အပိုင်း၁ မှာ စပျစ်သီးသန္ဓေဘယ်လိုဖြစ်လာတာလဲ။သူ့ရဲ့လက္ခဏာတွေနဲ့စမ်းသပ်စစ်ဆေးမှုတွေအကြောင်းရေးသားတင်ပြခဲ့ပါတယ်။
အခုအပိုင်း၂မှာတော့ ဘယ်လိုကုသရမလဲ။နောက်ဆက်တွဲဆိုးကျိုးဘာတွေဖြစ်နိုင်မလဲ နဲ့ ကလေးဘယ်လောက်အကြာမှာထပ်ယူလို့ရမလဲ ဆိုတာတွေကို ရေးသားတင်ပြပါမယ်။
သွေးစစ်ဆီးစစ်တာ၊အာထရာဆောင်းရိုက်တာတွေလုပ်ကြည့်လို့ စပျစ်သီးသန္ဓေဖြစ်တယ်လို့အဖြေထွက်ရင် ကုသမှုအနေနဲ့ကတော့ လူနာရဲ့အခြေအနေနဲ့ရောဂါပေါ်မူတည်ပြီး
ဆေးနဲ့ကျအောင်လုပ်တာ(Medical Induction)
ရိုးရိုးသားအိမ်ချဲ့ပြီးခြစ်တာ(Traditional D and C)
လေစုပ်ကိရိယာနဲ့ခြစ်တာ(Suction curettage)
သားအိမ်ကိုဖြတ်ထုတ်တာ(Hysterectomy) တွေလုပ်နိုင်ပါတယ်။
သားအိမ်ထုတ်တာကတော့ သားသမီးစုံလင်စွာမွေးပြီးတဲ့ အမျိုးသမီးတွေမှာပဲလုပ်သင့်ပါတယ်။
ဒီလိုစုပ်ထုပ်တာ၊ခြစ်တာ၊ခွဲစိတ်တာတွေလုပ်ပြီးတဲ့နောက်မှာ ရလာတဲ့စပျစ်သီး အစေ့လေးလိုတစ်သျှူးတွေကို ဓါတ်ခွဲခန်းပို့ပြီးစစ်ဆေးဖို့လိုပါတယ်။
ဒါ့အပြင် ဖြစ်တဲ့အမျိုးအစားပေါ်မူတည်ပြီး Partial mole ဆိုခြောက်လ Complete moleဆို နှစ်နှစ်လောက်ထိ ဆရာဝန်နဲ့ပြန်ပြန်ပြနေပြီး သွေးထဲက hCG ဟော်မုန်းပမာဏလည်းပြန်ပြန်စစ်ဖို့ နဲ့ အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်X ray ရိုက်တာတွေလုပ်ဖို့လိုပါတယ်။
သွေးထဲက hCG ဟော်မုန်းပမာဏ ပုံမှန် ၃ကြိမ်ရောက်တဲ့အထိ တပတ်တခါပြန်ပြဖို့လိုပြီး ဒီနောက်မှာတော့ တလတခါပဲပြန်ပြဖို့လိုတာပါ။
ဘာလို့လဲဆိုတော့ ဒီစပျစ်သီးသန္ဓေကနေ Choriocarcinomaဆိုသော ကင်ဆာအမျိုးအစားဖြစ်တတ်လို့ပါ။
စပျစ်သီးသန္ဓေကိုကုသပြီး ဓါတ်ခွဲခန်းပို့တဲ့တစ်သျှူးအဖြေကမကောင်းရင် သို့မဟုတ် Follow up ပြန်လည်ပြသလို့ သွေးထဲကhCG ဟော်မုန်းပမာဏာ ပုံမှန်ကိုမကျဘဲ တက်မြဲတက်နေရင် သို့မဟုတ် အာထရာဆောင်းအဖြေ ရင်ဘတ်ဓါတ်မှန်အဖြေတွေမကောင်းရင် တော့ ခုနကပြောတဲ့ Choriocarcinoma ဖြစ်ဖို့များတဲ့အတွက် Chemotherapy ခေါ် ကင်ဆာဆေးသွင်းကုသရပါမယ်။
စပျစ်သီးသန္ဓေဖြစ်ပြီးရင် ချက်ချင်းနောက်ကိုယ်ဝန်ပြန်ယူလို့မသင့်ပါဘူး။
သွေးထဲက hCG ဟော်မုန်းပမာဏ က ၃ကြိမ်စစ်လို့ ၃ကြိမ်စလုံး ပုံမှန်ပမာဏကို ပြန်ရောက်ပြီးနောက်ထပ်၆လအကြာမှာမှ သာ နောက်ကိုယ်ဝန်ယူသင့်ပါတယ်။
hCG ဟော်မုန်းပမာဏ ၃ကြိမ်စစ်လို့ ၃ကြိမ်စလုံး ပုံမှန်ပမာဏကို ပြန်မရောက်မချင်း အတူနေမယ်ဆိုပါက ကွန်ဒုံးသုံးရပါမယ်။
၃ကြိမ်တိတိ ပုံမှန်ပမာဏပြန်ရောက်ပြီးရင်တော့ နောက်ထပ်စောင့်ရမယ့် ၆လက တားဆေးသောက်ဆေး(Combined oral contraceptive pills)သုံးရပါမယ်။
Dr. 528