သောက်ဆေးသောက်တာရှိမယ်၊ မိန်းမကိုယ်ထဲပစ္စည်းထည့်တာရှိမယ်၊ ဒီနည်းလမ်းတွေက ကျွန်တော်တို့ အခုခေတ်မှ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ဟိုးအရင် နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး (ထိုးဆေးတော့မပါပါဘူး) အရင်ခေတ်တွေကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
လေ့လာချက်တွေအရတော့ အစောဆုံးအနေနဲ့ အီဂျစ်လူမျိုးတွေက ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၈၅၀ ခုနှစ်လောက်ကတည်းက စပြီး သားဆက်ခြားနည်းလမ်းတွေအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ရှေးခေတ်လူသားတွေဖြစ်တာနဲ့အညီ သူတို့ပတ်ဝန်းကျင် အလွယ်တကူရယူနိုင်တဲ့ အရာတွေနဲ့ သားဆက်ခြားနည်းလမ်းတွေ တီထွင်ရှာဖွေခဲ့ကြတယ်။
အမျိုးသားသုတ်ပိုးကို တားဆီးဖို့အတွက် ဆေးဖော်စပ်ရာမှာ မိချောင်းရဲ့ ချေး၊ ပျားရည်၊ acacia အပင် စတဲ့အရာတွေကိုရောစပ်ပြီး မိန်းမကိုယ်လမ်းကြောင်းထဲထည့်ပြီး သုတ်ပိုးမဝင်နိုင်အောင်၊ သုတ်ပိုးသေအောင်ဖန်တီးခဲ့ကြတယ် (အံ့သြစရာကောင်းတာက အခုခေတ်လေ့လာချက်တွေအရလည်း အချဉ်ဖောက်ထားတဲ့ acacia အပင်မှာ သုတ်ပိုးသေစေတဲ့ အစွမ်းတကယ်ပါနေပါတယ်) နောက်ပြီးကျွန်တော်တို့ အခုခေတ်မှာ တခြားသားဆက်ခြားနည်းမသုံးချင်တဲ့ စုံတွဲတွေတော်တော်များများကျင့်သုံးနေတဲ့ သုတ်ရည်ကို အပြင်မှာထုတ်လိုက်တဲ့နည်း (coitus interruptus) ကိုလည်း အဲ့ဒီအချိန်ကတည်းက အသုံးပြုခဲ့တာတွေ့ရပါတယ်။
ရှေးအီဂျစ်လူမျိုးတွေအနေနဲ့ မီးဖွားပြီး အချိန် ၃ နှစ်အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးတဲ့နည်းနဲ့ သားဆက်ခြားခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ နောက်ပြီး အီဂျစ်ကပိရမစ်တွေထဲက ဘုရင်တွေရဲ့ အုတ်ဂူတွေကို ရှာဖွေလေ့လာကြည့်တဲ့အခါမှာလည်း ဘုရင်ကို တခြားတစ်ကိုယ်ရည်အသုံးအဆောင်တွေဖြစ်တဲ့ ချပ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာ စတာတွေအပြင် ကွန်ဒုံးပါထည့်ပေးထားတာကို တွေ့ရခြင်းအားဖြင့် အဲ့ဒီအချိန်လောက်ကတည်းက ရှေးအီဂျစ်ပြည်မှာ ကွန်ဒုံးကို တီထွင်အသုံးပြုနေနိုင်ပြီဆိုတာ သိနိုင်ပါတယ် (အီဂျစ်လူမျိုးတွေရဲ့ အယူအဆအရ သူတို့ဘုရင်တွေဟာသေဆုံးပြီး တမလွန်ဘဝမှာလည်း စည်းစိမ်အပြည့်နဲ့ စိုးစံနိုင်ဖို့ အတွက်လိုအပ်တဲ့အရာမှန်သမျှကို ဂူသွင်းသဂြိုလ်တဲ့အခါထည့်ပေးလေ့ရှိပါတယ်)
ရှေးခေတ်ဂရိပြည်မှာလည်း အီဂျစ်လိုပဲ သားဆက်ခြားနည်းတွေ အမျိုးမျိုးသုံးစွဲခဲ့ကြတယ်။ ယနေ့ခေတ်မှာ လူတွေအကြားအငြင်းအခုံဖြစ်နေဆဲဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စတွေဟာ ရှေးဂရိပြည်မှာလည်း ရှိခဲ့ပုံပေါ်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ သူတို့အသုံးပြုခဲ့ကြတဲ့ Silphium ဆိုတဲ့ အပင်တစ်မျိုးက သားဆက်ခြားရာမှာသာမက သားပျက်သားလျှောဖြစ်အောင်ပါ လုပ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ဒီအပင်တွေက အစကတည်းက ရှားပါးတာက တစ်ကြောင်း အဲ့အချိန်ကတည်းကအသုံးပြုတဲ့သူ အလွန်များလာတာတွေကြောင့် မျိုးတုန်းသွားခဲ့ပါတယ်။
ဒီလိုပဲ တရုတ်နဲ့ အိန္ဒိယပြည်မှာလည်း သားဆက်ခြားနည်းတွေ အသီးသီးကျင့်သုံးခဲ့ကြတာကို တွေ့ရတယ်။ အခုခေတ်မှာသုံးလေ့ရှိတဲ့ နည်းတွေထဲက တစ်ခုဖြစ်တဲ့ ဆက်ဆံပြီးကာနီးမှ သုတ်ရည်မထွက်အောင်ထိန်းတာ၊ သုတ်ရည်ကိုအပြင်ထုတ်ပြီး လွှတ်တာ စတဲ့နည်းတွေနဲ့ ပတ်သတ်ပြီး ရှေးတရုတ်သမားတော်တွေလေ့လာခဲ့ကြပေမဲ့ ဒါတွေကို သားဆက်ခြားဖို့ အသုံးပြုခဲ့တာလား၊ ယောင်္ကျားခွန်အားတိုးစေဖို့ ကျင့်သုံးတဲ့နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့တာလားဆိုတာတော့ သေချာမသိရှိရပါဘူး။ နောက်ရှာဖွေတွေ့ရှိခဲ့တဲ့နည်းလမ်းကတော့ အမျိုးသမီးကို သန္ဓေမတည်နိုင်အောင် (သို့) မြုံသွားအောင် လုပ်တဲ့ဆေးတွေလည်း ဖော်စပ်တိုက်ကျွေးခဲ့တာကို တွေ့ရှိရပါတယ်။
ဆေးပညာထွန်းကားတဲ့ အိန္ဒိယပြည်ကြီးမှာလည်း သူ့နည်းလမ်းတွေနဲ့ သူရှိခဲ့ပါတယ်။ အပေါ်က အီဂျစ်လူမျိုးတွေလိုပဲ သဘာဝကရတဲ့ အရာတွေဖြစ်တဲ့ ပျားရည်၊ ကြံသကာရည်၊ ဆား၊ ထန်းရွက် စတဲ့အရာတွေကို ပေါင်းပြီး သန္ဓေတားတဲ့အနေနဲ့ လိမ်းဆေးအနေနဲ့ရော သောက်ဆေးအနေနဲ့ပါအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဥရောပတိုက်မှာတော့ ဒီကိစ္စကအနည်းငယ်ရှုပ်ထွေးတယ်။ ၅ရာစုနှစ်ကနေ ၁၅ရာစုနှစ်လောက်အထိအချိန်အတောအတွင်းမှာတော့ အဲ့တုန်းက တန်ခိုးအင်အားကြီးခဲ့တဲ့ ကက်သလစ်ကျောင်းတော်က သန္ဓေတားမရအောင်လုပ်တာ၊ ကိုယ်ဝန်ပျက်ကျအောင်လုပ်တာ စတဲ့လုပ်ရပ်မှန်သမျှကို တားဆီးပိတ်ပင်ထားပြီး ပြင်းပြင်းထန်ထန်အရေးယူခဲ့ပါတယ်။
အဲ့ခေတ်အခါတုန်းက ကိုယ်ဝန်ပျက်ကျအောင်လုပ်ဆောင်ပေးသူကို စုန်းမလို့စွပ်စွဲပြီး သေဒဏ်ပေးခဲ့တာမျိုးတွေတောင်ရှိပါတယ်။ နောက်ပြီး ၁၃ ရာစုနှစ်မှာ ဖြစ်ခဲ့တဲ့ Black Death လို့ခေါ်တဲ့ ပလိပ်ရောဂါကြောင့် ဥရောပကလူဦးရေ ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိလျော့ချသွားပြီးနောက်မှာတော့ လျော့ကျသွားတဲ့လူဦးရေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်တာကြောင့် သူနဲ့ ဆန့်ကျင်ဖက်အကျိုးသက်ရောက်မှုရှိနိုင်တဲ့ သားဆက်ခြားနည်းစနစ်တွေနဲ့ ပတ်သတ်ပြီး ဗဟုသုတနည်းပါးခဲ့ရတယ်။
သို့ပေမဲ့ နောက်ပိုင်း ၁၈ ရာစုနှစ်လောက်အရောက်မှာတော့ ဥရောပတိုက်သားအများစုက ကွန်ဒုံးနဲ့ diaphragm ခေါ်တဲ့ မိန်းမကိုယ်လမ်းကြောင်းထဲထည့်တဲ့ ပစ္စည်းတို့ကို သားဆက်ခြားနည်းလမ်းတစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီဖြစ်ပါတယ်။
Dr. Wayne