ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?
ယနေ့ခေတ် မှာ ခေါက်ဆွဲပြုတ် ဆိုတာကလည်း နိုင်ငံတကာက အသိအမှတ်ပြုလာတဲ့ အသင့်စားအစားအစာတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တော်တော်လေးတွင်ကျယ်လာတဲ့ အစားအစာတစ်မျိုးပါ။ ပထမဆုံးပြောချင်တာကတော့ တော်တော်များများသိကြတဲ့အတိုင်း ခေါက်ဆွဲပြုတ်စားရင် ပထမပြုတ်ရည်ကို သွန်ပစ်ကြတဲ့ အလေ့အကျင့်ပါ။ ဒါလည်းကောင်းပါတယ်။
မလွဲသာ မရှောင်သာ စားရတော့မယ့် အခြေအနေမှာ ခေါက်ဆွဲကို ပထမဆုံးအရင်ပြုတ်ပြီး ထွက်လာတဲ့ပထမပြုတ်ရည်မှာ
ဓါတုပစ္စည်းများစွာပါဝင်နေတဲ့အတွက် သွန်ပစ်ခြင်း ပြုလုပ်သင့်ပါတယ်။
ဒါပေမယ့် အများ ပြည်သူတွေသိထားကြတဲ့ ခေါက်ဆွဲခြောက်တွေစားရင် ဖယောင်းတွေပါတယ်။ အဲ့ဒီ ဖယောင်းတွေက အူထဲမှာ ကပ်နေပြီး ကင်ဆာဖြစ်စေတယ် ဆိုတာကတော့ မှားယွင်းနေတဲ့ ယူဆချက်တွေပါ။ ခေါက်ဆွဲခြောက်တွေမှာ ဖယောင်းပါတာ မှန်ပါတယ်။ ဒါပေမယ့် ဒီဖယောင်းတွေ ဟာ edible wax လို့ခေါ်တဲ့ စားလို့ရတဲ့ ဖယောင်းတွေဖြစ်ပြီး သူက တော်ရုံ အပူချိန်မှာဆိုရင် ပျော်ကျသွားတယ်။ဒီဖယောင်း ကို မစားချင်ဘူးဆိုရင်တော့ ပထမပြုတ် ရည် ကို သွန်လိုက်လို့ရပါတယ်။ ဒါဆို အဲ့ဒီ ဖယောင်းတွေက မပါသလောက်ဖြစ်သွားပါပြီ။ ဒီဖယောင်း က ခေါက်ဆွဲခြောက် စားခြင်းရဲ့ အဓိက ပြဿနာ မဟုတ်ပါဘူး။ အဓိက ကတော့
၁။ အချိုမှုန့်နှင့်ဆား များစွာပါဝင်ခြင်း
ရယ်ဒီမိတ် ခေါက်ဆွဲပြုတ်တွေမှာ အချိုမှုန့် လွန်စွာပါဝင်ပါတယ်။ ပြောရရင် sodium ဆားဓါတ်အရမ်းများပါတယ်။ ခေါက်ဆွဲပြုတ်တစ်ထုပ်မှာ sodium ဆားဓါတ်ပမာဏ ၈၀၀ မီလီဂရမ် ပါဝင်ပါတယ်။ လူတစ်ဦးအတွက် တစ်နေ့တာကို Sodium ဆားဓါတ် ပမာဏ ၂၄၀၀ မီလီဂရမ် (အိမ်သုံးဆား လက်ဖက်ဇွန်း တစ်ဇွန်းစာ) သာ စားသုံးသင့်ပါတယ်။
၂။ ကယ်လိုရီ ပမာဏ များခြင်း
ကယ်လိုရီ တော်တော်များပါတယ်။ ကိုးရီးယား ခေါက်ဆွဲ ပြုတ်လို့ခေါ်နေကြတဲ့ ခေါက်ဆွဲအထုပ်တွေ မှာ ကယ်လိုရီ ၅၀၀ ကနေ ၇၀၀ အထိပါနိုင်ပြီး ပုံမှန်ခေါက်ဆွဲ အထုပ်တွေမှာ ကယ်လိုရီ ၂၅၀ ကနေ ၄၀၀ အထိ ပါနိုင်ပါတယ်။ ကယ်လိုရီများတယ် ဆိုပြီး ဝချင်တဲ့သူတွေ လိုက်စားမှာလည်း စိုးရပါတယ်။ သူက ကယ်လိုရီ သာများတာပါ။ အာဟာရ မပြည့်ဝစေပါ။ ဆိုလိုချင်တာက ကာဗိုဟိုက်ဒရိတ် နှင့် အဆီဓါတ် သာ အဓိကပါပြီး အသားဓါတ်က မပါသလောက် ဖြစ်တဲ့အတွက် ဝချင်လို့ဆိုပြီး စားမယ် ဆိုရင်တော့ ဗိုက်ပူပြီး ကြာလာရင် ဆီးချိုနှင့်သွေးတိုးရောဂါ ဖြစ်ရုံမှအပ တစ်ခြားကောင်းကျိုး မရှိပါဘူး။
၃။ သွေးတိုးရောဂါဖြစ်စေခြင်း
ပါဝင်တဲ့ ဆားဓါတ်ပမာဏ အရမ်းများတဲ့အတွက်ကြောင့်ပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့အတွက် ဆီးချိုရောဂါဖြစ်စေနိုင်တဲ့အပြင် အဆီဓါတ်များတဲ့အတွက်လည်း သွေးတွင်းအဆီဓါတ်ကိုများစေတာတွေကို လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
၄။ အမျှင်ဓါတ် အလွန်နည်းခြင်း
ဝမ်းချုပ်နေတဲ့သူအတွက်ကတော့ ခေါက်ဆွဲပြုတ်စားတာဟာ လုံးဝမှားယွင်းပါတယ်။ ဝမ်းကို ပိုချုပ်စေပါတယ်။
၅။ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ချို့တဲ့လာစေခြင်း
ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဗီတာမင်နှင့်သတ္တုဓါတ်ပါတာ နည်းပါတယ်။ ပါရင်လည်း အရမ်းများများစား မပါပြန်ပါဘူး။ သာမာန်လူတစ်ယောက် က ပုံမှန်နေ့လည်စာစားရင် အာဟာရပြည့်ဝပြီး ဗီတာမင်နှင့် သတ္တုဓါတ်ကြွယ်ဝစွာ ရနိုင်ပေမယ့် နေ့လယ်စာကို ခေါက်ဆွဲခြောက် ပြုတ်စားလိုက်ရင်တော့ အာဟာရမပြည့်ဝတော့တဲ့ အပြင် ဗီတာမင်နှင့် သတ္တုဓါတ်ပါ ပြည့်ပြည့်ဝဝ မရနိုင်တော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ခေါက်ဆွဲခြောက် ပြုတ်စားတော့မယ် ဆိုရင် အသားတစ်မျိုးမျိုး သို့မဟုတ် ကြက်ဥထည့်ပြုတ်ခြင်း၊ အသီးအရွက်များ ထည့်ပြုတ်စားခြင်း ပြုလုပ်သင့်ပါတယ်။
အသင့်စားခေါက်ဆွဲပြုတ် အစား အိမ်လုပ်ခေါက်ဆွဲပြုတ် ကိုသာ ဆားလျှော့ပြီး အသားနှင့်အရွက်တွေ ထည့်စားမယ်ဆိုရင်တော့ ကျန်းမာရေးနှင့်ညီညွှတ်တဲ့ အစားအစာတစ်ခုလို့ပြောနိုင်ပါတယ်။ မဖြစ်မနေ အသင့်စား ခေါက်ဆွဲပြုတ်ကို ရံဖန်ရံခါ စားမယ်ဆိုရင်လည်း ကျွန်တော် ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်