ငှက်သိုက်ရဲ့ ရာဇဝင်၊ အသုံးဝင်ပုံ နှင့် ကျန်းမာရေး
လူသားများကျန်းမာရေးအတွက် အထောက်ကူပြုဓါတ်စာတမျိုးဖြစ်သော တန်ဖိုးကြီးမားသော ဆေးဖက်ဝင်သော ငှက်သိုက်အခေါ် ငှက်အန်ဖတ် ကို ဇီဝဇိုးငှက်၊မိုးစာငှက်၊ပြီးလဲငှက်တို့မှ ရရှိနိုင်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ငှက်သိုက်ကို အများအားဖြင့် ဇီဝဇိုးငှက်ကနေပဲရလေ့ရှိပါတယ်။
ဇီဝဇိုးငှက်များရဲ့အန်ဖတ်ကနေဖြစ်လာသော ငှက်သိုက်ကို တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုတွေပေါ်မှာရှိတဲ့ ကျောက်လိုက်ဂူတွေထဲကနေ ရှာဖွေရရှိပါတယ်။
ဇီဝဇိုးငှက်များဟာ တခြားငှက်တွေလို သစ်ရွက်၊အမှိုက်စတာတွေနဲ့အသိုက်မလုပ်ဘဲ အာစေးတမျိုးကိုအန်ထုတ်ပြီး အသိုက်ပြုလုပ်ပါတယ်။
အသိုက်ပြုလုပ်တဲ့အခါမှာလည်း ဇီဝဇိုးငှက်အထီးကပဲ ပြုလုပ်ပေးလေရှိပါတယ်။မျိုးပွားရာသီရောက်ခါနီးအချိန်မှာ ဇီဝဇိုးငှက်အထီးဟာ အသိုက်ပြုလုပ်မယ့်နေရာကို ရွေးချယ်ပါတယ်။စိတ်ကြိုက်နေရာတွေ့ပြီဆိုရင် အဲ့နေရာမှာ အာစေးများကိုအန်ထုတ်လိုက်ပါတယ်။ ဇီဝဇိုးငှက်အထီးကနေအန်လိုက်တဲ့အာစေးဟာ လေနဲ့ထိပြီး အချိန်တခုကြာတဲ့အခါမာကြောခြောက်သွေ့သွားပါတယ်။
ဒီလိုမာကြောမခြောက်သွေ့ခင်မှာ ဇီဝဇိုးငှက်အထီးဟာ နှုတ်သီးနဲ့ အသိုက်ပုံစံရအောင်ဖော်ပါတယ်။မလောက်သေးရင်နောက်တကြိမ်ထပ်အန်ပါတယ်။ဒီလိုအန်လိုက် ပုံဖော်လိုက်နဲ့ နောက်ဆုံးမှာ ဇီဝဇိုးငှက်အမနဲ့ဥကပေါက်မယ့် ဇီဝဇိုးငှက်ပေါက်လေးတွေနေထိုင်ဖို့လုံလောက်တဲ့ ငှက်သိုက်လေးတခုကိုရရှိပါတယ်။
အများအားဖြင့် ဇီဝဇိုးငှက်ထီးများသည် လူသူမနီးသော ရေပတ်လည်ဝိုင်းနေသော ကျွန်းများပေါ်ရှိ အလွန်တရာမြင့်သော ကျောက်ဆောင်လှိုက်ဂူများရဲ့နံရံများ လှိုက်ဂူရဲ့မျက်နှာကျက်များ စတဲ့ လူသူရောက်ဖို့ခက်တဲ့နေရာများ မြင့်မားတဲ့နေရာများမှာ အသိုက်ဖွဲ့လေ့ရှိပါတယ်။
ဒါကြောင့်ရှေးယခင်ကဆိုလျှင် ငှက်သိုက်ကို ပင်လယ်ထဲမှာနေပြီးကျက်စားတဲ့ ပင်လယ်ပျော်မော်ကင်း ခေါ် ဆလုံတွေဆီကပဲ သူတို့လိုချင်တဲ့ပစ္စည်းနဲ့ငှက်သိုက် အလဲအလှယ်လုပ်ကာ ရရှိနိုင်ပါတယ်။
ဇီဝဇိုးငှက်ကို ဆလုံများက လံနော့ငှက်လို့ခေါ်ကြသည်။
ငှက်သိုက်ရရန် ဇီဝဇိုးငှက်ကလေးများဥပေါက်အရွယ်ရောက်ပြီးချိန်တွင် ငှက်သိုက်မုဆိုး(သို့မဟုတ်) ငှက်သိုက်ရှာဖွေသူများက ငှက်သိုက်ရှိနိုင်သော ရေပတ်လည်ဝိုင်းနေတဲ့ ကျောက်လိုက်ဂူများထဲသို့ ရေကူးပြီး ဝင်ရသည်။
လှိုက်ဂူထဲရောက်ပါက ငှက်သိုက်ရှိတဲ့နေရာဆီရောက်ရန် ဂူနံရံတွေကို ကြိုးများဖြင့်ခဲခဲယဉ်းယဉ်း တွယ်တက်ကြရသည်။
သဘာဝငှက်သိုက်ရှာရာတွင် အဖွဲ့လိုက်ညီညီညွတ်ညွတ်ရှာဖွေဖို့၊အချင်းချင်းရိုင်းပင်းကူညီဖို့လိုသည်။
အခုနောက်ပိုင်းမှာတော့ ငှက်သိုက်ကိုခဲခဲယဉ်းယဉ်းရှာဖွေဖို့မလိုအောင်
မြိတ်မြို့က တချို့အိမ်တွေ တိုက်ကြီးတွေမှာ လူမနေဘဲသော့ပိတ်ထားကြကာ ဇီဝဇိုးငှက် အော်သံအတုပြုလုပ်ထားသည့် စက်ကလေးတွေကို ထိုအိမ်တွေ၊တိုက်တွေရဲ့နံရံမှာမြုပ်ထားကြသည်။
ဒီလိုလုပ်ခြင်းဖြင့် ဇီဝဇိုးငှက်ကလေးတွေ အသိုက်လာဖွဲ့အောင် ဆွဲဆောင်ဖြားယောင်းကြသည်။
ဇီဝဇိုးငှက်ကလေးတွေကလည်း စက်ကထွက်လာတဲ့အော်သံအတုရဲ့ဆွဲဆောင်ဖြားယောင်းမှုကြောင့် စက်တပ်ထားတဲ့အိမ်တွေ၊တိုက်တွေမှာ တကယ်ပဲ အသိုက်လာဖွဲ့ကြပါတယ်။
ဒီလိုနဲ့အသိုက်ထဲက ဇီဝဇိုးငှက်ကလေးအရွယ်ရောက်လို့ အသိုက်ကိုစွန့်သွားတဲ့အခါမှာ ကျန်ခဲ့တဲ့ငှက်သိုက်ကို အလွယ်တကူရရှိပါတယ်။
သို့သော်လူသားတွေရဲ့လောဘကအတောသတ်နိုင်ဖို့မလွယ်ပါ။ငှက်သိုက်ဈေးက အရမ်းကောင်းပြီး ဝယ်လိုအားက တအားများတဲ့အတွက် ငှက်သိုက်ရှာသူ၊ အိမ်မှာတိုက်မှာ ငှက်ကလေးတွေလာအောင်စက်တပ်ပြီးငှက်သိုက်သိမ်းယူသူ အချို့က ဇီဝဇိုးငှက်ကလေးတွေအရွယ်ရောက်လို့ အသိုက်ကိုစွန့်သွားတဲ့အခါ ကျန်ခဲ့တဲ့ငှက်သိုက်ကို ရှာတာ သိမ်းယူတာတင်မဟုတ်တော့ဘဲ ဇီဝဇိုးငှက်အထီးအသိုက်ဆောက်လို့ပြီးခါစ ဇီဝဇိုးငှက်မတောင် ဝင်ဥမဥမရသေးတဲ့ ငှက်သိုက်တွေ၊ဥရှိနေပြီးအကောင်မပေါက်သေးတဲ့ငှက်သိုက်တွေ၊အကောင်ပေါက်သော်လည်းအရွယ်မရောက်သေးတဲ့ငှက်ကလေးတွေရှိနေတဲ့ငှက်သိုက်တွေကိုပါ ရှာတာ ယူတာတွေလုပ်လာကြပါတယ်။
ဒီအခါမှာ ကြာလာရင် ဇီဝဇိုးငှက်တွေမျိုးတုန်းလာတာဖြစ်လာနိုင်ပါတယ်။
အဲ့ဒီအတွက် မြန်မာနိုင်ငံရှိ ငှက်သိုက်ရသော နေရာများကို သစ်တောဌာနက အုပ်ချုပ်ကာ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ကိုထုတ်ပေးပြီး ဥပဒေများကို လည်း လိုအပ်သလိုထုတ်ပြန်ကာ ဇီဝဇိုးငှက်မျိုးမတုန်းအောင် ကာကွယ်ပေးထားပါတယ်။
ဝယ်လိုအားများပြီး အဖိုးထိုက်တန်တဲ့ ငှက်သိုက်ရဲ့ အကျိုးရှိပုံ၊ကျန်းမာရေးအထောက်အကူပြုပုံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ငှက်သိုက်ဟာ ပရိုတင်းဓါတ်ကြွယ်ဝပြီး အာဟာရဓါတ်များစွာပါဝင်ပါတယ်။
ကိုယ်ခံအားစနစ်ကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေကာ အအေးမိလွယ်ခြင်း၊ဖျားနာလွယ်ခြင်းမှ ကာကွယ်ပေးပါတယ်။
အရေပြားကိုလည်းအထောက်အကူပေးပါတယ်။အသားအရေကိုကြည်လင်ဝင်းပစေပြီး အိုမင်းခြင်းကိုနှောင့်နှေးစေပါတယ်။
မောပန်းနွယ်နယ်ခြင်းကို ပြေပျောက်စေကာ စိတ်ဖိအားကိုလည်းလျော့စေပါတယ်။
အလုပ်ပင်ပန်းစိတ်ပင်ပန်းလို့ကုန်ဆုံးသွားသော ခွန်အားများကိုလည်းပြန်လည်ပြည့်ဖြိုးစေပါတယ်။
အစာစားချင်စိတ်ပျောက်နေပါက အစာစားချင်စိတ်ကိုပြန်လည်ဖြစ်စေပါတယ်။
ရင်ဘတ်ထဲမှာပူနေတာမျိုးဆိုရင်လည်း ငှက်သိုက်သောက်ပေးခြင်းဖြင့် ရင်ကိုအေးမြစေနိုင်ပါတယ်။
ခွဲစိတ်ပြီး လူနာများ၊ဖျားနာနေသောလူနာများကိုလည်း မြန်မြန်နလန်ထစေပါတယ်။
ငှက်သိုက်ထဲမှာပါတဲ့ Sialic acid ဟာအာရုံကြောကောင်းဖို့နဲ့ ဦးနှောက်ကြည်လင်ပြီး မှတ်ဉာဏ်ကောင်းဖို့အထောက်အကူပေးပါတယ်။
တရုတ်ရိုးရာဆေးကျမ်းတွေမှာ ငှက်သိုက်ဟာ သွေးနဲ့အသက်ရှုလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေနိုင်တယ်လို့ ရေးထားတဲ့အတွက် တရုတ်လူမျိုးအတော်များများဟာ ငှက်သိုက်ကို အထူးနှစ်ခြိုက်စွာသောက်သုံးလေ့ရှိပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ငှက်သိုက်ကိုပုံမှန်စားသုံးပေးခြင်းဖြင့် ကုန်ဆုံးသွားသောအင်အားများပြန်လည်ပြည့်ဖြိုးနိုင်ခြင်း၊ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း၊ကိုယ်ခံအားကောင်းကာကျန်းမာကြံ့ခိုင်စေခြင်း၊အသားအရေတင်းရင်းဝင်းပစေကာ အရွယ်တင်စေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
Dr သီတာနွယ်(အမရပူရ)