ရဲယိုသီးအကြောင်းသိကောင်းစရာ
ရဲယိုပင်ကို အင်္ဂလိပ်လို Indian Mulberry လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Morinda citrifolia Linn ဖြစ်ပါတယ်။
မျိုးရင်းကတော့ Rubiaceae မျိုးရင်းဖြစ်ပါတယ်။ရဲယိုပင်ရဲ့မူလအစက အိန္ဒိယနိုင်ငံမှဖြစ်ပါတယ်။
ရဲယိုသီးကိုတော့ အင်္ဂလိပ်လို Noni fruit လို့ခေါ်ပါတယ်။
ရဲယိုပင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာပေါက်ရောက်ပါတယ်။အပင်ငယ်မျိုးဖြစ်ပါတယ်။ပင်စည်ဖြောင့်တန်းပါတယ်။အရွက်ပုံစံက ထောင့်မှန်ရွက်ဆိုင်ပုံစံဖြစ်ပါတယ်။အစိမ်းရင့်ရောင်ရှိပြီး ကြီးမားတောက်ပြောင်ပါတယ်။ရွက်နားတွေကလည်းညီပါတယ်။
အဖြူရောင်ပန်းပွင့်များစုပြုံထွက်သော ပန်းခိုင်ရှိပါတယ်။
ရဲယိုသီးပုံစံက ရှည်မျောမျောပုံစံရှိကာ အသီးမျက်နှာပြင်မှာ ငါးမျက်စိလိုမျိုးအထစ်ထစ်လေးတွေပါပါတယ်။
ရဲယိုသီးဟာ အသီးပုံစံအနေနဲ့လည်းရုပ်ဆိုးတဲ့အပြင် အနံနဲ့အရသာကလည်း နှစ်လိုဖွယ်မကောင်းပါဘူး။
ဒါကြောင့် ကလေး လူကြီး အတော်များများဟာ ရဲယိုသီးဆိုရင် မစားကြတာများပါတယ်။
ရဲယိုသီးဟာ အရသာနဲ့အဆင်းမကောင်းပေမယ့် ကျန်းမာရေးအတွက်ကျ အရမ်းကို အထောက်အကူပြုပါတယ်။
ရဲယိုသီးမှာUrsolic acid,b-sitosterol and glycoside morindin,ricinoleic စတဲ့ ဒြပ်ပေါင်းတွေပါဝင်ပါတယ်။
ရဲယိုသီးမှာ နာကျင်မှုကိုသက်သာစေသောအစွမ်းသတ္တိ(Analgesic action)၊နှစ်ခြိုက်စွာအိပ်ပျော်စေဖို့အထောက်အကူပြုနိုင်သောအစွမ်းသတ္တိ(Sedative action)၊ကင်ဆာကိုကာကွယ်နိုင်သောအစွမ်းသတ္တိ(Anti-cancer)၊အိုမင်းရင့်ရော်ခြင်းကိုလျှော့ချပေးနိုင်သောအစွမ်းသတ္တိ(Anti-oxidant) စသဖြင့်အစွမ်းသတ္တိတွေများစွာရှိပါတယ်။
ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအချို့ကိုလည်းသက်သာပျောက်ကင်းစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။
ဒါ့ကြောင့် ရဲယိုသီးကို ပန်းနာရင်ကျပ်ရောဂါ၊၀မ်းကိုက်ရောဂါ၊အာရုံကြောရောဂါ၊သွေးတိုးရောဂါ၊အသည်းရောဂါတွေအတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။
မြန်မာ့ဆေးကျမ်းတွေမှာ
ရဲယိုသည်ခါး၏။အနံပြင်း၏။အနည်းငယ်ပူပြီး လေနှင့်ဝမ်းကိုရွှင်စေတတ်၏။ပူစပ်သောအရသာရှိပြီး အနည်းငယ်ချဉ်၏။သွေး၊လေ၊သည်းခြေ၊သလိပ်ကိုနိုင်စေ၏။ လို့ရေးသားထားပါတယ်။
ရဲယိုသီးကိုကျန်းမာရေးအတွက်စားချင်သော်လည်း ရဲယိုသီးရဲ့အနံ့နဲ့အရသာကြောင့် မစားနိုင်မှာစိုးရိမ်နေသူများအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း ပျားရည်နဲ့သော်လည်းကောင်းရောပြီးယိုထိုးကာစားသုံးနိုင်ပါတယ်။
ဒါ့အပြင် ဒီဘက်ခေတ်မှာရဲယိုသီးကိုအသုံးပြုပြီးဖော်စပ်ထားသော အ၀င်မဆိုးသည့် ဆေးဝါးဓါတ်စာများလည်းပေါ်နေပြီ ဖြစ်တဲ့အတွက် ထိုဆေးဝါးဓါတ်စာများကိုစားသုံးပါကလည်း ရဲယိုသီးကိုစားသလိုအကျိုးများစေနိုင်ပါတယ်။
သီတာနွယ်(အမရပူရ)