တစ်ခါတစ်လေ ခါးတွေနာ ဆီးထဲမှာ သွေးပါတာမျိုး ဖြစ်တဲ့အခါ ဆေးစစ်ကြည့်ရင်း အမှတ်မထင် ကျောက်ကပ်မှာ အလုံးရှိနေတယ်ဆိုပြီး တွေ့ရတာမျိုး ရှိပါတယ်။ ဒါမှမဟုတ်ရင် ဘာရောဂါ လက္ခဏာမှ မခံစားရဘဲ ဆေးစစ်ကြည့်တော့မှ ကျောက်ကပ်မှာ အလုံးရှိနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုရင်
• မိဘမျိုးရိုး ရှိတဲ့သူတွေ
• ကိုယ်အလေးချိန်များတဲ့သူတွေ
• သွေးတိုးနေတတ်တဲ့သူတွေ
• ဆေးလိပ်(စီးကရက်)သောက်တတ်တဲ့သူတွေ
• အဆစ်နာတဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ အရမ်းသောက်တတ်တဲ့သူတွေ
• အသည်းရောင်အသားဝါ စီပိုးရှိတဲ့သူတွေ
• မွေးရာပါ ကျောက်ကပ်မှာ ရေအိတ်ရှိနေတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
ကျောက်ကပ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေ အနေနဲ့
၁။ ဆီးထဲမှာ သွေးပါမယ်
တစ်ခါတစ်လေ မျက်စိနဲ့ ရဲခနဲ မြင်ရလောက်အောင် ပါတာမျိုး ရှိပေမယ့် များသောအားဖြင့် မျက်စိနဲ့ မမြင်ရဘဲ မိုက်ခရိုစကုတ်နဲ့မှ တွေ့မြင်နိုင်တဲ့ပုံစံမျိုးနဲ့လည်း ဆီးထဲမှာ သွေးပါတတ်ပါတယ်။
၂။ ခါးနာခြင်း၊ ဗိုက်နာခြင်း
နံရိုးအောက်တည့်တည့်ကနေ နာနေတတ်ပါတယ်။ ပြီးတော့ နာကျင်မှုဟာ ကြွက်သားနာကျင်သလိုမျိုးနဲ့လည်း မတူဘဲ နားလည်းမသက်သာ နာမြဲနာနေတတ်ပါတယ်။ တစ်ခါတစ်လေ ဗိုက်နာဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။
၃။ အလုံးစမ်းမိခြင်း
နံရိုးအောက်မှာ အလုံးစမ်းမိတာမျိုး ခါးရဲ့ ဘေးစောင်းနေရာတွေမှာ အလုံးစမ်းမိတာမျိုးတွေ ရှိနိုင်ပါတယ်။
၄။ သွေးအားနည်းခြင်း
ကျောက်ကပ်က အလုပ်ကောင်းကောင်းမလုပ်ခြင်းကြောင့် သွေးအားနည်းနိုင်သလို ဆီးထဲမှာ သွေးပါတာတွေကြောင့်လည်း သွေးအားနည်းနိုင်ပါတယ်။ သွေးအားနည်းရင် ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ပင်ပန်းနွမ်းနယ်တာ ၊ နုံးချိတာတွေအပြင် ရင်တုန်ခြင်း လှုပ်ရှားမှု ပြုလုပ်တိုင်းမှာ မောပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။
၅။ ဖျားခြင်း
ကင်ဆာတို့ရဲ့ လက္ခဏာတစ်ခုထဲက တစ်ခုဖြစ်တဲ့ အဖျားငွေ့ငွေ့ ရှိနေတာပါ။ ကျောက်ကပ်မကောင်းတဲ့ အတွက် ကိုယ်ခံအား မကောင်းတော့ ပိုဆိုးပါတယ်။ အဖျားကြာရှည်တယ်။ ညဘက်တွေဆို ချွေးစေးတွေ ထွက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ မကြာခဏ အအေးမိ နှာစေး ဖြစ်တာမျိုးလည်း ဖြစ်တတ်တယ်။
၆။ ကိုယ်အလေးချိန်ကျဆင်းခြင်း
ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာတတ်ပါတယ်။ အစားအသောက်ပျက်တာ နုံးတာမျိုးလည်း ရှိပါတယ်။
ဘယ်လိုသိနိုင်မလဲဆိုတော့ ဆီးစစ် သွေးစစ်ကြည့်တာ ၊ ဝမ်းဗိုက်ဓာတ်မှန် (အာထရာဆောင်း) ရိုက်ကြည့်တာ၊ အသားစယူတာတွေအပြင် CT ဓာတ်မှန် ရိုက်ကြည့်တာတွေ လုပ်လို့ ရပါတယ်။ ကုသမှု အနေနဲ့တော့ ကင်ဆာကျိတ်ကို ခွဲစိတ်ကုသတာ၊ ကင်ဆာဆေး သွင်းတာ၊ ဓာတ်ကင်တာတွေ လုပ်လို့ရပါတယ်။ ဘယ်လိုကုသမှုကို ခံယူသင့်တယ်ဆိုတာတော့ အဆင့်ပေါ် အကျိတ်ရဲ့ အရွယ်အစားပေါ် မူတည်ပါတယ်။
အဖြစ်နည်းလား များလားဆိုတော့ အဖြစ်များတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ များသောအားဖြင့်လည်း ရောဂါလက္ခဏာတွေက အဆင့်လွန်မှ ပြတတ်တာ များတဲ့အတွက် မသိလိုက်ကြတာများပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဒီရောဂါကို တစ်စေ့တစ်စောင်း အနေနဲ့ သတိမူမိအောင် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
Author : Dr. မေ