ကခုန်ခြင်း နှင့် ကျန်းမာရေး
ခုနောက်ပိုင်း electronic တေးဂီတ ခေတ်စားလာတာ နဲ့ အမျှ လူငယ်တွေ လည်း ထိုတေးဂီတ နဲ့ အတူ ကခုန်ခြင်းကို နှစ်သက်လာတာကို တွေ့လာရပါတယ်။ အဲဒီတော့ ကခုန်ခြင်း ဟာကျန်းမာရေး အတွက် ဘယ်လို ကောင်းကျိုးတွေရှိ စေလဲ ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။
၁။ ကိုယ်အလေးချိန် ကျစေခြင်း
– သင်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်အလေးချိန်ချ ချင်တယ်၊ အားကစားလုပ်ဖို့လည်း အချိန်မပေးနိုင်ဘူး ဆိုရင်တော့ ကခုန်ခြင်း ဟာအကောင်းဆုံးနည်းလမ်း ပဲဖြစ်ပါတယ်။
– ဝတဲ့ သူ အတော်များများ အတွက် ဝိတ်ချ ရတာက အင်မတန် မှ စိတ်ပျက်ဖို့ ကောင်းပြီး ပင်ပန်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အစားအသောက် ဆင်ခြင်၊ လေ့ကျင့်ခန်း လုပ်သော်လည်း ထင်သလောက် ကိုယ်အလေးချိန် မကျ တဲ့ အခါ မှာ ငြီးငွေ့လာပြီး ဝိတ်လျှော့ဖို့ စိတ်ပျက်လာတာမျိုးတွေရှိလာတတ်ပါတယ်။ ထိုသို့သော သူများအတွက် ကခုန်ခြင်း ဖြင့် ပျော်စရာလည်း ကောင်းကာ စိတ်အပြောင်းအလဲ လည်းဖြစ်စေမှာ ဖြစ်ပါတယ်။
– ယေဘူယျ အားဖြင့် ပေါင် ၁၅၀ ရှိတဲ့ လူတစ်ယောက် အနေနှင့် ကခုန်ခြင်းဖြင့် တစ်နာရီကို ၂၄၀ ကယ်လိုရီ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အက အမျိုးအစားပေါ်မူတည်ပြီး တစ်နာရီကို ၂၀၀ ကယ်လိုရီ မှ ၅၀၀ ကယ်လိုရီ အထိ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။
– ရည်ရွယ်ချက် ရှိရှိ ကိုယ်အလေးချိန် လျှော့ချလိုလျှင်မှု ရံဖန်ရံခါ ကခုန်ခြင်းထက် ပုံမှန် အက အတန်းတစ်ခုခု တတ်ခြင်းဖြင့် လျှော့ချလျှင် ပိုထူးခြားမှာ ဖြစ်ပါတယ်။
၂။ ကြွက်သားများ သန်မာလာခြင်း
– ကခုန်ခြင်းဟာ မြန်ဆန်သော လှုပ်ရှားမှုများပါသော ကြောင့် ကြွက်သားများ အတွက် လေ့ကျင့်ခန်း သဘောမျိုးဖြစ်စေကာ ကြွက်သားများသို့ သွေးပို့လွှတ်မှု များစေသည့်အတွက် ကြွက်သားများသန်မာလာမှာဖြစ်ပါတယ်။
– သတိပြုရန်မှာ တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အလွန်အမင်း မရပ်မနား ကြာရှည်စွာ ကခုန်လျှင်မူ ကြွက်သားနာကျင်မှု များ ခံစားရနိုင်ပါတယ်။
၃။ ကိုယ်အနေအထားပျော့ပြောင်းလာခြင်း
– ကကွက်များတွင် ကိုယ်ဟန်အနေအထား ပျော့ပြောင်းစေရန် လုပ်ဆောင်ပေးသော လှုပ်ရှားမှုများ ပါဝင်သဖြင့် ကိုယ်အနေအထားပျော့ပြောင်းစေသည့်အပြင် ခန္တာကိုယ်ဟန်ချက် ကိုပါညီစေတာကို တွေ့ရပါတယ်။
– ထို့အပြင် အချို့သော အက သင်တန်းများ တွင် အကြောလျှော့ခြင်းပြုလုပ်ရသောကြောင့် ကြွက်သားများ တောင့်တင်းနေမှုကို အထိုက်အလျှောက် လျှော့ကျစေပါတယ်။
၄။ နှလုံးရောဂါ ဖြစ်စေနှုန်းလျှော့ချနိုင်ခြင်း
– ကခုန်ခြင်းမှာ နှလုံးလေ့ကျင့်ခန်း (cardiovascular exercise) တစ်ခု အနေဖြင့် လုပ်ဆောင်သော ကြောင့် နှလုံးခုန်နှုန်းမြင့်တက်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ သို့သော် နှလုံးရောဂါ အခံ ရှိသူများအတွက်မူ ပြင်းထန်သော ကခုန်ုခြင်း မျိုးမပြုသင့်ပေ။
၅။ မှတ်ဉာဏ်ကောင်းစေခြင်း
– သိပ္ပံ ပညာရပ်ဆိုင်ရာလေ့လာချက်များ အရ ကခြင်းသည် မှတ်ဉာဏ်အားကို မြှင့်တင်ကာ အသက်ကြီးသည့် အချိန်တွင် ဒီမန်းရှား (dementia) ရောဂါ ဖြစ်ခြင်းကို ကာကွယ်နိုင်တာကို တွေ့ရပါတယ်။ အက ကခြင်းသည် ဦးနှောက်ရှိ ဟစ်ပိုကမ်းပတ်စ်ကျုံ့ခြင်း ကို အတိုင်းအတာ တစ်ခုထိတားဆီးပေးနိုင်တာ ကို စမ်းသက်ချက်များအရ တွေ့ရှိရပါတယ်။
၆။. စိတ်ဖိစီး မှုကို လျော့ကျစေခြင်း
– သင် သည် နေ့စဉ် အလုပ်၊ ကျောင်းစာ စသည်တို့ ကြောင့် စိတ်ဖိစီးနေပါ သလား? သူငယ်ချင်း တွေ စုကာ သီချင်း ဖွင့် ပြီး ဖြစ်ဖြစ်၊ အကသင်တန်းသို့ သွား၍ ဖြစ်ဖြစ်၊ ဂီတ ပွဲတော် သို့သွား၍ ဖြစ်ဖြစ် ခေတ္တ ခဏ ကခုန်လိုက်ပါ။ သင့်၏ စိတ်ဖိစီး မှုများ ပမာဏ တစ်ခု အထိ လျော့ကျ သွားတာကို တွေ့ရပါလိမ့်မယ်။
၇။. စိတ်ဓာတ်ကျ ခြင်းကို သက်သာစေခြင်း
– အက ကခြင်းသည် စိတ်ကျရောဂါ သည်များအတွက်များစွာ အထောက်အကူ ပြုစေပါတယ်။ စမ်းသပ်မှုများ အရ စိတ်ကျဝေဒနာ ရှင်များ ကို အက က ခိုင်းတဲ့ အခါ စိတ်ကျခြင်း လက္ခဏာများ ကျဆင်းလာ ကြောင်း တွေ့ရှိရပါတယ်။ ထိုမျှသာ မက ဂီတ နှင့် အတူ ကခုန် ခြင်းဟာ အောတစ်ဆင် (autism) ရောဂါသည် များ နှင့် စကားထစ်ဝေဒနာ ရှင်များအား ကုသရာ တွင်လည်းကောင်းကျိုးရှိတာကို လည်းတွေ့ရှိရပါတယ်။
ဒါကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာ အောင် နေ့စဉ် ခေတ္တခဏ ကခုန်ကြပါစို့….
Dr.Z