မျက်စိကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ နည်းလမ်းများ
ဘဝမှာ အောင်မြင်ဖို့ အတွက် မျက်လုံးနှစ်လုံးဟာ မရှိမဖြစ် အရေးပါပါတယ်လို့ တစ်ထစ်ချ မဆိုနိုင်ပေမဲ့ မျက်လုံးနှစ်လုံး မကောင်းတဲ့ အခါမှာ အခက်အခဲ အများကြီး ရှိလာနိုင်မယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းကျမယ် မထင်ပါဘူး။ သင့် ခန္ဓာကိုယ် မှာ ရှိတဲ့ တစ်ခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ မျက်လုံးဟာလည်း ပျက်စီးယိုယွင်းမှုတွေ ရှိနိုင်တဲ့ အတွက် ဒီ အဖိုးတန် မျက်လုံးနှစ်လုံးကို မပျက်စီးအောင် ထိန်းသိမ်းရမှာ ကတော့ ကိုယ့်တာဝန်ဖြစ်ပါတယ်။
မျက်လုံးမှာ အသက်ကြီးရင် ရောဂါတွေ ဖြစ်လာနိုင်သလို မျက်လုံးကို လွန်လွန်ကြူးကြူး အပြင်းအထန် အသုံးပြုတာဟာလည်း အမြင်အာရုံကို ပျက်စီးလွယ်စေမဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီနေ့တော့ သင့်ရဲ့ တစ်သက်တာလုံးအတွက် အရေးပါတဲ့ မျက်လုံးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပေးသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။
၁) မျက်စိအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာများကို စားပါ။
အစားအသောက်ကောင်းကောင်းစား တာကလည်း မျက်စိကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်တဲ့။ ဘာတွေပါသလဲ မေးတယ်ဆိုရင်တော့ Omega 3 ၊ Vitamin C နဲ့ E ၊ lutein နဲ့ zinc ဓာတ်တွေပါတယ်လို့ ပြာရပါမယ်။ ဒီဓာတ်တွေကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဆော်လမွန် တူနာ နဲ့ ကျန်းမာတဲ့ အဆီဓာတ်များများပါတဲ့ ငါးတွေ ၊ ဥတွေ အခွံမာသီးတွေ ပဲတွေ နဲ့ အသားဓာတ်ပါတဲ့ အစားအစာတွေ ၊ လိမ္မော်သီး အစရှိတဲ့ အချဉ်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ၊ ဂုံး ကမာ အစရှိတဲ့ ပင်လယ်စာအစားအသောက် အချို့ ကို စားပေးရင် ရမှာပဲ ဖြစ်တယ်။ ဒီအစားအသောက်တွေကို စားပေးမယ်ဆိုရင်တော့ အသက်ကြီးတဲ့ အခါမှာ ဖြစ်လာတတ်တဲ့ အတွင်းတိမ်ရောဂါ နဲ့ မျက်လုံးပျက်စီးတာတွေကို အတန်အသင့် လျော့ချပေးနိုင်ပါတယ်။ Vitamin A ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Vitamin A ချို့တဲ့ တဲ့အခါ ညဘက်အမှောင်ထဲမှာ မမြင်ရတဲ့ (Night blindness) ကိုခံစားရမှာ ဖြစ်သလို ဒီထက်ပိုဆိုးလာခဲ့ရင် မျက်လုံး လုံးဝ အမြင်မရတော့တဲ့ အထိ ဖြစ်သွားနိုင်လို့ပါပဲ။
သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတာ ဟာလည်း သွေးချိုကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိပျက်စီးမှုတွေ မျက်လုံးမှာ အာရုံကြောစနစ်ပျက်စီးမှု တို့ကို လျော့ချပေးဖို့ အတွက် အကူအညီ တစ်ခုပါပဲ။
၂) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ အလွန်ကို များလှပါတယ်။ ဒါကြောင့် ဆေးလိပ်ဟာ မျက်လုံးကို ပျက်စီးစေတဲ့ အကြောင်းတစ်ခုပါလို့ ပြောတာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် အတွင်းတိမ် အပါအဝင် မျက်လုံးကိုပျက်စီးစေတဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို ကာကွယ်ဖို့အတွက် ဆေးလိပ်မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၃) နေပူထဲ သွားတဲ့ အခါ နေကာမျက်မှန်တပ်ပါ။
နေရောင်ခြည်ထဲ မှာ ပါဝင်တဲ့ UV Rays တွေဟာလည်း အသားအရည်ကို သာမက မျက်စိကိုပါ ပျက်စီးစေနိုင်ပါတယ်။ နေပူထဲ အမြဲသွားနေရရင်တော့ မျက်လုံး ပျက်စီးနိုင်ချေဟာ အလွန်ကို များပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းလမ်းလျှောက်တဲ့အခါ ကားမောင်းတဲ့အခါ ဒါမှမဟုတ် ပင်လယ်ကမ်းခြေတွေကို သွားရောက်တဲ့ အခါမှာ ကိုယ်အသားအရေမပျက်စီးအောင် ကာကွယ်ဖို့ suncream တွေလိမ်းသွားသလို မျက်လုံးကိုကာကွယ်ဖို့လည်း နေကာမျက်မှန်တစ်လက်ကို ယူသွားသင့်ပါတယ်။
၅) လိုအပ်တဲ့ အခါ မျက်လုံးအကာအကွယ်ကို အမြဲ အသုံးပြုပါ။
ကိုယ်အလုပ်လုပ်တဲ့နေရာ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ တစ်ခါတစ်ရံ မျက်လုံးကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ မျက်စိကို အကာအကွယ်ပေးနိုင်မဲ့ မျက်လုံးအကာအကွယ်ကို မမေ့သင့်ပါဘူး။
၆) ကွန်ပြူတာ နဲ့ ဖုန်းတွေကို အချိန်တစ်ခုထက်ပိုပြီး မကြည့်သင့်ပါဘူး။
ကွန်ပြူတာ နဲ့ အကြာကြီး အလုပ်လုပ်ရတဲ့သူတွေ မှာ မျက်လုံးဝါးတာတွေ နာတာတွေ ခေါင်းကိုက်တာ ဇက်ကြောတက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခါမှာ ခဏတဖြုတ်နားတာမျိုးကို ပြုလုပ်ပေးရပါမယ်။ ဖုန်း မျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်ပြီး ဂိမ်းဆော့တာ ရုပ်ရှင်ကြည့်တာတွေဟာလည်း မျက်လုံးကို ပျက်စီးစေတာအမှန်ပါပဲ။ ကိုယ့်မျက်လုံး ကို ဂရုစိုက်မယ်ဆိုရင်တော့ ဒါတွေကို အကြာကြီးမလုပ်မိဖို့ လိုပါလိမ့်မယ်။
ကျန်းမာတဲ့ မျက်စိအမြင်အာရုံကို ပိုင်ဆိုင်နိုင်ကြပါစေ။
Dr.