တားဆေးတစ်မျိုးထဲ တောက်လျှောက်သုံးတာ ဘာပြဿနာရှိလဲ
ယခင်အချိန်များက သားဆက်ခြားနည်းများနှင့် ပတ်သတ်လျှင် တိုးတိုးတိတ်တိတ် တိုင်ပင်ဖွယ်ရာ ကိစ္စရပ်များသဖွယ်သာ သဘောထားခဲ့ကြပြီး မှန်ကန်ထိရောက်သော နည်းလမ်းများကို အသုံးမပြုခဲ့ကြသဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းများ တွေ့ကြုံကြရပြီး မိသားစုရည်မှန်းချက်များ အလှမ်းဝေးခဲ့ကြသည်။
သို့ရာတွင်လည်း ယနေ့ခေတ် အချိန်တွင် ပညာရေးအဆင့်အတန်းများ မြင့်မားလာခြင်း၊ နည်းပညာများ မြင့်မားလာခြင်းနှင့်အတူ သားဆက်ခြားနည်းများနှင့်ပတ်သတ်၍ ရွေးချယ်စရာများ များလာပြီး မိမိအတွက် သင့်တော်သောနည်းလမ်းများကို လွယ်ကူစွာ ရွေးချယ်အသုံးပြု လာနိုင်ပြီဖြစ်သည်။
သို့ရာတွင်လည်း အချို့သော အိမ်ထောင်ရှင်အမျိုးသမီးများအနေနှင့် သားဆက်ခြားရန်အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်/ သူနာပြု/ သားဖွား ဆရာမများနှင့်တိုင်ပင်၍ မိမိနှင့် သင့်တော်သောနည်းစနစ်ကို အသုံးပြုနေခြင်းထက် လက်လှမ်းမီရာ နည်းလမ်းများကိုသာ အသုံးပြုနေကြဆဲဖြစ်နေသည်။
နည်းစနစ် မှန်ကန်စွာ အသုံးပြုမှုမရှိခြင်းနှင့် မိမိ၏ လက်ရှိကျန်းမာရေးအခြေအနေနှင့် သင့်တော်သော နည်းလမ်းများ အသုံးပြုမှုမရှိခြင်းများ ရှိနေဆဲဖြစ်သလို မလိုအားအပ်ပဲ သားဆက်ခြားနည်း တနည်းတည်းကိုသာ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းများ (ဥပမာ – ၃လခံဆေးတမျိုးတည်းကို နှစ်ပေါင်းများစွာထိုးနှံနေခြင်းမျိုး) ရှိနေကြဆဲ ပင်ဖြစ်သည်။
မကြာမီအိမ်ထောင်ပြုတော့မည့်သူများသာမက လက်ရှိအိမ်ထောင်ရှင်များပါ သားဆက်ခြားနည်းများ အသုံးပြုတော့မည်ဆိုလျှင် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အချက်တခုမှာ အချိန်မည်မျှ ကြာကြာ သားဆက်ခြားလိုသနည်း ဟူသည့် အချက်ပင်ဖြစ်သည်။
ယခုမှအိမ်ထောင်စကျသော စုံတွဲများအနေနှင့် မကြာမီအချိန်တွင် သားသမီး ယူရန်အစီအစဉ်ရှိလျှင် အကာအကွယ် အသုံးပြုခြင်းနှင့် ဟော်မုန်းပါသောသောက်ဆေး (လက်ညှိုးထိုးကတ်) ကဲ့သို့သော သားဆက်ခြား နည်းလမ်းကိုသာ စတင်၍ အသုံးပြုသင့်သည်။
၃လခံဆေးထိုးခြင်းကို အချိန်ကြာမြင့်စွာ အသုံးပြုမိလျှင် သားသမီး ပြန်လည်ရယူလိုသော အချိန်များတွင် သတ်မှတ်ထားသော အချိန်ထက်ပို၍ အချိန်ကြာမြင့်စွာ စောင့်ရခြင်းမျိုးဖြစ်ပွားနိုင်သဖြင့် ဂရုပြုဆင်ခြင်သင့်သည်။
နို့တိုက်မိခင်များအနေနှင့် ကလေးရရှိနိုင်ရန် အခွင့်အလမ်း နည်းသော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သဖြင့် သားဆက်ခြားထားရန်လိုသည်။ အချို့သော ဟော်မုန်းဓာတ်ပါသည့် သားဆက်ခြားဆေးများအနေနှင့် မိခင်၏ နို့ရည်မှတဆင့် ကလေးဆီသို့ရောက်သွားနိုင်ကာ ကလေးတွင် ဟော်မုန်းကြောင့်ဖြစ်သောလက္ခဏာများ ခံစားရနိုင်သဖြင့် မိမိသဘောဖြင့် မိမိ သားဆက်ခြားဆေးများ သောက်သုံးခြင်းကို ရှောင်ကျဉ်ရမည်။
ပထမကလေးမွေးပြီးလျှင်လည်း (အထူးသဖြင့် ခွဲမွေးထားသော နို့တိုက်နေဆဲ မဟုတ်သည့် မိခင်များ) နောက်ထပ် အနည်းဆုံး နှစ်နှစ်ခန့်ခြားပြီးမှ သားသမီး ပြန်လည်ရယူရန် သင့်သဖြင့် အဆိုပါအချိန်မျိုးတွင် မတော်တဆ ကိုယ်ဝန်ရရှိခြင်း မဖြစ်စေရန်အတွက် ပုံမှန်သောက်ရသော သောက်ဆေးများထက် ၃ လခံဆေးထိုးခြင်း၊ လက်မောင်း အတွင်းထည့် ပစ္စည်းထည့်ခြင်းနှင့် သားအိမ်အတွင်းထည့်ပစ္စည်းထည့်ခြင်း စသည်တို့ကိုလုပ်ဆောင်သင့်သည်။
အဝလွန် အမျိုးသမီးများနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ခံစားနေရသည့် အိမ်ထောင်ရှင်မများအနေနှင့် သားဆက်ခြားရာတွင် အကာအကွယ်သုံးခြင်း၊ ဟော်မုန်းတမျိုးတည်းပါသော သောက်ဆေးများ၊ ၃ လခံ ထိုးဆေးနှင့် လက်မောင်း အတွင်းထည့်ပစ္စည်း၊ သားအိမ်အတွင်းထည့်ပစ္စည်းများစသည်ဖြင့် အသုံးပြုနိုင်သည်။
ဟော်မုန်းနှစ်မျိုး ပေါင်းစပ်ထားသည့် တားဆေးများ (သောက်ဆေး) အသုံးပြုမိလျှင် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားရန် ပိုမိုအခွင့်အလမ်းများနိုင်သလို မလိုလားအပ်ပဲ ကိုယ်ဝန်ရရှိခြင်း ဖြစ်ပွားနိုင်သဖြင့် ဂရုပြုဆင်ခြင်သင့်သည်။
သားသမီး ၄ ဦးနှင့်အထက်ရှိပြီး ကလေးထပ်မံမလိုချင်တော့သော မိသားစုများနှင့် ကျန်းမာရေးအခြေအနေအရ ကိုယ်ဝန်ဆောင်ရန်မသင့်တော်သူများ (ဥပမာ – ပြင်းထန် နှလုံးအဆို့ရှင်ရောဂါ ခံစားနေရသူများ) အနေနှင့် သောက်ဆေး၊ ထိုးဆေးကဲ့သို့သော သားဆက်ခြားနည်းလမ်းများကို အသုံးပြုရန် စဉ်စားနေခြင်းထက် သားကြောဖြတ်ခြင်း နည်းလမ်းကို နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ပြီး ပြုလုပ်သင့်သည်။ သားကြောဖြတ်ရာတွင်လည်း ယောက်ျား/မိန်းမ အဆင်ပြေသည့် တဦးဦးသာ ပြုလုပ်ရန်လိုပြီး မတော်တဆ ကိုယ်ဝန်ရသွားနိုင်ခြေ နည်းသဖြင့် ရွေးချယ်သင့်သည့် နည်းလမ်းတခုဖြစ်သည်။
မိဘမျိုးရိုးအတွင်း မီးယပ်နှင့်ဆိုင်သော ကင်ဆာများ ဖြစ်ပွားခံစားဖူးသော ရောဂါ ရာဇဝင်ရှိသည့် အိမ်ထောင်ရှင်များအနေနှင့် သားဆက်ခြားရန်အတွက် နားလည် တတ်ကျွမ်းသော သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်သလို မီးယပ်နှင့် ဆိုင်သော ပြဿနာများနှင့်ပတ်သတ်၍ လိုအပ်သော စစ်ဆေးကုသမှုများ ပုံမှန်ပြုလုပ် ရန်လည်းလိုသည်။
သားဆက်ခြားနည်းလမ်းများတွင် မည်သည့်နည်းမျှ ရာနှုန်းပြည့် စိတ်ချရသည် မရှိပဲ အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြသည်သာ ဖြစ်သည်။ မိမိ၏ အသက်အရွယ်၊ သားသမီးအခြေအနေ၊ စီးပွားရေးအခြေအနေနှင့် ကျန်းမာရေး အခြေအနေများအရ သားဆက်ခြားရန်အတွက် စဉ်းစားမည်ဆိုလျှင် အထက်ဖော်ပြပါ နည်းလမ်းများအပေါ် အခြေခံ၍ စဉ်းစားထားသင့်သည်။
အချို့သော နာတာရှည်ရောဂါ ခံစားနေရသည့် အိမ်ထောင်ရှင်များအနေနှင့် မိမိနှင့် သင့်တော်သော သားဆက်ခြားနည်းလမ်းကို နားလည်တတ်ကျွမ်းသော ဆရာ/သူနာပြုများနှင့် တိုင်ပင်ပြီးမှသာ သင့်တော်သော နည်းလမ်းကို အသုံးပြုသင့်ကြောင်း အကြံပြု ပြောကြားလိုသည်။
မိမိနှင့်သင့်တော်သော သားဆက်ခြားနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင် ကြပါစေ။
Dr. တင့်တယ်