ဖွားဖက်တော်မှာ ဖြစ်တတ်တဲ့ ကင်ဆာအကြောင်း
ဖွားဖက်တော်ကင်ဆာ သို့မဟုတ် လိင်တံကင်ဆာ ကို ဆေးပညာအရ Penile Cancer (Ca Penis) လို့ခေါ်ပါတယ်။ ဖွားဖက်တော်ကင်ဆာ သို့မဟုတ် လိင်တံကင်ဆာဟာ အဖြစ်နည်းတဲ့ ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။ အသက်ကြီးကြီး ငယ်ငယ် အမျိုးသားတိုင်း လိင်တံကင်ဆာ ဖြစ်နိုင်ချေရှိပြီး အထူးသဖြင့် အသက် ၅၀ ကျော် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
လိင်တံကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်းတိတိကျကျကိုတော့ မသိသေးပါ။ သို့သော် လေ့လာမှုတွေ သုတေသနရလဒ်တွေအရ လိင်တံကင်ဆာကို ဖြစ်နိုင်ခြေကိုများစေနိုင်တဲ့ အကြောင်းတွေကတော့
အသက်ကြီးလာတာ
ဆေးလိပ်သောက်တာ
အပျော်ပါးလိုက်စားတာ
တကိုယ်ရေသန့်ရှင်းရေးအားနည်းတာ
ဆီးပိုးခဏခဏဝင်ပြီး ဆီးပူဆီးကျင်ဆီးအောင့် ခဏခဏဖြစ်တာ
လိင်အင်္ဂါကြွက်နို့၊ရေယုန်ဖြစ်ဖူးတာ
အေအိုင်ဒီအက်ရောဂါ လို ကိုယ်ခံအားကျဆင်းတဲ့ရောဂါအခံတခုခုရှိတာ စတဲ့အကြောင်းအရာတွေပါ။
လိင်တံကင်ဆာဖြစ်ပြီဆိုပါက
လိင်တံအပေါ်အရေပြား သို့မဟုတ် လိင်တံအတွင်းထဲမှာ အနာ သို့မဟုတ် အလုံးအကျိတ်ဖြစ်တာ
ဖြစ်တဲ့ အနာ သို့မဟုတ် အလုံးအကျိတ် ၄ ပတ် (တလ) ကျော်ကြာသည်အထိ လျော့ပါးသက်သားခြင်းမရှိတာ
လိင်တံအရေပြားအရောင်ပြောင်းလာတာ
လိင်တံထိပ်ကနေ သွေးကျတာ၊ ပြည်လိုမျိုးအနံဆိုးတဲ့ အရည်ကျတာ
လိင်တံထိပ်အရေပြားက ထူလာပြီး နောက်ကိုဆွဲလို့မရတာ စသဖြင့် ရောဂါလက္ခဏာတွေခံစားရနိုင်တတ်ပါတယ်။
ဒီလက္ခဏာတွေဖြစ်တိုင်း စမ်းသပ်စစ်ဆေးတာတွေလုပ်မကြည့်ဘဲ လိင်တံကင်ဆာ ဖြစ်ပြီလို့ တထစ်ချပြောမရသေးပါ။
သို့သော် တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေရှိနေရင်တော့ အချိန်ဆွဲမနေဘဲ ခပ်မြန်မြန် ဆရာဝန်နဲ့ပြသပြီး အသားစယူစစ်ဆေးတာ (Biopsy) လုပ်ဖို့လိုပါတယ်။ စစ်ဆေးကြည့်လို့ ကင်ဆာဖြစ်နေတယ်ဆိုရင်တော့ စောစောစီးစီးကုသမှု ခံယူဖို့လိုပါတယ်။ စောစောကုသမှုခံယူပါက ကင်ဆာအဆင့်နိမ့်ပြီး တခြားလည်း ဘယ်မှမပျံ့သေးတဲ့အတွက် ကုသရလွယ်ပြီး အရှင်းပျောက်အောင်ကုသလို့ရပါတယ်။
ဒီလိုမဟုတ်ဘဲ ကုသဖို့အချိန်ဆွဲနေပါက အချိန်ကြာလာတာနဲ့အမျှ ကင်ဆာအဆင့်ဟာမြင့်သွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီလည်း ပံျ့နှံ့နိုင်ပါတယ်။ အဲ့အခါကျ ကုရခက်တဲ့အပြင် အရှင်းပျောက်ဖို့လည်းမလွယ်ပါဘူး။ လိင်တံကင်ဆာ သို့မဟုတ် လိင်တံကင်ဆာရဲ့ ကုသမှုအနေနဲ့ကတော့ ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းတာ၊ ဓါတ်ရောင်ခြည်ကုသတာ စတဲ့နည်းတွေရှိပါတယ်။ လိုအပ်ရင်လိုအပ်သလို နှစ်နည်းပေါင်းကုသတာလည်းရှိပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ လိင်တံကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းအောင် အပျော်ပါးမလိုက်စားပါနဲ့။ ဆေးလိပ်ရှောင်ပါ။ တကိုယ်ရည်သန့်ရှင်းရေးကိုအထူးအလေးထားပါ။ လိင်ဆက်ဆံပြီးတိုင်း အာသာဖြေပြီးတိုင်းမှာ မိမိအင်္ဂါကို ရေနဲ့သေချာဆေးပြီး အဝတ်သန့်နဲ့ခြောက်အောင်သုတ်ပါ။ ရေများများသောက်ပါ။ ဆီးများများသွားပါ။ ဆီးကိုသွားချင်ရက်နဲ့ အောင့်မထားပါနဲ့။ အတွင်းခံတွေကို သန့်သန့်ရှင်းရှင်းလျှော်ဖွတ်ပြီး မီးပူတိုက်ပါ။
Dr. 528