ဒီတစ်ခုတော့ အမျိုးသားတွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာလေးတစ်ခုကို ပြောပြသွားပါ့မယ်။ တစ်ယောက်တည်း အာသာဖြေတတ်တဲ့ လူပျိုကြီးတွေပဲဖြစ်ဖြစ်၊ အိမ်ထောင်ရှိပြီး ကလေးလိုချင်လို့ကြိုးစားနေပေမဲ့ မရနိုင်ဖြစ်နေတဲ့ သူတွေပဲဖြစ်ဖြစ် ၂ မျိုးလုံးအတွက် ကြုံတွေ့ရနိုင်တာမို့ ဘာပြဿနာလဲ သိချင်ရင် ဆက်ဖတ်ကြည့်လိုက်ပါအုံး။
အရင်ဆုံး ဒီပြဿနာဘာဆိုတာ မပြောခင် အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါတည်ဆောက်ပုံကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ ဒါမှသာ နောက်ပိုင်းပြောရတာ ပိုလွယ်မှာမို့လို့ပါ။ အရင်ဆုံးအတွင်းက စပြောရအောင်။ မျိုးပွားဖို့ လိုအပ်တဲ့ သုက်ပိုးတွေကို ဝှေးစေ့ (Testicles) တွေထဲက ထုတ်ပေးလိုက်တယ်။ ဒီအခါ သုက်ပိုးတွေက ဝှေးစေ့နဲ့ဆက်နေတဲ့ Ves deferen လို့ခေါ်တဲ့ ပြွန်ကနေ တစ်ဆင့်အပေါ်တက်သွားတယ်။ ဒီပြွန်ကအပေါ်ရောက်တဲ့အခါ ဆီးအိတ်ကို ပတ်သွားပြီး အောက်ပြန်ဆင်းလာတယ်။ အောက်ဖက်ရောက်တဲ့အခါ သုက်ပိုးထုတ်ပေးတဲ့ပြွန် (ejaculatory duct) ဖြစ်သွားပါတယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက သုက်ပိုးထွက်တဲ့လမ်းကြောင်းနဲ့ ဆီးသွားတဲ့လမ်းကြောင်းက တစ်ခုတည်းဆိုတာပါ။ သူ့အချိန်အခါနဲ့သူ လုပ်ဆောင်ရတဲ့ တာဝန်ပြောင်းသွားတာပဲ ကွာပါတယ်။ ဘယ်လိုကြောင့်လဲဆိုတော့ ဆီးအိတ်အထွက်နေရာနဲ့ ခုနက သုက်ပိုးထုတ်တဲ့ ပြွန်စုံတဲ့နေရာမှာ ကျုံ့နိုင်ချဲ့နိုင်တဲ့ ကြွက်သားတစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဆီးသွားမဲ့အခါ ဒီကြွက်သားက သုက်ပိုးထွက်တဲ့လမ်းကို ညှစ်ပြီး ပိတ်ထားလိုက်ပါတယ်။ အာသာဖြေလို့ပဲဖြစ်ဖြစ် လိင်ဆက်ဆံလို့ဆန္ဒပြီးမြောက်တဲ့အခါမှာပဲဖြစ်ဖြစ် သုက်ပိုးထွက်တော့မယ်ဆိုတဲ့အခါကျ ဆီးအိတ်က ဆီးထွက်လာမဲ့လမ်းကို ညှစ်ပြီးပိတ်ထားလိုက်ပါတယ်။ ဒီအခါမှာ သုက်ရည်တွေက ဆီးထုတ်ပြွန်တစ်လျှောက်ဝင်သွားပြီးလိင်တံက တစ်ဆင့်ထွက်သွားပါတော့တယ်။ ဒီအခါမှာမှ စိတ်ဆန္ဒပြီးမြောက်ခြင်း (Orgasm) ဆိုတာဖြစ်ပေါ်လာတယ်။
အခုပြောမဲ့ပြဿနာက ဒီလိုလမ်းကြောင်း ၂ ခုကွဲကွဲပြားပြားမဖြစ်တော့တဲ့အခါ ပေါ်လာတဲ့ပြဿနာပါ။ ဆန္ဒပြီးမြောက်လို့ သုက်ရည်ထွက်လာပေမဲ့ သုက်ရည်က လိင်တံထဲမဝင်တော့ပဲ အပေါ်ကဆီးအိတ်ထဲပါဝင်သွားတယ်။ ရလဒ်ကတော့ ထွက်တဲ့သုက်ရည်ပမာဏနည်းသွားတယ်၊ မျိုးပွားဖို့လုံလောက်တဲ့ ပမာဏထပ်နည်းခဲ့မယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့အခက်အခဲရှိလာမှာဖြစ်ပါတယ်၊ ပျမ်းမျှအားဖြင့် အမျိုးသားတစ်ယောက်စိတ်ဆန္ဒပြီးမြောက်လို့ ထုတ်လိုက်တဲ့သုက်ရည်ထဲမှာ သုက်ကောင်ရေ သန်း ၁၀၀ ပါဝင်ပါတယ်၊ ဒါပေမဲ့ ဒီလောက်များတဲ့ သုက်ကောင်ရေတွေထဲကမှာ တစ်ကောင်ပဲအမျိုးသမီးရဲ့သားဥနဲ့တွေ့ပြီး ကိုယ်ဝန်ရနိုင်တာပါ။ တစ်ချို့တွေအမျိုးသားတွေမှာ သုက်ပိုးလုံးဝမပါတာမျိုးလည်း ဖြစ်သွားတတ်တယ်။ ဒီအခါမှာတော့ လုံးဝမရနိုင်တော့ဘူး ဖြစ်သွားပါတယ်။
သုက်ရည်ပြန်ဝင်တဲ့ ပြဿနာက ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ ဘယ်လိုလူတွေ ကြုံတွေ့နိုင်သလဲဆိုတော့ ဆီးအိတ်၊ ဆီးကျိတ်နဲ့ပတ်သတ်ပြီး ခွဲစိတ်ကုသမှု တစ်ခုခု ခံယူထားဖူးတဲ့သူတွေ အဖြစ်များတယ်။ ခွဲစိတ်ကုသတဲ့အခါ မတော်တဆ အာရုံတစ်ခုခုကို ထိခိုက်မိသွားလို့ ဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်ရတဲ့အချက်တွေကတော့ ဆီးချိုရောဂါရှင်တွေ၊ ပါ့ကင်ဆန်ရောဂါခေါ်တဲ့ အာရုံကြောအားနည်းရောဂါရှင်တွေ၊ အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်မိထားသူတွေ၊ နောက်ပြီး သွေးတိုးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သုက်ရည်ပြန်ဝင်တဲ့ ပြဿနာက နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမားမရှိပေမဲ့ ဖြစ်ရတဲ့အောက်ခံအကြောင်းအရင်းတွေက အရေးကြီးတဲ့ရောဂါတွေ ဖြစ်နေနိုင်မို့ ဆရာဝန်နဲ့တော့ သွားပြီး တိုင်ပင်ကြည့်သင့်ပါတယ်။ ဆရာဝန်က သင့်ရဲ့ မျိုးပွားအင်္ဂါတွေဖြစ်တဲ့ လိင်တံ၊ ဝှေးစေ့တို့ကို စစ်ဆေးပါမယ်။ ပြီးရင် စမ်းသပ်တဲ့အနေနဲ့ အာသာဖြေခိုင်းပါမယ်၊ အာသာဖြေပြီးရင် ဆီးသွားခိုင်းပါမယ်။ ထွက်လာတဲ့ဆီးမှာ သုက်ရည်ပါ မပါ စစ်ဆေးရပါမယ်။ ပါနေမယ်ဆိုရင်တော့ သုက်ရည်တွေ ဆီးအိတ်ထဲပြန်ဝင်တယ်ဆိုတာ သေချာသွားပါပြီ။
ကုသတဲ့အခါမှာလည်း အခြေအနေပေါ် မူတည်ပါတယ်။ ဆီးချိုရောဂါ၊ ပါ့ကင်ဆန်ရောဂါတွေကြောင့် အာရုံကြောထိခိုက်မိလို့ ဖြစ်တာဆိုရင် သောက်ဆေးတွေပေးပြီး ကုသနိုင်ပါတယ်။ ဒီဆေးတွေက ထိရောက်မှုရှိတယ်ဆိုပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံးခုန်မြန်တာ၊ သွေးပေါင်ချိန်တက်လာတွေဖြစ်နိုင်လို့ တချို့သူတွေနဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
ခွဲစိတ်ကုသမှုကြောင့် အာရုံကြော ထိခိုက်မိသွားတဲ့ ရလဒ်အနေနဲ့ ဖြစ်တာဆိုရင်တော့ ဘယ်လိုမှ ကုသလို့ မရတော့ပါဘူး။ သို့ပေမဲ့ ကလေးလိုချင်တယ်ဆိုရင်တော့ သုက်ပိုးကို အထဲကအပ်နဲ့ ထုတ်ယူပြီး ဓာတ်ခွဲခန်းကိုပို့၊ ဆေးနဲ့ရော၊ ဒီအထဲက ကျန်းမာတဲ့ သုက်ပိုးကို မိန်းမသားအိမ်ထဲထည့် စတဲ့လုပ်ငန်းအဆင့်ဆင့်လုပ်ပြီးကလေးရဖို့ကြိုးစားနိုင်ပါတယ်။
ကလေးမရစေနိုင်တဲ့ (မြုံနေရတဲ့) အကြောင်းအရင်းတွေထဲမှာ ဒီလို သုက်ပိုးနောက်ပြန်ဝင်သွားလို့ ကလေးမရရတာက ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတာ တွေ့ရှိရပါတယ်။ သို့ပေမဲ့ လင်မယား ၂ ယောက်က ကလေးယူဖို့ကြိုးစားနေတယ်၊ တခြားလည်း ကြီးကြီးမားမားချို့ယွင်းချက်မရှိပဲ ကြိုးစားနေတာတောင် တစ်နှစ်လောက်ကြာတဲ့အထိ ကလေးမရနိုင်သေးဘူးဆို ဒီအချက်ကိုလည်း ထည့်စဉ်းစားဖို့လိုအပ်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ရပါတယ်။
Dr.Wayne