ကြက်သီးမွှေးညင်းထခြင်း အကြောင်း
လူတိုင်းနီးပါး ကြက်သီးမွှေးညင်းထခြင်းကို မကြာခဏ ကြုံဖူးမှာပါ။ ကြက်သီးမွှေးညင်းထခြင်းကို အင်္ဂလိပ်လို Goosebumps လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Piloerection သို့မဟုတ် Pilomotor reflex လို့ခေါ်ပါတယ်။
ရုတ်တရက် ချမ်းအေးမှုကိုခံစားရတဲ့အခါ သို့မဟုတ် ထိတ်လန့်စရာနဲ့ ရုတ်တရက်ကြုံတွေ့တဲ့အခါတွေမှာ ကြက်သီးမွှေးညှင်းထတာကို ခံစားရတတ်ပါတယ်။ ကြက်သီးမွှေးညင်းထတဲ့အခါ အရေပြားပေါ်ရှိ အမွှေးလေးတွေထောင်လာပြီး ထို အမွှေးတပင်ချင်းစီရဲ့ အောက်ခြေနေရာက အဖုသေးသေးလေးအနေနဲ့မို့တက်လာပါတယ်။
ဒါကြောင့် ကြက်သီးထတဲ့အခါစမ်းကြည့်လိုက်ရင် အရေပြားမှာအဖုသေးသေးလေးတွေကို စမ်းမိတာပါ။ကြက်သီးမွှေးညင်းထခြင်းကို လက်မောင်းတွေ၊ လက်ဖျံတွေမှာ အဓိကတွေ့မြင်နိုင်ပြီး ခြေထောက်၊ လည်ပင်းနဲ့ အမွှေးအမျှင်ရှိတဲ့ တခြား အရေပြားတွေ မှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ မျက်နှာပေါ်မှာ ကြက်သီးထခြင်းဖြစ်တာကတော့ မရှိသလောက် ရှားပါတယ်။
ရုတ်တရက်ချမ်းအေးတာနဲ့ ရုတ်တရက်ထိတ်လန့်တာအပြင် ကြက်သီးမွှေးညင်းထခြင်းကို ဖြစ်စေနိုင်တဲ့တခြားအခြေအနေတွေကတော့ အလွန်နှစ်ခြိုက်အားရဝမ်းမြှောက်မှုနဲ့ ကြုံတွေတာ အလွန်ကြည်ညိုစရာကောင်းမှုနဲ့ ကြုံတွေ့တာ လိင်ရာဂနှိုးဆွမှုနဲ့ ကြုံတွေ့တာ အစရှိတဲ့ အခြေအနေတွေဖြစ်ပါတယ်။
အထူးသဖြင့် အမျိုးသားအတော်များများဟာ ဆီးသွားပြီးတဲ့နောက်မှာ ကြက်သီးထပြီးတုန်တက်သွားတဲ့ခံစားမှုမျိုး မကြာခဏဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီဥတုမှာဆိုရင် ပိုဖြစ်တတ်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကအပူနဲ့ အရည်ပမာဏဆုံးရှုံးသွားရပြီး ကိုယ်တွင်းအပူချိန် နည်းနည်းကျသွားတတ်ပါတယ်။
ထိုအခါ ပတ်ဝန်းကျင်ရဲ့ အအေးဓါတ်က ခန္ဓာကိုယ်တွင်းကို ဝင်လာပါတယ်။ ထိုဝင်လာတဲ့ အအေးဓါတ်ကို အရေပြားက ပြန်လည်တိုက်ထုတ်ရန်အတွက် ကြက်သီးထခြင်းဖြစ်တယ်လို့
တချို့သုတေသနပညာရှင်တွေက ရှင်းချက်ထုတ်ပါတယ်။
ကြက်သီးထခြင်းဟာ လူအပါအဝင် နို့တိုက်သတ္တဝါအားလုံးမှာ ဖြစ်ပွားတတ်တဲ့ တမင်တကာ လုပ်ခြင်းမဟုတ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ တချို့သောပညာရှင်တွေကတော့ စိတ်လှုပ်ရှားလို့ဖြစ်လာတဲ့ ဇီဝကမ္မဖြစ်စဉ်လို့လည်း ပြောကြပါတယ်။ ဘာပဲပြောပြော ကြက်သီးထခြင်းဟာ ရောဂါတခုတော့မဟုတ်ပါဘူး။
Dr 528