အစာဟောင်းအိမ်ကင်ဆာ
ဝမ်းချုပ်တတ်တယ်။ အရင်က ဝမ်းပျော့ဆေးတွေ စားစရာမလိုဘူး။ ခုတော့ ဝမ်းပျော့ဆေးတစ်လုံးနဲ့တောင် မရတော့ဘူးလေ။ တိုးတိုးစားနေရတယ်။ ဒါမှမဟုတ် ဝမ်းက မမှန်ဘူးရယ်။ ချုပ်လိုက် လျောလိုက်ဖြစ်နေတယ် အသက်ကလည်း ၅၀ ကျော်နေပြီဆိုရင်တော့ ဆရာဝန် ဆရာမတွေ အနေနဲ့ မေးပါပြီ။ စုံစုံလင်လင် နှံနှံစပ်စပ်။ ဘာဖြစ်လို့လဲဆိုတော့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နေနိုင်လို့ပါ။
အစာဟောင်းအိမ်ကင်ဆာဆိုတာလည်း အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုရင် အသက်ကြီးတဲ့သူတွေ ၊ ဝတဲ့သူတွေ၊ ဆေးလိပ်အရက် သောက်တတ်သူတွေမှာ အဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်လည်းပို ဖြစ်နိုင်သလို ဟင်းသီးဟင်းရွက်ထက် အသားပိုစားတတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အရင်က နာတာရှည် အူရောင်ရမ်းတတ်တဲ့ ရောဂါလိုမျိုး ရှိတဲ့သူတွေ ဒါမှမဟုတ် တခြားကင်ဆာရောဂါ တစ်ခုခုကြောင့် ဓာတ်ကင်ထားတဲ့သူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။ ရောဂါအနေနဲ့ကတော့ ဆီးချိုရောဂါသည်တွေမှာ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။
အစာဟောင်းအိမ်ကင်ဆာဖြစ်ရင် ဘယ်လိုခံစားရတတ်လဲ
၁) ဝမ်းသွားတဲ့ အလေ့အထ ပြောင်းသွားမယ်။ အရင်က ဝမ်းချုပ်တတ်တဲ့သူဆို ဝမ်းပျော့ပျော့သွားတာမျိုး။ အရင်က ဝမ်းနှုတ်ဆေး တစ်လုံးပဲစားရတဲ့သူဆို နှစ်လုံး သုံးလုံးစားတောင် မသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ ဝမ်းက ချုပ်လိုက် သွားလိုက်နဲ့ မမှန်တတ်ဘူး။
၂) ဝမ်းသွားပြီးသွားပြီ ဆိုပေမယ့် ဝမ်းကျန်နေသလိုမျိုး ခံစားရတတ်ပါတယ်။ ဝမ်းမကုန်သလိုမျိုး အိမ်သာသွားပြီး အီလည်လည်ခံစားမှုမျိုး ဖြစ်တတ်ပါတယ်။
၃) ဝမ်းထဲမှာ သွေးစပါတာ ၊ ညှိညှစ်ညှစ်လိုလို ဝမ်းမဲမဲတွေလိုလို ဝမ်းအရောင်တွေ ဖြစ်နေတာမျိုး အချွဲတွေ ပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။
၄) ဗိုက်ထဲမှာ ပြည့်အင့်အင့်ကြီးဖြစ်နေတာ ၊ မကြာခဏ လေထိုးလေအောင့် ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
၅) စအိုကနေ သွေးရဲရဲ ထွက်တာမျိုး ဖြစ်နိုင်တယ်။
၆) အကြောင်းအရင်းမရှိဘဲ မောပန်းနွမ်းနယ်နေတာ ၊ နုံးချိနေတာမျိုးတွေ ဖြစ်တတ်တယ်။
၇) ဗိုက်မှာ အလုံးစမ်းမိတာမျိုး ဒါမှမဟုတ် ကျောလိုမျိုးမှာ တစ်ခုခု စမ်းမိတာမျိုး ခံစားရနိုင်တယ်။
၈) ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း အစားအသောက်ပျက်မယ်၊ ပိန်ကျသွားမယ်။
အစာဟောင်းအိမ်ကင်ဆာ ဟုတ်မဟုတ်ကို ဝမ်းကို စစ်ကြည့်တာမျိုး၊ အာထရာဆောင်းရိုက်ကြည့်တာမျိုး ၊ မှန်ပြောင်းထည့်ပြီး အသားစ ယူကြည့်တာမျိုး ၊ ကွန်ပျူတာဓာတ်မှန် CT ရိုက်ကြည့်တာမျိုး ၊ သွေးစစ်တာမျိုး တွေနဲ့ စမ်းသပ်လို့ ရပါတယ်။ ဒါ့အပြင် စအိုထဲကို လက်နဲ့ နှိုက်ပြီး စစ်ဆေးတာမျိုးလည်း လုပ်လေ့ရှိပါတယ်။
အစာဟောင်းအိမ်ကင်ဆာက အူမကြီးကင်ဆာနဲ့ ရောဂါလက္ခဏာ အတော်လေးတူပေမယ့် ကုသပုံမှာတော့ အနည်းငယ် ကွဲပြားမှု ရှိပါတယ်။ အူမကြီးကင်ဆာက ခွဲထုတ်လိုက်ရင် လွယ်ကူပေမယ့် အစာဟောင်းအိမ်ကင်ဆာကတော့ စအိုနဲ့ ဘယ်လောက်ဝေးဝေးမှာ ဖြစ်တယ် ၊ ဘယ်တွေကို ပျံနေတယ်ဆိုတာတွေပေါ် မူတည်ပြီး ကုသပုံတွေ ကွာပါတယ်။ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း ၊ ကင်ဆာဆေးဆေးသွင်းခြင်း စတဲ့နည်းတွေနဲ့ ကုသလေ့ ရှိပါတယ်။
အစာဟောင်းအိမ်ကင်ဆာကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတော့ ကိုယ်အလေးချိန်ကို ထိန်းပါ။ ဆေးလိပ် အရက်အစရှိသည်တို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဟင်းသီးဟင်းရွက်နဲ့ လတ်ဆတ်သော သစ်သီးဝလံများ များများစားပါ။ ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။ အားလုံးပဲ အစာဟောင်းအိမ်ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးက ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းရင်း…
Author : Dr. မေ