ပန်းသေ၊ ပန်းညှိုးခြင်းနှင့် အမျိုးသားကျန်းမာရေး
ပန်းသေ၊ ပန်းညှိုးခြင်းဆို သည်မှာ အမျိုးသားများတွင် ခံစားရလေ့ရှိသည့် လိင်ဆက်ဆံမှုပြုလုပ်လိုသော ဆန္ဒမရှိခြင်းနှင့် လိင်ဆက်ဆံမှု ပြုလုပ်ရန်အတွက် လုံလောက်သော လိင်အင်္ဂါတင်းမာမှုမရှိခြင်းမျိုးကို ဆိုလိုသည် ။
ပန်းသေ၊ ပန်းညှိုးခြင်းပြဿနာကို နာတာရှည်ခံစားနေရသော ရောဂါအခံတခုခု၏ နောက်ဆက်တွဲအဖြစ် ခံစားရနိုင်သလို မဖြစ်သေးသော ရောဂါတခု၏ ကနဦး လက္ခဏာတရပ်အနေနှင့်လည်း ခံစားရနိုင်သည်။
ဥပမာအားဖြင့် နှလုံးနှင့်သွေးကြော ဆိုင်ရာ ရောဂါများ မဖြစ်သေးသူများတွင် ဖြစ်လာနိုင်သည့် အခြေအနေ ရှိနေနိုင်ကြောင်းကိုလည်း သတိပြုသင့်သည်။
ပန်းသေ၊ ပန်းညှိုးခြင်းကို အချိန်ကြာမြင့်စွာ ခံစားရသူများအနေနှင့် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ကာ ကုသမှုခံယူသင့်သည်။ အခြားရောဂါအခံရှိသူများတွင် အဆိုပါ ရောဂါကို ကုသမှုခံယူလိုက်ခြင်းဖြင့် နောက်ဆက်တွဲပြဿနာဖြစ်သည့် ပန်းသေ၊ ပန်းညှိုးခြင်း သက်သာသွားနိုင်သလို အချို့ လူနာများတွင် ပန်းသေ၊ ပန်းညှိုးခြင်းအတွက် တိုက်ရိုက်ကုသသော ဆေးဝါးများဖြင့်လည်း ကုသမှု ခံယူရနိုင်သည်။
ပန်းသေ၊ ပန်းညှိုးခြင်း၏ လက္ခဏာများ
– လိင်ဆက်ဆံမှု ပြုလုပ်လိုသော ဆန္ဒနည်းပါးခြင်း၊
– လိင်အင်္ဂါ တင်းမာမှုမရှိခြင်း၊
– မိမိကိုယ်မိမိ ကျေနပ်နိုင်မှု မရှိခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
စိတ်ဖိစီးမှုများသူများခြင်းနှင့် အလုပ်ပင်ပန်းသော ကာလများတွင် အဆိုပါ လက္ခဏာများကို တခါတရံ ခံစားရနေနိုင်သော်လည်း စိုးရိမ်ရန်မလိုပဲ လုံလောက်စွာ အနားယူလိုက်ရုံဖြင့် သက်သာသွားတတ်သည်။ အချိန်ကြာမြင့်စွာဖြစ်သော အမျိုးသား များတွင် စိတ်ဓာတ်ကျလာတတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်း လာခြင်းနှင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်ခြင်းများကိုပါခံစားရလာနိုင်သည်။
ရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ
လိင်စိတ်ကိုဖြစ်ပေါ်စေရန်နှင့် လိင်အင်္ဂါတင်းမာစေရန်အတွက် ကြွက်သားများ၊ သွေးလွှတ်ကြော၊ သွေးပြန်ကြောများ၊ ဟော်မုန်းများ၊ စိတ်ခံစားမှုနှင့် အာရုံကြောများ စသည်တို့ ညီညွတ်ကောင်းမွန်နေရန်လိုသည်။ အထွေထွေကျန်းမာရေး ပြဿနာတခုခု ကြောင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတခုခုကြောင့်ဖြစ်စေ အထက်ဖော်ပြပါ အစိတ်အပိုင်းတခုခုတွင် ချို့ယွင်းချက်ရှိလာနိုင်ပြီး ပန်းသေ၊ ပန်းညှိုးခြင်းပြဿနာကို ခံစားရနိုင်သည်။
အချို့ဝေဒနာရှင်များတွင် ပန်းသေ၊ ပန်းညှိုးခြင်းပြဿနာကို အနည်းငယ်မျှသာ ခံစားရနိုင်သော်လည်း အဆိုပါပြဿနာအပေါ် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများ ဖြစ်လာတတ်ကာ ရောဂါပိုမိုဆိုးရွားလာတတ်သည်။
အထွေထွေ ကျန်းမာရေးပြဿနာများ
ပန်းသေ၊ ပန်းညှိုးခြင်းကို ခံစားရစေနိုင်သည့် အဖြစ်များသော အထွေထွေကျန်းမာရေး ပြဿနာများမှာ –
– နှလုံးရောဂါ၊
– သွေးတိုးရောဂါ၊
– ဆီးချိုရောဂါ၊
– အဝလွန်ခြင်း၊
– သွေးတွင်းအဆီဓာတ်များခြင်း၊
– သွေးကြောကျဉ်းရောဂါ၊
– အိပ်ရေးပျက်ခြင်း၊
– လိင်အင်္ဂါ ထိခိုုက်ဒဏ်ရာ ရဖူးခြင်း၊
– ကြောရိုးမကြီးနှင့် တင်ပဆုံ အရိုးကွင်းအတွင်း ထိခိုက်ဒဏ်ရာရဖူးခြင်း၊
– အရက်နှင် အခြားသော မူူးယစ်ဆေးဝါးများ၊
– ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်း၊
– အချို့သော ဆေးဝါးများသောက်သုံးခြင်း၊ (ဥပမာ – စိတ်ငြိမ်ဆေး၊ အယားပျောက် ဆေးများနှင့်၊ အချို့သွေးကျဆေးများ)
– ဓာတ်ရောင်ချည်သင့်ခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ချည်ကုသခြင်း ကဲ့သို့သော ကုသမှုများ ခံယူနေရခြင်း၊ စသည့်အထွေထွေအချက်များကြောင့် ဖြစ်စေ နိုင်သလို အောက်ပါ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကြောင့်လည်း ခံစားရတတ်သည်။
စိတ်ပိုင်းဆိုင်ရာပြဿနာများ
– စိတ်ဓာတ်ကျခြင်း၊
– စိတ်ပူပင်မှုများခြင်း၊
– စိတ်ဖိစီးမှုများခြင်း၊
– အချို့သော အိမ်တွင်းရေးပြဿနာများကြောင့် စိတ်ညစ်နေရခြင်း၊
– လူမှုဆက်ဆံရေးပြဿနာများ၊
– စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရသော အခြေအနေမရှိခြင်း၊
– လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း/အနိုင်ကျင့်ခံရဖူးခြင်း စသည့်အခြေအနေ များတွင်လည်း ပန်းသေ၊ ပန်းညှိုးခြင်းပြဿနာကို ခံစားရစေနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အချိန်ကြာမြင့်စွာ ဝေဒနာခံစားရသူများတွင်
– စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုမရရှိနိုင်ခြင်း၊
– ဝေဒနာအပေါ် စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှုများ ခံစားရလာနိုင်ခြင်း၊
– စိတ်ညစ်ညူးရခြင်းနှင့် မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်းလာနိုင်ခြင်း၊
– သားသမီးမရနိုင်ခြင်း စသည့်ပြဿနာများကိုပါ ခံစားရနိုင်သည်။
ရောဂါကာကွယ်ရန်အတွက်
ပန်းသေ၊ ပန်းညှိုးခြင်းမှ ကာကွယ်ရန်အကောင်းဆုံးနည်းသည် တကိုယ်ရည် ကျန်းမာကြံ့ခိုင်မှု ရှိနေစေရေးနှင့် ရောဂါအခံရှိသူများ ပုံမှန်ကုသမှု ခံယူစေခြင်းပင် ဖြစ်သည်။
– ဆီးချို၊ နှလုံးရောဂါရှိသူများ စနစ်တကျကုသမှု ခံယူပါ။
– အလုပ်ပင်ပန်းမှုများခြင်းနှင့် အိပ်ရေးပျက်ခြင်းများအတွက် အဟာရပြည့်စုံအောင် စားသောက်ခြင်းနှင့် ဗီတာမင်အားဆေးများ သောက်သုံးနိုင်သည်။
– ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးတတ်သူများ ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျော့သောက်ပါ။
– အရက်သောက်တတ်သူများ အရက်ဖြတ်ပါ။
– မူးယစ်ဆေးစွဲနေသူများ ဆေးဖြတ်ပါ။
– ကိုယ်အလေးချိန်များသူများ ကိုယ်အလေးချိန်လျော့ပါ။
– ပုံမှန်လေ့ကျင့်ခန်းများနှင့် တခါတရံ ပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ပေးပါ။
– စိတ်ဖိစီးမှုလျော့နည်းစေရန် တရားထိုင်ခြင်းကဲ့သို့သော လုပ်ငန်းများပုံမှန် လုပ်ဆောင်ပေးပါ။
– စိတ်ပူပင်မှုများသူများ၊ စိတ်ဓာတ်ကျလွယ်သူများနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားနေရသူများ စိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ပြသပါ။
ရောဂါဝေဒနာခံစားရသူများအနေနှင့်
– အထက်ဖော်ပြပါ ကာကွယ်ရမည်နည်းလမ်းများကို လုပ်ဆောင်ပါ။
– အချိန်ကြာမြင့်စွာ ခံစားရနိုင်သည်ဟု စိတ်ထဲစွဲမနေပါနှင့်။
– ရောဂါအပေါ် စိတ်ပူပန်နေမှုကို လျော့ပါ။
– မိမိအိမ်ထောင်ဖက်နှင့် ပွင့်ပွင်းလင်းလင်းတိုင်ပင်ပါ။
– စိတ်ဖိစီးမှုများခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ အချိန်ကြာမြင့်စွာခံစားနေရလျှင် (သို့) အထက်ပါ အချက်များဖြင့် ရောဂါမသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများနှင့် ကုသမှု ခံယူပါ။
ရှောင်ရန်/ဆောင်ရန်များ
– ရောဂါအခံရှိသူများနှင့် အချို့ဆေးဝါးများ စွဲ၍သောက်သုံးနေသူများတွင် (အထူးသဖြင့် သွေးပေါင်ကျရောဂါနှင့် နှလုံး/သွေးကြောဆိုင်ရာရောဂါများ) ဆရာဝန်မှ ညွှန်ကြားခြင်း မရှိပဲ မိမိသဘောနှင့်မိမိ ဆေးများမသောက်သုံးပါနှင့်။
– တိုင်းရင်းဆေးနှင့် အခြားဆေးမြီးတိုများတွင် တိကျသော ဆေးအချိန်အတွယ် မပါဝင်သည့်အတွက် နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်သဖြင့် အဆိုပါဆေးဝါးများ အသုံးမပြုမီတွင်လည်း ဆရာဝန်နှင့် သွားရောက်တိုင်ပင်ပါ။
– ကုသမှုခံယူရာတွင်လည်း မိမိအိမ်ထောင်ဖက်နှင့် ညှိုနှိုင်းတိုင်ပင်ပြီးမှ ကုသမှုခံယူပါ။
တင့်တယ်