သာယာမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကာကွယ်ဖို့ အလွှာကလေးပဲခြားကြစို့
သားဆက်ခြားခြင်းနှင့် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကာကွယ်ခြင်းဟာ ဇနီးမောင်နှံ၊ ချစ်သူစုံတွဲများအတွက် အရေးကြီးသော အရာတစ်ခုပါ။ ကွန်ဒုံးအသုံးပြုခြင်းဟာ အဆိုပါ အခြေအနေ နှစ်ရပ်လုံးကို လုပ်ဆောင်ပေးသော သားဆက်ခြားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတခေါက်မှာ အမျိုးသားကွန်ဒုံးအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
• အမျိုးသား ကွန်ဒုံးဆိုတာ ဘာလဲ?
ပါးလွှာသော Latex သို့မဟုတ် ပလတ်စတစ်တစ်မျိုး ဖြင့်ပြုလုပ်ထားသည့် လိင်အင်္ဂါတွင်စွပ်ကာ သုံးရသော သားဆက်ခြားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွန်ဒုံးအများစုဟာ Latex နဲ့ပြုလုပ်ထားပြီး အခုနောက်ပိုင်း latex နှင့် မတည့်သူများအတွက် polyurethane လို့ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးများလည်းရှိပါတယ်။
တိရိစ္ဆာန်မှရသော အမြှေးပါးဖြင့် ပြုလုပ်ထားသော ကွန်ဒုံးများရှိသော်လည်း အဆိုပါ အမျိုးအစားများမှာ ဈေးကြီးသည့်အပြင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဖြစ်နှုန်းကို လျှော့ချနိုင်စွမ်းမရှိပေ။
• ကွန်ဒုံးကို ဘယ်လိုသုံးရမလဲ?
ကွန်ဒုံးကို လိင်ဆက်ဆံမည့်အခါတိုင်း သုံးသင့်ပါတယ်။ ကွန်ဒုံးအသုံးမပြုခင် ကွန်ဒုံး၏ သက်တမ်းကုန်ဆုံးရက်၊ ကွန်ဒုံးအသစ် ဟုတ်မဟုတ် အရင်ဆုံးစစ်ဆေးသင့် ပါတယ်။
သက်တမ်းကျော်နေလျှင်၊ အခွံပေါက်ပြဲနေလျှင် လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါ။
ရှေးဦးစွာ ကွန်ဒုံးမပြဲစေရန် အထုတ်ဖေါက်ရာတွင် ဂရုတစိုက် ဖောက်သင့်ပါတယ်။ ကတ်ကြေးနှင့် ဖောက်ခြင်းကို ရှောင်သင့်ပါတယ်။
ထို့နောက် ကွန်ဒုံးထိပ်ရှိ လေအား အရင်ထုတ်သင့်ပါတယ်။ ပြီးလျှင် ကွန်ဒုံးထိပ်ကို လက်ညှိုး နှင့် လက်မဖြင့် ဖိကာ အမျိုးသား အင်္ဂါထိပ်တွင် စွပ်၍ အခြားလက်ဖြင့် ကွန်ဒုံး အလိပ်အား လိင်အင်္ဂါတလျှောက်ဖြည်ချပါ။ အမျိုးသား အင်္ဂါရင်း ထိဖြည်ချ ရမှာဖြစ်ပါတယ်။ ထို့နောက်လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်ပါတယ်။
အကယ်၍ ချောဆီအသုံးပြုမည်ဆိုပါက ကွန်ဒုံးမပျက်ဆီးစေရန် ရေကို အခြေခံသော ချောဆီသာ အသုံးပြုသင့်ပါတယ်။ ဆက်ဆံပြီး အမျိုးသား သုတ်ရည်ထွက်သွားသည့်အခါ လိင်အင်္ဂါ တောင်မတ်မှုကျန်နေချိန်အတွင်း ကွန်ဒုံးအရင်းမှကိုင်၍ ဂရုတစိုက်ဖြည်းညှင်းစွာ ချွတ်သင့်ပါတယ်။ ထို့နောက် ကွန်ဒုံးပေါက်၊မပေါက်ထပ်မံစစ်ဆေးသင့်ပါတယ်။ ပြီးလျှင် အသုံးပြုပြီးသည့် ကွန်ဒုံးအား သေချာထုပ်ပိုး၍ စနစ်တကျစွန့်ပစ်ရမှာ ဖြစ်ပါတယ်။
• ကွန်ဒုံးအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးဘာတွေရှိလဲ?
– လွယ်ကူသက်သာစွာရနိုင်ခြင်း
– သယ်ရလွယ်ခြင်း
– သုံးရလွယ်ခြင်း
– လွှင့်ပစ်နိုင်ခြင်း
– လိင်မှ ကူးစက်ရောဂါများအား ကာကွယ်နိုင်ခြင်း
– latex မတည့်သူများမှ အပ ဘေးထွက်ဆိုးကျိုးမရှိခြင်း တို့ဖြစ်ပါတယ်။
• ကွန်ဒုံးရဲ့ မကောင်းတဲ့ အချက်က ဘာတွေလဲ?
– ချော်ထွက်နိုင်ခြင်း
– ပြဲနိုင်ခြင်း
– လိင်ဆက်ဆံရာတွင် သာယာမှုအပြည့်အဝမရခြင်း
– အမျိုးသားသုတ်ရည်ထွက်ပြီးသည်နှင့် ချက်ခြင်းထုတ်ရခြင်း
– တစ်ခု လျှင်တစ်ခါ သာသုံးနိုင်ခြင်း တို့ဖြစ်ပါတယ်။
• ဘာကြောင့် ကွန်ဒုံးပြဲနိုင်လဲ?
– ကွန်ဒုံး သက်တမ်းလွန်နေလျှင်
– အလွန်ပူသောနေရာတွင်သိမ်းထားလျှင်
– ချောဆီနည်းလျှင်
– ချောဆီအမျိုးအစားမှားလျှင် (ဆီအခြေခံသော ချောဆီသုံးမိလျှင်)
– ကွန်ဒုံး အရမ်းသေးလျှင် ပြဲနိုင်သောကြောင့် သတိထားသင့်ပါတယ်။
• ဘယ်လို အခြေအနေကြောင့် လိင်ဆက်ဆံချိန် ကွန်ဒုံးကျွတ်နိုင်သလဲ?
– ကွန်ဒုံးသည် အမျိုးသားတန်ဆာ ထက်လွန်စွာကြီးနေလျှင်
– လိင်အဂါၤ ထောင်မတ်မှု နည်းချိန်တွင် ကျွတ်တတ်ပါတယ်။
• ကွန်ဒုံး ပြဲလျှင်၊ ကျွတ်လျှင် အရေးပေါ်သန္ဓေသားဆေး သောက်သုံး၍ သားဆက်ခြားနိုင်ပါတယ်။
• ကွန်ဒုံး အသုံးပြုခြင်းဖြင့် မတော်တဆ ကိုယ်ဝန်ရနှုန်းမှာ တစ်နှစ်အတွင်း ကွန်ဒုံးအသုံးပြုခြင်းစနစ်ကို သုံးသည့် အမျိုးသမီး ၁၀၀ တွင် ၂ယောက် ၅ ယောက်ထိသာ ရှိသည်အထိ သန္ဓေတားနိုင်စွမ်းရှိပါတယ်။ ထို့အပြင် လိင်ကူးဆက်ရောဂါ အတော်များများ ကိုလည်းတားနိုင်သောကြောင့် ကွန်ဒုံးကို မမေ့မလျော့ နည်းစနစ်မှန်မှန်ဖြင့် အသုံးပြုသင့်ပါတယ်။
Dr. Z