ခြင်ဆေးခွေရဲ့ ဆိုးကျိုးများ
ခြင်ပေါတဲ့ကျွန်တော်တို့ နိုင်ငံက ပြည်သူပြည်သားတွေအနေနဲ့ ကတော့ ခြင်ဆေးခွေဆိုတာ မွေးစကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတခုပါပဲ။
အထူးသဖြင့် 90 born(၁၉၉၀)ပြည့်နှစ်ဖွားတွေနဲ့ဆိုရင် ပိုပြီးတော့ တရင်းတနှီးရှိတဲ့ ပစ္စည်းပါ။
ဘာလို့လဲဆိုတော့အဲ့ခေတ်တုန်းက ယနေ့ခေတ်လိုခြင်ရိုက်တံ၊ခြင်ဖမ်းစက်၊ခြင်ဆေးငွေ့စက်၊ခြင်မလာစတေကာ၊ခြင်ပြေးလက်ပတ်၊ခြင်မကိုက်တဲ့လိမ်းဆေး
စသဖြင့်မပေါ်သေးဘဲ ခြင်ကိုက်ခံရတာကနေကာကွယ်ဖို့ ခြင်ဆေးခွေတခုပဲရှိပြီး အဲ့ခြင်ဆေးခွေကိုပဲ နေ့စဉ်နီးပါးသုံးခဲ့ရပါတယ်။
ခုခေတ်မှာ ခြင်ရိုက်တံ၊ခြင်လိမ်းဆေးရည်စသဖြင့်အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပါပဲ။
ခြင်ဆေးခွေကို ၁၈၉၅ခုနှစ်မှာ ဂျပန်နိုင်ငံမှ Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။
သူမထွင်ခင်အချိန်တုန်းက ဂျပန်နိုင်ငံမှာ ခြင်ပြေးဖို့ဆိုရင် pyrethrum ပိုးသတ်ဆေးမှုန့်ကို လွှစာမှုန့်နဲ့ရောပြီးမီးရှို့ကာ သုံးနေကြပါတယ်။
သူ စစထွင်တုန်းမှာ ခြင်ဆေးခွေကိုအခုခေတ်မြင်ရသလို ခရုပတ်ခွေပုံစံမလုပ်နိုင်သေးပါဘူး။
တုတ်ချောင်းပုံပဲလုပ်နိုင်သေးပါတယ်။ခြင်ဆေးတိုင်အနေနဲ့ပဲထုတ်နိုင်ပါသေးတယ်။ ခြင်ပြေးဖို့အတွက် Pyrethrum ပိုးသတ်ဆေးမှုန့်၊အနံ့မဆိုးဖို့အတွက် လိမ္မော်သီးအခွံကိုအခြောက်လှမ်းကာလုပ်ထားတဲ့အမှုန့်၊မီးစွဲဖို့အတွက် စပါးခွံအမှုန့် သို့မဟုတ် လွှစာမှုန့် ဒီ၃မျိုး ကိုပဲ အချိုးကျရောစပ်ပြီး အတိုင်ဖြစ်အောင်လုပ်ထားတာပါ။
တုတ်ချောင်းပုံအတိုင် ဆိုတော့ မိနစ်လေးဆယ်လောက်ပဲအထွန်းခံတဲ့အတွက် နာရီပိုကြာကြာခံအောင်တဖြည်းဖြည်းကြိုးစားလာရာကနေ ၁၉၀၂ခုနှစ်လောက်မှာ အခုခေတ်တွေ့ရတဲ့ ခရုပတ်ခွေ အဝိုင်းပုံ ဖြစ်လာတာပါ။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ စက်ပစ္စည်းတွေခေတ်မှီလာတဲ့အတွက် သူက ကုမ္ပဏီထောင်ပြီး အများအပြားထုတ်လုပ်ကာ ထိုင်း၊တရုတ်စတဲ့ အာရှနိုင်ငံတွေကို တင်သွင်းပါတယ်။ဒီလိုနဲ့ပဲ ခြင်ဆေးခွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။
ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း စစပေါ်ချင်းတုန်းကလို သုံးလေးမျိုးလောက်မကတော့ဘဲ ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း များလာတော့ ကိုယ့်ပစ္စည်းရောင်းရအောင်ဆိုပြီး ခြင်ပြေးဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ဓါတုပစ္စည်းအပြင်းတွေလည်းထည့်ဖော်စပ်လာကြပါတယ်။
ခုခေတ် သုတေသနတွေအရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ဖော်မယ်ဒီဟိုက်၊ဘန်ဇင်း၊မီဖာလူသရင်းစတဲ့ဓါတုပစ္စည်းတွေပါဝင်နေတယ်လို့ ပြောထားပါတယ်။
ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိုဂျင်(ကင်ဆာဖြစ်စေမှုကိုအားပေးတဲ့ပစ္စည်း)ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်တယ်လို့ သုတေသနတခုကဆိုထားပါတယ်။
ခြင်ဆေးခွေတခွေမှထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁၀၀ကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေကပြောကြပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးရရင်
ခြင်ဆေးခွေကို
ကလေးငယ်လေးတွေ၊မွေးကင်းစကလေးတွေရှိရင်၊နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိရင် အိမ်မှာ လုံးဝမသုံးသင့်ပါဘူး။
အလုံပိတ်ခန်း၊လေဝင်လေထွက်မရှိတဲ့နည်းတဲ့နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။
ဒါ့အပြင် ခြင်ဆေးခွေသုံးတာဟာ မီးဘေးအန္တရာယ်လည်းစိုးရိမ်ရပါတယ်။ခြင်ဆေးခွေထွန်းရာကနေဖြစ်တဲ့မီးလောင်မှုတွေဆိုတာလည်း အများကြီးရှိပါတယ်။သိပ်မကြာသေးခင်လတွေကတောင် ကားထဲခြင်ဆေးထွန်းအိပ်ရာကနေ ကားတစီးလုံးမီးလောင်တဲ့သတင်းကိုဖတ်လိုက်ရပါသေးတယ်။
ဒါကြောင့် ကျန်းမာရေးအတွက်ရော မီးဘေးအန္တရာယ်အတွက်ရော စိုးရိမ်ရတဲ့ခြင်ဆေးခွေကို တတ်နိုင်သလောက်ရှောင်ပြီး တခြားရွေးစရာတွေဖြစ်တဲ့ ခြင်မကိုက်လက်ပတ်၊စတေကာ၊ဆေးရည်တွေကို ရွေးချယ်သုံးကြပါလို့ အကြံပြုချင်ပါတယ်။
Dr 528