ဗီတာမင်ဒီသည် လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါသောအရာတစ်ခုဖြစ်သည်။ အရိုးကျန်းမာသန်စွမ်း အောင်ပြုလုပ်ပေးပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ ဗီတာမင်ဒီကို နေရောင်ခြည်ဗီတာမင်ဟု လည်းခေါ်ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် နေရောင်ခြည်နှင့်ခန္ဓာကိုယ်အရေပြားထိတွေ့ပြီး ခန္ဓာကိုယ်မှ ဗီ တာမင်ဒီကို ထုတ်လုပ်ပေးနိုင်သည်။ ထူးခြားချက်မှာ အခြားဗီတာမင်များသည် ခန္ဓာကိုယ်မှမထုတ်လုပ်ပေးနိုင် ဘဲ အစားအစာနှင့်ဖြည့်စွက်စားသုံးမှသာ ရရှိနိုင်သည်။ ဗီတာမင်ဒီတွင် ကျန်းမာရေးကောင်းကျိုးများစွာရှိပါသည်။
(၁) အရိုးများကိုကျန်းမာသန်စွမ်းစေနိုင်
ဗီတာမင်ဒီသည် သွေးထဲတွင်ကယ်ဆီယမ်နှင့် ဖော့စဖရပ်စ်ပါဝင်မှုကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပြီး အရိုးများ ကိုကျန်းမာသန်စွမ်းစေအောင် ပြုလုပ်ရာ၌ အလွန်အရေးပါလှသည်။ အူများက ကယ်ဆီယမ်ကိုစုပ်ယူပေးပြီး ကျောက်ကပ်များမှတစ်ဆင့် ပြန်လည်စွန့်ထုတ်ရာတွင် ဗီတာမင်ဒီသည်လိုအပ်သည်။
ဗီတာမင်ဒီချို့တဲ့ပါက ကလေးများ၌ rickets ရောဂါဖြစ်စေနိုင်သည်။ ထိုရောဂါသည် အရိုးများကိုပျော့ခွေစေပြီး လေးကိုင်းပုံစံခြေထောက်ခွေနေသော ကလေးများကိုဖြစ်စေနိုင်သည်။ လူကြီးများတွင် ဗီတာမင်ဒီချို့တဲ့ပါက အရိုးပါးရောဂါနှင့် အရိုးပွရောဂါများကိုဖြစ်စေသည်။ အရိုးပါးရောဂါ Osteomalacia သည်အရိုးများ၏ သိပ်သည်း ဆလျော့နည်းစေပြီး ကြွက်သားများကိုအားနည်းစေကာ ကျောရိုး၊ လက်မောင်းရိုး၊ ပေါင်ရိုးများကို အလွယ်တကူ ကျိုးစေနိုင်သည်။ အရိုးပွရောဂါသည် Osteoporosis သည်အဖြစ်အများဆုံး အရိုးနှင့်ပတ်သက်သောရောဂါဖြစ် ၍ သွေးဆုံးပြီးအမျိုးသမီးများနှင့် အသက်ကြီးသောအမျိုးသားများတွင် အတွေ့များသည်။
(၂) အအေးမိတုပ်ကွေးရောဂါကို လျှော့ချပေးနိုင်
ကလေးများတွင်တစ်နေ့လျှင် ဗီတာမင်ဒီ 1200 IU ကိုလေးလပေးပါက ဆောင်းရာသီ၌ ဖြစ်စေတတ်သော အအေးမိတုပ်ကွေးရောဂါကို ၄၀ ရာခိုင်နှုန်းကျော်လျှော့ချပေးနိုင်ပါသည်။
(၃) ဆီးချိုသွေးချိုရောဂါကို လျှော့ချပေးနိုင်
လေ့လာတွေ့ရှိချက်များအရ ခန္ဓာကိုယ်၌ရှိသော ဗီတာမင်ဒီ၏ ပါဝင်နှုန်းနှင့်အဆင့် (၂)ဆီးချိုသွေးချိုရောဂါဆက် နွယ်နေကြောင်း သိရသည်။ အဆင့်(၂) ဆီးချိုသွေးချိုရောဂါ၌ ဗီတာမင်ဒီမလုံလောက်ခြင်းသည် အင်ဆူလင်နှင့် ဂလူးကို့စ်ခံနိုင်ရည်အပေါ် သက်ရောက်စေနိုင်သည်။ ကလေးများ၌ တစ်နေ့လျှင်ဗီတာမင်ဒီ 2000IU ကိုရရှိပါက အသက်ကြီးလာလျှင် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို ၈၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါသည်။
(၄) ကလေးငယ်များကို ကျန်းမာစေနိုင်
သုတေသနတစ်ခုအရ ပုံမှန်သွေးဖိအားရှိ ကလေးငယ်များကိုတစ်နေ့လျှင် ဗီတာမင်ဒီ 2000IU (၁၆)ပတ်ကြာ ပေးပြီးစမ်းသပ်ကြည့်ရာ သွေးကြောနံရံထူထဲမှုလျော့ကျနိုင်ကြောင်း သိရသည်။ ဗီတာမင်ဒီနည်းပါးပါက ကလေး ငယ်များဓာတ်မတည့်ရောဂါများ ဥပမာ – ပန်းနာရင်ကြပ်၊ အရေပြားရောင်ရမ်းဓာတ်မတည့်မှု၊ နှင်းခူအစရှိသည် တို့ဖြစ်နိုင်သည်။ ဗီတာမင်ဒီသည် ဓာတ်မတည့်ခြင်းကိုကာကွယ်နိုင်သော စွမ်းရည်သတ္တိရှိပြီး Steroid-resistant asthma ရောဂါကုသရာတွင် Supportive therapy အဖြစ်ပေးလေ့ရှိသည်။
(၅) ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်စေနိုင်
ကိုယ်ဝန်ဆောင်မိခင်များတွင် ဗီတာမင်ဒီချို့တဲ့ပါက ကိုယ်ဝန်အဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်သွေးဖိအား အလွန်အမင်းတက်ခြင်းများ ဖြစ်စေနိုင်ပြီး ရိုးရိုးမမွေးနိုင်ဘဲ အရေးပေါ်ခွဲမွေးရတတ်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ၊ မိန်းမကိုယ်တွင် ဘက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် ဗီတာမင်ဒီနည်းပါးမှု နှင့်ဆက်စပ်နေသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဗီတာမင်ဒီကိုမချို့တဲ့အောင် ဂရုစိုက်စားသုံး ပေးသင့်သည်။
(၆) ကင်ဆာရောဂါများကို ကာကွယ်နိုင်
ဆဲလ်များကြီးထွားခြင်းနှင့် ဆက်နွယ်မှုများတွင် ဗီတာမင်ဒီသည်အလွန်အရေးပါသည်။ အချို့ သုတေသနများအ ရ Calcitriol (active form of vit D) သည်ကင်ဆာဆဲလ်များကြီးထားမှုနှင့် ပြန့်နှံ့မှုများကို လျော့ကျစေနိုင် သည်။ ဗီတာမင်ဒီသည် ဂျင်းဗီဇများကို လွှမ်းမိုးနိုင်စွမ်းရှိပြီး ပါဝင်ပတ်သက်နေကြောင်း သုတေသနများအရသိရ သည်။ သွေးကင်ဆာရောဂါဖြစ်သော Leukemia သည်လည်း ဗီတာမင်ချို့တဲ့မှု နေရောင်ခြည်ထိတွေ့မှုနည်းပါး ခြင်းကြောင့် ဖြစ်စေနိုင်ကြောင်းနောက်ဆုံးတွေ့ရှိသော သုတေသနများအရသိရသည်။
ဗီတာမင်ဒီ နေ့စဉ်လိုအပ်မှု
• ဝ-၆ လအရွယ်ကလေးငယ်များ (400 IU)
• ၁-၁၈ နှစ်အရွယ် (600 IU)
• ၁၈-၇၀ နှစ် (600 IU)
• အသက် ၇၀ နှစ်အထက် (800 IU)
• ကိုယ်ဝန်ဆောင် (သို့) နို့တိုက်မိခင်များ (600 IU) လိုအပ်ပါသည်။
Author – ဟိန်းဇာနည် (ဆေး -၂) Vol-7 / No-6 (Healthcare Journal)