သာယာ စိုပြည်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ ကိုယ်ခန္ဓာကျန်းမာဖို့ သာမကဘဲ စိတ်ချမ်းသာဖို့ကလည်း အရေးကြီးပါတယ်။
အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည် လို့ဆိုရာမှာ ကိုယ်ကျန်းမာရုံသာ ရှိပြီး စိတ်မကျန်းမာခဲ့ဘူးဆိုရင် နေ့စဉ်လှုပ်ရှားဆောင်ရွက်တဲ့ နေရာမှာ တဖြည်းဖြည်း အခက်အခဲတွေနဲ့ ကြုံတွေ့လာရမှာ အမှန်ပါပဲ။
စိတ်သွားတိုင်းကိုယ်မပါ ဖြစ်မှာဆိုးတဲ့ အတွက် ကိုယ်မကျန်းမာတဲ့ အခါမှာ ဆေးတွေသောက်ကြတယ် … ဆရာဝန်တွေနဲ့ သွားပြကြတယ် …ဒါတွေဟာ လုပ်နေကြပါပဲ
ဒါပေမဲ့ ကျွန်မတို့ဟာ စိတ်ပါ မပါတော့ရင် ဘာဖြစ်လာနိုင်မယ်ဆိုတာကို သတိပြုဖို့တော့ မေ့နေတတ်ကြပါတယ်။
ကိုယ်ရဲ့ စိတ်မကျန်းမာတာကို စောစောမသိကြတဲ့အတွက် ပြန်ကောင်းလာဖို့ ဘာမှမလုပ်ကြသလို စိတ်ကျန်းမာရေးဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာကိုလည်း ရူးမှသာလုပ်ရတယ် ဆိုတဲ့ အထင်မှား အတွေးမှားတွေ ဝင်နေတတ်ကြပါတယ်။
ဒီနေ့ခေတ်မှာ စိတ်ကျန်းမာရေး နဲ့ ပတ်သတ်ပြီး အဖြစ်များတာတစ်ခုကတော့ စိတ်ဓာတ်ကျမှုပါပဲ။ အပြိုင်အဆိုင်တွေများလာတဲ့ ဒီခေတ်ကြီးမှာ လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေများလာတယ်။ ဒါကြောင့် ကိုယ်တောင်မသိလိုက်ဘဲ စိတ်ဓာတ်ကျရောဂါဟာ ကိုယ့်မှာစွဲကပ်လာတယ်။
စိတ်ဓာတ်ကျတာကို ရောဂါမဖြစ်နိုင်ဘူး လို့ ထင်ကြသူတွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာဟာ အစပိုင်းမှာတော့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို မထိခိုက်စေနိုင်ပေမဲ့ အရမ်းဆိုးလာတဲ့အခါမှာ အိပ်စက်အနားယူတာကို နှောင့်ယှက်တာ လုပ်ငန်းဆောင်ရွက်တာကို ထိခိုက်လာတဲ့ အပြင် အပြင်းစား စိတ်ကျရောဂါ စိတ်ရောဂါတွေ အထိဖြစ်နိုင်လာပါတယ်။
စိတ်ကျရောဂါဖြစ်နေပြီဆိုခဲ့ရင် ကိုယ့်ကိုယ်ကိုသတ်သေဖို့ အတွေးတွေအထိပါ ဝင်လာနိုင်ပါတယ်။
နိုင်ငံတကာမှာတော့ စိတ်ကျန်းမာရေးပညာဟာ ထွန်းကားလာတဲ့ ပညာရပ်တစ်ခု ပါပဲ။ ကိုယ့်ရဲ့ စိတ်မကျန်းမာဘူး စိတ်ဖိစီးမှုတွေများနေပြီ လို့ ထင်ရင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ သွားပြီး အချိန်ပေး တိုင်ပင်ဆွေးနွေးကြပါတယ်။
စိတ်ကျရောဂါဖြစ်လာပြီဆိုရင် ကိုယ်မှာအမြဲတမ်း ပင်ပန်းနွမ်းနယ်သလို ခံစားနေရမှာပဲ ဖြစ်ပါတယ်။ ဘယ်အရာမျိုးကိုပဲလုပ်လုပ် စိတ်မပါတော့ပဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြီး ပြရမှာ အမှန်ပါဘဲ။
ဒီလောက်တော့ မဟုတ်သေးဘူး စိတ်ဓာတ်ကျတာဟာ အစောပိုင်းလောက်ပဲ ရှိသေးတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ကြည့်လို့ ရပါတယ်။
၁။ အားလပ်ချိန်မှာ စာရေးစာဖတ်ကြည့်ပါ။
ကိုယ်ရဲ့ စိတ်ထဲမှာ ခံစားနေရတာကို အပြင်ကိုထုတ်ပြဖို့ အတွက် စာရွက်ပေါ်မှာ စာချရေးကြည့်ပါ။ ဒီနေရာမှာ စာရေးတဲ့အခါ ကိုယ့်ဘာသာ ဒိုင်ယာရီရေးတာမျိုးပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရေးကြည့်တာမျိုးကို ပြောတာ ဖြစ်ပါတယ် ။ နောက်တစ်ခုကတော့ ကိုယ်နဲ့သင့်တော်တဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ စာမျိုးတွေဖြစ်စေ၊ ကိုယ့်လို စိတ်ဓာတ်ကျ ဝေဒနာ အလားတူခံစားနေတဲ့ သူတွေ ဒါတွေကို ဘယ်လိုကျော်ဖြတ်သွားသလဲ ဆိုတာကို ရေးထားတဲ့ စာတွေကို အားလပ်ချိန်မှာ ဖတ်ကြည့်ပေးသင့်ပါတယ်။
၂။ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။
ဘယ်လောက်ပဲ ကိုယ်က ခံနိုင်ရည်စွမ်းကောင်းတယ်ဆိုဆို ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝဖြစ်စဉ်တွေ အလုပ်လုပ်ဖို့ အတွက် အနားယူဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲ အိပ်စက်အနားယူရမယ့် အချိန်တွေမှာပါ အလုပ်တွေလုပ်နေမယ်ဆိုရင်တော့ အချိန်ကြာလာတဲ့ အခါမှာ စိတ်ပျော်ရွှင်မှုမရှိတော့ဘဲ စိတ်ကျဝေဒနာတွေ ခံစားလာရနိုင်ပါတယ်။
၃။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ပုံမှန်လေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ်ကျန်းမာရေးအတွက် သာမကဘဲ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာ ဒါမှမဟုတ် ရှုခင်းကောင်းတဲ့နေရာမှာ လေ့ကျင့်ခန်းလေးလုပ်ပေးရင် စိတ်ကိုပျော်ရွှင်စေမှာ ဖြစ်သလို စိတ်ဓာတ်ခွန်အားကိုလည်း အထိုက်အလျောက် တက်စေနိုင်ပါတယ်။
၄။ လူအများနဲ့ ပေါင်းသင်းဆက်ဆံပါ။
ကိုယ့်ရဲ့ ခံစားချက်တွေကို ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ မိသားစုတွေ ရင်းနှီးသောအပေါင်းအသင်းတွေနဲ့ ဝေမျှမယ် ဖွင့်ထုတ်မယ်ဆိုရင် စိတ်ဖိစီးမှုတွေဟာ အထိုက်အလျောက်တော့ လျော့ကျသွားမှာပါပဲ။
နောက်တစ်ခုကတော့ ရင်းနှီးတဲ့သူတွေနဲ့ တစ်နှစ်တစ်ခါလောက် ခရီးသွားပေးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ပြီး စိတ်ပျော်ရွှင်မှုကိုဖြစ်စေပါလိမ့်မယ်။
၅။ ဘာသာတရား ကိုအားကိုးကြည့်ပါ။
ဘာသာတရားတွေကို လိုက်နာပြီး ဆုတောင်းတွေကိုယုံကြည်လိုက်တာဟာလည်း တစ်ခါတစ်ရံ တင်းကျပ်နေတဲ့ စိတ်ထွက်ပေါက်ကို လျော့ချပေးလိုက်နိုင်ပါတယ်။ ဘာသာ အဆုံးအမအတိုင်း လူတွေကို ခွင့်လွှတ်ပေးတတ်တာဟာလည်း စိတ်ကိုငြိမ်းချမ်းစေပါတယ်။
ဒါတွေကတော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် ကိုယ်တိုင်ကြိုးစားလုပ်ကြည့်လို့ရတဲ့ အရာတွေပါပဲ။
Dr မွှေး