လိင်အင်္ဂါသန့်ရှင်းရေး အထူးအလေးထား ဆောင်ရွက်ပေး
လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်တွေယားတာ၊ ဆီးပိုးဝင်ပြီး မူမမှန်အဖြူဆင်းတာ၊ ဆီးကျင်၊ဆီးအောင့်တာ၊ လိင်အင်္ဂါကြွက်နို့၊ ရေယုန်စတဲ့ အနာတွေပေါက်တာတွေ ဖြစ်နိုင်ပါတယ်။
ပိုဆိုးပါက တင်ပဆုံကွင်းထဲမှာရှိတဲ့ မျိုးပွားအင်္ဂါတွေရောင်ရမ်းပြီး ကလေးမရနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာဆိုရင်လည်း လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက လိင်တံယားယံတာ၊ ဆီးပိုးဝင်ပြီးဆီးကျင် ဆီးအောင့်တာ၊ ဆီးကျိတ်ရောင်တာ၊ လိင်တံထိပ်က ပြည်တို့အရည်တို့ကျတာ၊ လိင်အင်္ဂါကြွက်နို့၊ ရေယုန်စတဲ့ အနာတွေပေါက်တာ ဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါသန့်ရှင်းမှုမရှိပါက နောက်ဆက်တွဲဆိုးကျိုးတွေဟာ အလွန်များတဲ့အတွက် လိင်အင်္ဂါသန့်ရှင်းရေးဟာ အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။
ဒါကြောင့် လိင်အင်္ဂါသန့်ရှင်းဖို့ရန် ဘယ်အချက်တွေကို ဆောင်ရရှောင်ရမလဲဆိုတာတွေကို ဒီတပတ်မှာ ရေးသားတင်ပြလိုက်ရပါတယ်။
၁။ ရေများများသောက်ပြီး သေးများများပေါက်ပါ။ ဒါဟာ အင်မတန်လွယ်ကူပြီး အင်မတန်လည်းအကျိုးများပါတယ်။ ရေများများသောက်ပြီး သေးများများပေါက်ခြင်းဖြင့် လိင်အင်္ဂါတဝိုက်မှာရှိပြီး ဆီးလမ်းကြောင်းထဲဝင်မယ့် ပိုးမွှားများဟာ ပေါက်လိုက်တဲ့ ဆီးနဲ့အတူ ပါသွားပါတယ်။
အထူးသဖြင့် လိင်ဆက်ဆံပြီး (သို့မဟုတ်) အာသာဖြေပြီးအချိန်မှာ ဆီးသွားပေးပါ။
၂။ ဆီးသွားပြီးတိုင်းနဲ့ လိင်ဆက်ဆံပြီး သို့မဟုတ် အာသာဖြေပြီးအချိန်တိုင်းမှာ လိင်အင်္ဂါကို ရေနဲ့သေချာဆေးပါ။ ရေနဲ့ဆေးပြီးနောက်မှာ ခြောက်သွေ့အောင် အဝတ်သန့်သန့်သုတ်ဖို့လိုပါတယ်။ မခြောက်သွေ့ဘဲ စိုစွတ်နေပါက ဘက်တီးရီးယားပိုးတွေပေါက်ဖွားနိုင်ပြီး ပိုးဝင်နိုင်လို့ပါ။
ဒီနေရာမှာတခုမှာချင်တာက တချို့အမျိုးသမီးတွေက ပိုးသေအောင်ဆိုပြီး ဆီးသွားပြီးတိုင်းမှာ ဆပ်ပြာနဲ့ဆေးတာ၊ သန့်စင်ဆေးရည်တွေ အလွန်အကျွံသုံးတာမျိုးတွေ လုပ်တတ်ပါတယ်။
ဆပ်ပြာနဲ့ဆေးတာ၊ သန့်စင်ဆေးရည်သုံးတာမျိုးတွေဟာ တနေ့နှစ်ကြိမ်ပဲလုပ်သင့်ပါတယ်။
နှစ်ကြိမ်ထက်ပိုပြီး အလွန်အကျွံသုံးပါက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ပိုးမွှားတွေကိုပါ သေစေပြီး ဆီးပိုးဝင်တာကိုပိုဖြစ်စေနိုင်လို့ပါ။
၃။ အတွင်းခံကို အရမ်းကြပ်ပြီးထူတဲ့ဟာတွေ မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံတွေကိုပဲ သုံးပါ။ ညအိပ်တဲ့အခါ အတွင်းခံချွတ်အိပ်ပါ။ အတွင်းခံတွေကို သေချာလျှော်ဖွတ်ပြီး
နေရောင်ကောင်းကောင်းရတဲ့ နေရာမှာလှန်းပါ။ ဒီလိုလှန်းဖို့ အခက်အခဲရှိပါက မီးပူသေချာတိုက်ပါ။
၄။ အိမ်သာတက်ပီး ချီးကုန်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။
၅။ ဝမ်းမချုပ်ပါစေနဲ့။ ဟင်းသီးဟင်းရွက်များများစားပါ။ အရည်ရွှမ်းတဲ့သစ်သီးတွေ များများစားပါ။
၆။ အဆီအဆိမ့်တွေ လျှော့စားပါ။ အရက်၊ဘီယာ၊ ဆေးလိပ် ရှောင်ပါ။
၇။ အဝလွန်နေပါက ရှိသင့်တဲ့ ကိုယ်အလေးချိန်ရောက်အောင် ဝိတ်ချပေးပါ။
Dr. 528